ဖေဖော်ဝါရီ ၂၇ ရက် ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့တွင် ယနေ့ ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁ဝ နာရီခွဲအချိန်ခန့်က စစ်အာဏာရှင် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြမှု ဖြိုခွဲခံရပြီး ဆန္ဒပြသူ ၁ဝ ဦးကျော်ခန့် ဖမ်းဆီးလိုက်ရကြောင်း သိရသည်။
မြဝတီမြို့၌ ၂၁ ရက်မြောက်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပြည်သူ ၂၀ဝ ကျော်ခန့်မှ ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေး တံတားထိပ်တွက် စုရပ်ပြုလုပ်၍ မြို့တွင်းသို့ စီတန်းလှည့်လည်ကြခြင်းဖြစ်သည်။
ထိုသို့ စီတန်းလှည့်လည်စဉ် မြဝတီမြို့ အမှတ် ၅ ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် စာတိုက်လမ်းဆုံ မီးပွိုင့် အနီးအရောက်တွင် ရဲတပ်ဖွဲ့မှ အင်အားအလုံးရင်းဖြင့် ဝင်ရောက်ဖမ်းဆီး ဖြိုခွင်းခဲ့ကြောင်း ဆန္ဒပြမှုတွင် ပါဝင်သူတစ်ဦးက ပြောသည်။
လက်ရှိ မြဝတီမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံရသူ ၂ဝ ကျော်ရှိပြီး အမှုဖွင့်ခံရ၍ တိမ်းရှောင်နေသူ ၂ဝ ဦးကျော်ရှိကြောင်း သိရသည်။



















