ဇန်နဝါရီလ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် -NCA ပါအချက်များအား အပြည့်အဝ အကောင် အထည်ဖော် ဆောင်ရွက်ရေးအတွက် ယနေ့ နံနက်ပိုင်းက သထုံခရိုင်၊ ဘီလင်းမြို့နယ်အတွင်းရှိ ဒေသခံ နှစ်ထောင်နီးပါး စီတန်းလှည့် လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။
ကရင်အမျိုးသားအစည်းအရုံး -KNU နယ်မြေများအတွင်း လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေများ နှင့်စပ်လျဉ်ပြီး နှစ်ဖက်လက်မှတ်ရေးထိုးထားသည့် NCA ပါအချက်များအား ချိုးဖောက်မှုဖြစ် ပေါ်လာသည်နှင့်အမျှ ဒေသခံလူထု၏ စိုးရိမ်မှုများမြင့်တက်သည့်အပေါ် ထိုသို့ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဦးဆောင်သူများက ကေအိုင်စီသို့ ပြောဆိုသည်။
ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သည့် စောထူးထူးလေးက “ အစိုးရအနေနဲ့ KNU နဲ့ NCA စာချုပ်မှာ လက်မှတ်ထိုးပေမယ့် အစိုးရတပ်တွေက အာဏာရှင်စနစ်ကိုဆက်လက်ကျင့်သုံးပြီး စာချုပ်ပါအချက်တွေ ကတိက ဝတ်တွေကို မလိုက်နာဘဲ ဆက်လက်ချိုးဖောက်နေတဲ့အတွက်ကြောင့်ရယ်၊ နောက်ပြီး လူထုစိုးရိမ်ပူပန်ရမယ့် အကြောင်းအချက်တွေ လုပ်ဆောင်လာတာတွေရှိတဲ့အတွက် အခုလို ဒေသခံ လူထုတွေစုပြီး ဆန္ဒထုတ်ဖော်ရ တာဖြစ်တယ်” ဟု ပြောသည်။
KNU သထုံခရိုင်အတွင်းရှိ တပ်မတော်စစ်စခန်းအချို့မှာ ကျေးရွာများအတွင်းတပ်စွဲထားမှုများရှိသည့်အတွက် လွတ် လပ်စွာသွားလာလှုပ်ရှားရာတွင် အနှောင့်အယှက်ဖြစ်စေသည့်အပြင် နှစ်ဖက်စစ်ရေးတင်းမာမှုများဖြစ်ပေါ်ပါက မိမိတို့၏ အသက်အိုးအိမ်နှင့်လုပ်ကိုင်စားသောက်မှုများအပေါ်တွင် ထိခိုက်လာမည်ကို စိုးရိမ်မှုများဖြစ်ပေါ်နေကြောင်းလည်း ဒေသခံများက ပြောသည်။
ဒေသခံ နော်ငွေအေးက“ အခုဆန္ဒထုတ်ဖော်တဲ့ကျေးရွာတွေအထဲမှာ တစ်ချို့က ရွေးကောက်ပွဲမှာ မဲထည့်ခဲ့ကြတဲ့ သူတွေတောင်ပါတယ်။ တစ်ခုခုဖြစ်ရင် နေထိုင်စားသောက်ဖို့လုပ်ကိုင်မှုကအစ ထိခိုက်လာမှာ၊ အစိုးရအနေနဲ့ကလည်း ကျမတို့ဒေသခံတွေရဲ့လူမှုဘဝ တိုးတက်အောင်မလုပ်ပေးနိုင်သည့်တိုင်အောင် လုံခြုံအောင် လွတ်လပ်အောင် ငြိမ်းချမ်းအောင်တော့ လုပ်ပေးစေချင်တယ်” ဟုပြောသည်။
ယနေ့ပြုလုပ်သည့် ဆန္ဒထုတ်ဖော်မှုတွင် ဘီးလင်းမြို့နယ်အတွင်းရှိ တာအူခီးကျေးရွာအုပ်စု၊ ကြိုးဝိုင်းကျေးရွာအုပ်စု၊ မြစ်ကျိုး(ပရရော)ကျေးရွာအုပ်စုများရှိ ကျေးရွာ ၂၀ကျော်မှ ဒေသခံများအနေဖြင့် နံနက် ၉ နာရီမှ ၁၁ နာရီအထိ မြစ်ကျိုးကျေးရွာမှ ၎င်းကျေးရွာအုပ်စုအတွင်းရှိ လေးကေ့ကျေးရွာအထိ စီတန်းချီတက်ပြီး ဆန္ဒထုတ်ဖော် ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။
ထိုသို့ဆန္ဒထုတ်ဖော်ရာတွင် NCA စာချုပ်ပါအချက်များအား အကောင်အထည်ဖော်ရေး၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များလိုက်နာကျင့်သုံးရေးအပါအဝင် အောက်ခြေတွင်ြ ဖစ်ပေါ်နေသည့် ပဋိပက္ခများအားအစိုးရမှ ညှိနှိုင်းဖြေရှင်းရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့်ဖြေရှင်းရေး စသည့်အချက်များကို ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်။
ထို့အပြင် ဒေသတွင်းလက်နက်ကိုင်ပဋိပက္ခများ၊ ကျေးရွာအတွင်း တပ်စွဲထားသည့် တပ်စခန်းများအား အလိုမရှိ ကြောင်း စသည့်အချက် ၆ ချက်ပါ ဗီနိုင်းများကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် စီတန်းလှည့်လည်ပြီး ဆန္ဒထုတ် ဖော်ခဲ့ကြသည်ဟုလည်း သိရသည်။