Home သတင်း KNU အမည်ခံ ကိုယ်ကျိုးရှာ‌နေသူများနှင့်စပ်လျဉ်း၍ KNU ရှင်းလင်းချက်ထုတ်ပြန်

KNU အမည်ခံ ကိုယ်ကျိုးရှာ‌နေသူများနှင့်စပ်လျဉ်း၍ KNU ရှင်းလင်းချက်ထုတ်ပြန်

1560

မတ်လ ၁၇ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

လူမှုကွန်ရက်‌ပေါ်တွင် ပျံ့နှံ့‌နေသည့် KNU-ကရင်အမျိုးသားအစည်းအရုံး၏ အမည်ကိုတိုက်ရိုက်အသုံးပြု၍ ကိုယ်ကျိုးရှာ‌နေသူများနှင့် ပတ်သက်ပြီး KNU ဗဟိုမှ ယ‌နေ့ (မတ် ၁၇ ရက်‌နေ့)ရက်စွဲဖြင့် ရှင်းလင်းချက်တစ်‌စောင် ထုတ်ပြန်လိုက်သည်။

မတ်လ ၁၁ ရက်‌နေ့ခန့်က လူမှုကွန်ရက်‌ပေါ်တွင်ပျံ့နှံ့ခဲ့သည့် ရန်ကုန်မြို့ ၊သာ‌ကေတတွင် ဖြစ်‌ပေါ်ခဲ့‌သော KNU နာမည်ကို အသုံးပြု၍ ‌စောဩဂတ်စ် ဆိုသူမှ လူသစ်စု‌ဆောင်းခြင်းနှင့်ပတ်သက်ပြီး ၎င်း‌စောဩဂတ်စ် ဆိုသူမှာ ၎င်းတို့ နှင့် လုံးဝ သက်ဆိုင်မှုမရှိ‌ကြောင်း KNU ဗဟိုမှ ၎င်းတို့၏ပြန်ကြား‌ရေးဌာန လူမှုစာမျက်နှာတွင် ထုတ်ပြန် ‌ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ‌စောဩဂတ်စ် ဆိုသူသည် ‌တောင်ငူ ‌ဒေသတွင် KNU အမည်ကို အသုံးပြု၍ လူမှု‌ရေး၊ စီးပွား‌ရေး ပြဿနာများကို ဖန်တီးလုပ်‌ဆောင်‌နေသူတစ်ဦးဖြစ်‌ကြောင်း၊ သာ‌ကေတမြို့နယ်တွင် KNUအတွက် လူသစ် စု‌ဆောင်း‌နေ‌ကြောင်း လိမ်လည်လုပ်‌ဆောင်‌နေခြင်းဖြစ်သည်ဟု KNUက ဆိုသည်။

KNU အ‌နေဖြင့် အဖွဲ့ဝင်သစ်များလက်ခံ‌ဆောင်ရွက်ခြင်းကို အစည်း အရုံး၏ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနှင့်အညီ စနစ်တကျ တာဝန်ရှိသူများကိုသာ တရားဝင် စီစဉ်‌ဆောင်ရွက်ခိုင်းခြင်းသာဖြစ်‌ကြောင်း KNU၏ ထုတ်ပြန် ရှင်းလင်းချက်၌ ‌ဖော်ပြထားသည်။

အလားတူ လုပ်ရပ်များကို ဆက်လက်လုပ်‌ဆောင်ပါက KNU အ‌နေဖြင့် ထိ‌ရောက်စွာ အ‌ရေးယူသွား မည်ဖြစ်သလို ၎င်း၏ လုပ်ရပ်များကို ‌ရှောင်ရှားနိုင်ရန်အတွက်လည်း အများပြည်သူများအ‌နေဖြင့် အထူးသတိပြု‌စေလို‌ကြောင်းလည်း KNUက သတိ‌ပေး‌ပြောဆိုထားသည်။

ထို့အပြင် KNU နှင့်ပတ်သက်ပြီး တရားဝင် သတင်းအချက်အလက်များကို သိရှိနိုင်ရန်အတွက် ဝင်‌ရောက်ဖတ်ရှုနိုင်မည့် သတင်း အရင်း အမြစ် ဝက်ဘ်ဆိုက် နှင့် လူမှုကွန်ရက် စာမျက်နှာများ၏ အမည်နှင့် Link များကိုလည်း ယ‌နေ့ ထုတ်ပြန်ချက်တွင် တစ်ပါတည်း‌ဖော်ပြ‌ပေးထား‌ကြောင်း‌တွေ့ရသည်။

လတ်တ‌လော စစ်အာဏာသိမ်းမှုနှင့် စစ်‌ကောင်စီ အကြမ်းဖက်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များအ‌ပေါ် သည်းမခံနိုင်ကြသည့် လူငယ်များအ‌နေဖြင့် ပြန်လည်ခုခံကာကွယ်ရန်အတွက် KNU အဖွဲ့ဝင်များအဖြစ် ဝင်‌ရောက်လို ကြ‌ကြောင်း KNU သတင်းစာမျက်နှာများတွင် ဝင်‌ရောက် မှတ်ချက်‌ပေးစုံစမ်းမှု အများအပြာ‌တွေ့ မြင်‌နေရပြီး ၎င်းအ‌ပေါ် သက်ဆိုင်ရာအဖွဲ့အစည်း မဟုတ်သည့် လူပုဂ္ဂိုလ်များမှ ပြန်လည်တုံ့ပြန်‌ဖြေကြားမှုများ၊ ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များကိုမှတ်ချက်‌ပေးထားမှု များကိုလည်း ‌တွေ့ရသည်။

အလားတူ “သင့်အား KNU မှ အလိုရှိသည်” ဟူသည့် စာသားများဖြင့် အွန်လိုင်း‌ပေါ်တွင် လူသစ်စု‌ဆောင်း‌နေသည့် သတင်းနှင့်ပတ်သက်၍ လည်း သတင်းအမှားများသာဖြစ်‌ကြောင်း ကရင်အမျိုးသား လွတ် ‌မြောက်‌ရေးတပ်မ‌တော်(KNLA)မှ ပြီးခဲ့သည့် မတ်လ (၉)ရက်‌နေ့ကလည်း အသိ‌ပေးထုတ်ပြန်ထားမှု ပြုလုပ်ခဲ့‌သေးသည်။