ဧပြီလ ၁၂ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ဝါရင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မှူးတစ်ဦး ဖြစ်သူ ၂၄ တပ်ရင်း၏ တပ်ရေး ဗိုလ်ကြီး(တပ်ရုံးထိုင်မှူး) ဗိုလ်ကြီး မန်းခွန်လောင်းရီသည် ယနေ့ (ဧပြီ ၁၂) နံနက် ၅ နာရီကျော်ခန့်တွင် သွေးတိုးရောဂါဖြင့် ကွယ်လွန်သွားကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။
အသက် (၆၁) အရွယ်ရှိပြီးဖြစ်သည့် စခွန်လောင်းရီ ယနေ နံနက် ၅ နာရီကျော်ခန့်တွင် ၎င်း၏ ရောဂါအခံဖြစ်သည့် သွေးတိုးရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူ KNLA တပ်မှူးတစ်ဦးက ကေအိုင်စီသို့ ယခုလိုပြောသည်။
“မနက် ၄နာရီက ကျနော့်ကို သူများလာခေါ်တဲ့အချိန်က အသက်ရှိသေးတယ်။ ဆေးခန်းကိုခေါ်သွားတော့ ၅ နာရီ ၁ဝမိနစ်လောက်မှာ ဆုံးသွားတယ်။ သူ့မှာက သွေးတိုးရောဂါအခံရှိတော့ သူမဆုံးခင်မှာ ဆရာမကို စမ်းသပ်ခိုင်း ကြည့်တော့ အပေါ်သွေးက ၂၂ဝ အောက်သွေးက ၁၂ဝ လောက်ရှိတော့ သူလည်းမခံနိုင်တော့လို့ ဖြစ်မယ်” ဟု ကေအိုင်စီသို့ပြောသည်။
မြစ်ဝကျွန်းပေါ်ဒေသရှိ ကရင့်တော်လှန်ရေး နယ်မြေများကို လက်လွှတ်ဆုံး ရှုံးလိုက်ရပြီးနောက် ၁၉၈၃ ခုနှစ်တွင် ပဲခူးရိုးမသို့ ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ရာတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။ သူသည် နာမည်ကြီး အောင်တံခွန် စစ်ဆင်ရေးကို ရင်ဆိုင်ခဲ့ရပြီး ဖမ်းဆီးခံလိုက်ရကာ အင်းစိန်ထောင်၌ (၂)နှစ်ခွဲ ထောင်ကျခံခဲ့သည်။ ထိုနောက် ပြန်လွှတ်လာခဲ့ပြီးနောက်ကော်သူးလေ နယ်မြေသို့ တဖန်ပြန် လည်ဝင်ရောက်လာ၍ တာဝန်ထမ်းဆောင်ရင်း ယခုလို ကွယ်လွန် သွားခြင်းဖြစ်သည်။
ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မဒေါ့ချောင်း(ထီသရှ ) ကျေးရွာ ဇာတိဖြစ်သူ ဗိုလ်ကြီး မန်းခွန်လောင်းရီ သည် ၁၉၇၉ ခုနှစ်၊ အသက် (၁၈)နှစ် ဝန်းကျင်မှစ၍ ကရင့်တော်လှန်ရေးလှုပ်ရှားမှုထဲသို့ တပ်သားအနေဖြင့် စတင်ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ပြီး တိုက်ပွဲပေါင်းများစွာပါဝင် ဆင်နွှဲခဲ့ဖူးသူဖြစ်သည်။ တော်လှန်ရေးအပေါ် ခံယူချက် ပြင်းထန်သူတစ်ဦးအဖြစ် ရဲဘော်ရဲဘက်အကြား အသိအမှတ်ပြုခံထားရသူ တစ်ဦးလည်းဖြစ်သည်။
အမည်မဖော်လိုသူ KNLA ဗိုလ်မှူးချုပ် တစ်ဦးက “သူက တိုင်းပြည်နဲ့ လူမျိုးအတွက် အားကြိုးမာန်တက် လုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်တယ်။ သူက ၁၉၈၃ မှာ ပဲခူးရိုးမကို ပြန်ဆင်းသွားပြီး အဖမ်းခံရတယ်၊ ထောင်ကျတယ်၊ ပြီးတော့ ပြန်တက်လာတယ်” ဟု ကေအိုင်စီ သို့ပြောသည်။
၎င်း၏ ဈာပန အခမ်းအနာကို လာမည့် ဧပြီလ ၁၄ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဗိုလ်ကြီး မန်းခွန်လောင်းရီသည် အိမ်ထောင်မရှိသူ တစ်ဦးဖြစ်သည်။



















