မတ်လ ၁၇ ရက် ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့က ခန့်အပ်ထားသည့် ယာယီ ဒုသမ္မတ မန်းဝင်းခိုင်သန်းအား မြဝတီခရိုင်တရားရုံးတွင် နိုင်ငံတော်ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၂၂(၁)ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
ဒုသမ္မတ မန်းဝင်းခိုင်သန်းသည် မတ်လ ၁၃ ရက်နေ့က လူမှုကွန်ရက်ပေါ်တွင် နိုင်ငံတော်အခြေပြု မိန့်ခွန်းပြောကြားရာတွင် ဖေဖော်ဝါရီ ၁ ရက်မှစ၍ စစ်ကောင်စီမှ နိုင်ငံတော်အာဏာအား မတရားသိမ်းယူခဲ့သဖြင့် ၎င်းတို့ ထုတ်ပြန်သည့် အမိန့်အာဏာဟူသမျှကို လူထုအလွှာအသီးသီးမှ ဖီဆန်ကြရန်နှင့် ဝန်းထမ်းများအနေဖြင့် CDM တွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။
၎င်းအပြင် နိုင်ငံတော်အား ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ထူထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း ပူးပေါင်းလုပ်ဆောင်ကြရန် နှိုးဆော်ထားသည်။ ယင်းကဲ့သို့ ပြောကြားမှုများကြောင့် မြဝတီခရိုင်တရားရုံးတွင် နိုင်ငံတော်ပုန်ကန်မှု ဥပဒေပုဒ်မ ၁၂၂(၁) ဖြင့် တရားစွဲထားခြင်း ဖြစ်သည်ဟု သိရသည်။
၎င်းအပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကောမတီ (CRPH) မှ မန်းဝင်းခိုင်သန်းအား ဒု သမ္မတအဖြစ် မတ်လ ၉ ရက်နေ့က ခန့်အပ်မှုအပြီး နောက်တစ်ရက် မတ်လ ၁ဝ ရက်နေ့တွင် မြဝတီမြို့ အမှတ် ၃ ရပ်ကွက် မန်းဘခိုင်လမ်းရှိ ၎င်း၏ နေအိမ်သို့ ရဲ နှင့် တပ်တို့က ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သေးသည်။
ထိုသို့ ရှာဖွေစဉ် ဒုသမ္မတ မန်းဝင်းခိုင်သန်းနှင့် အတူနေ မိသားစုဝင်များသည် ကြိုတင်တိမ်းရှောင်နေ၍ ဖမ်းဆီးခံရခြင်း မရှိခဲ့ပေ။



















