ဖေဖော်ဝါရီလ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ယနေ့ကျရောက်သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းကျဆုံးခြင်း ၁၃ နှစ်မြောက်အောက်မေ့ဖွယ်ကို ယခင်နှစ်များကဲ့သို့ အခမ်းအနားများဖြင့် မကျင်းပနိုင်တော့ပဲ ပြောင်းလဲသွားသည့် ခေတ်ကာလအခြေအနေများအရ အကျဉ်းချုံးအနေဖြင့်သာ ကျင်းပလိုက်ရသည်ဟု ဦးဆောင်ပြုလုပ်သူများထံမှ သိရသည်။
ဧရာဝတီကရင်လူငယ်ဦးဆောင်ကော်မတီ အဖွဲ့ဝင် စောဖိုးထူးက “ဒီနှစ်မှာ အခြေအနေအရ ဒေသခံတွေအနေနဲ့ကလည်း ဒါကိုလက်ခံကျင်းပဖို့အခက်အခဲလေးရှိတယ်။ လူစုလူဝေးများများမဖြစ်ဖို့ကိုလည်း တိုက်တွန်းထားတာရှိတော့ အခမ်းအနားအနေနဲ့မဟုတ်ဘဲ ဒေသခံတွေဘက်ကလက်ခံနိုင်တဲ့အနေအထားလောက်ပဲ အဆင်ပြေအောင်လုပ်လိုက်ရတဲ့ အခြေအနေဖြစ်တယ်”ဟုကေအိုင်စီသို့ပြောသည်။
ယနေ့ပြုလုပ်သည့် ပဒိုမန်းရှာ အောက်မေ့ဖွယ်တွင် KNU၊ KYO ၊ KYN စသည့်အဖွဲ့အစည်း များနှင့် PKY ၊ AYA Karen youth ၊ မြောင်းမြကရင်လူငယ်၊ ညောင်တုန်းကရင်လူငယ် စသည့်ကရင်လူငယ်အဖွဲ့ကိုယ်စားပြု ကရင်လူငယ်များမှ ပဒိုမန်းရှာ အထိမ်းအမှတ် ရုပ်တုရှိရာသို့သွားရောက်ကာ လွမ်းသူ့ပန်းခွေချ ဦးညွတ်ဂါရဝပြုခဲ့ကြသည်ဟု သိရသည်။
ယခင်က ပဒိုမန်းရှာလားဖန်း၏ ၁၃ နှစ်ပြည့်အောက်မေ့ဖွယ်ကျင်းပနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ကရင်လူငယ်များကို အစည်း အဝေးခေါ်ယူပြီး အခမ်းအနားတစ်ရပ်အနေဖြင့်ကျင်းပရန် စီစဉ်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
KNU အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းမှာ လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ နေအိမ်၌ မသမာသူများ၏လုပ်ကြံခံရပြီး ကျဆုံးခဲ့ခြင်းဖြစ်သည်။
ပဒိုမန်းရှာလားဖန်းကျဆုံးပြီးနောက် ၎င်း၏အောက်မေ့ဖွယ်ရာ အခမ်းအနားကို ဇာတိကျေး ရွာဖြစ်သည့် ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာနှင့် KNLA တပ်မဟာ ၇ နယ်မြေဖြစ် သည့် သေဘေထာ့တွင် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။



















