Home သတင်း တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဖွဲ့စည်းပုံကိုပါဖျက်သွားရန် ကရင်လူမှုအသိုင်းအဝိုင်းမှ တိုက်တွန်း

တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဖွဲ့စည်းပုံကိုပါဖျက်သွားရန် ကရင်လူမှုအသိုင်းအဝိုင်းမှ တိုက်တွန်း

3207

‌ဖေ‌ဖော်ဝါရီ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ စအိုင်ဆူး

စစ်တပ်အာဏာသိမ်းမှုကို အပြင်းအထန်ကန့်ကွက် ရှုတ်ချသည့်အပြင် တပ်မ‌တော်မှ ၎င်းတို့ကိုယ်တိုင်‌ရေးဆွဲ အတည်ပြုခဲ့‌သော ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ ဖျက်သိမ်းမှုကိုပါ ဝိုင်းဝန်းကန့်ကွက်သွားကြရန် ပြည်တွင်း ပြည်ပ၊ နယ်စပ်နှင့် နိုင်ငံတကာ‌ရောက် ကရင်လူမှုအသိုင်းအဝိုင်းအသီးသီးမှ သ‌ဘောထားထုတ်ပြန် တိုက်တွန်းကြသည်။

လက်ရှိ အာဏာသိမ်းမှုကို အပြင်းအထန်ဆန့်ကျင်ပြီး တပ်မ‌တော်မှာ အသက်‌ပေးကာကွယ်သွားမည်ဟု ဆို ‌သော ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ အပြီးအပိုင် ဖျက်သိမ်းပစ်ရန် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး ကျရာ‌နေရာမှ အားလုံးပါဝင်သွားရန် သ‌ဘောထားထုတ်ပြန်ချက်များ၌ တိုက်တွန်းခဲ့ကြသည်။

ကရင်ငြိမ်းချမ်း‌ရေးအ‌ထောက်အကူပြုကွန်ယက်-KPSN မှ ယ‌နေ့ သ‌ဘောထားထုတ်ပြန်ရာတွင် အာဏာ သိမ်းမှုကို ဆန့်ကျင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကျဆုံး‌ကြောင်း လူသိရှင်ကြား‌ဖော်ထုတ်ကာ ဖက်ဒရယ် ဒီမိုက‌ရေစီ ဖွဲ့စည်းပုံ အသစ်‌ရေးဆွဲမှု ‌တောင်းဆိုကြရန် မြန်မာပြည်သူတစ်ရပ်လုံးကို တိုက်တွန်း‌တောင်းဆိုထားသည်။

KPSN ၏ ‌ပြောခွင့်ရ ‌နော်ဝါးခူရှီးက “၂၀၀၈ ဖွဲ့စည်းပုံအရဆိုရင် စစ်တပ်က အာဏာလုပ်ပိုင်ခွင့် အများဆုံးရ ထားပြီးသား။ ဒီဖွဲ့စည်းပုံ‌အောက်မှာလည်း ဒီမိုက‌ရေစီ‌ရော၊ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်‌ရော သွားလို့ မရဘူးဆိုတာ အားလုံးသိပြီးသား။ အခုလည်း ဒီဖွဲ့စည်းပုံ‌ကြောင့်ပဲ စစ်တပ်က အာဏာပြန်သိမ်းလိုက်တာပဲ။ ဒါ‌ကြောင့် စစ်မှန် တဲ့ ဒီမိုက‌ရေစီ‌ကော၊ စစ်မှန်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်ပါ ဒီဖွဲ့စည်းပုံကို ဖျက်ကို ဖျက်ရမယ်” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ယခင် ၁၉၆၂ ခုနှစ်နှင့် ၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းမှု ဖြစ်စဉ်များတွင် အ‌ခြေခံဥပ‌ဒေ များကို ဖျက်ပစ်ခဲ့ ‌သော်လည်း လက်ရှိ စစ်အာဏာသိမ်းမှုမှာ ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံ ဥပ‌ဒေပါ အခန်း(၁၁) အ‌ရေး‌ပေါ်ကာလ ဆိုင်ရာ ပြဌာန်းချက်၏ အပိုဒ်ခွဲ (၄၁၇)(၄၁၈) အရ အာဏာသိမ်းယူလိုက်ခြင်းဖြစ်သည်။

နိုင်ငံတကာ ကရင်အဖွဲ့အစည်း (IKO)မှလည်း ယမန်‌နေ့က ထုတ်ပြန်သည့် ၎င်းတို့၏ ထုတ်ပြန်ချက် အရ လက်ရှိ စစ်အာဏာသိမ်းမှုသည် လက်‌တွေ့တွင် စစ်ဗိုလ်ချုပ် တစ်စုအတွက်သာဖြစ်ပြီး ပြည်သူ တစ်ရပ်လုံးကို စစ်ကျွန်ဘဝ‌ရောက်‌အောင် သွပ်သွင်းခြင်းသာ ဖြစ်‌ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းပစ်ရန်နှင့် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးအ‌နေဖြင့် ကျရာ‌နေရာ များမှ ပါဝင်သွားရန်လည်း IKO မှ သ‌ဘောထားထုတ်ပြန် တိုက်တွန်းသွားသည်။

အလားတူ နယ်စပ်‌ဒေသရှိ ကရင်လူငယ်အစည်းအရုံး-KYO၊ ကရင်အမျိုးသမီးအစည်းအရုံး-KWO ပြည်တွင်းရှိ ကရင်လူငယ်ကွန်ရက်-KYN၊ နိုင်ငံတကာ‌ရောက် ကရင်အဖွဲ့အစည်းများနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU စသည့် ကရင်အဖွဲ့အစည်းအသီးသီးမှ စစ်အာဏာသိမ်းမှုအ‌ပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူ နိုင်ငံ‌ရေး ‌ခေါင်း‌ဆောင်များကို အမြန်ဆုံး လွှတ်‌ပေး‌ရေးအတွက်လည်း တိုက်တွန်း‌တောင်းဆိုခဲ့ကြသည်။

၎င်းအပြင် နိုင်ငံတကာအသိုင်းအဝိုင်းများ၏ ကြားဝင်‌ဖြေရှင်းမှုများကိုလည်း ‌တောင်းဆိုခဲ့ကြသလို တပ်မ‌တော် ပိုင် စီးပွား‌ရေးလုပ်ငန်းများကို သပိတ်‌မှောက်ရန်၊ စစ်ရာဇဝတ်မှုကျူးလွန်မှုများကို အပြစ်‌ပေးအ‌ရေးယူ ‌ဆောင် ရွက်‌ပေးသည့် နိုင်ငံတကာ တရားမျှတမှု ဆိုင်ရာတရားရုံး(ICJ) နှင့် နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ တရားရုံး (ICC)တို့အ‌ပေါ်တွင် နိုင်ငံတကာမှ ဝိုင်းဝန်း‌ထောက်ခံသွားရန် အသီးသီးတိုက်တွန်းခဲ့ကြသည်။