“သဘောတူညီချက်အပိုင်း(၃)ကို ရတဲ့အပေါ်မှာ ဘယ်ရှုထောင့်ကနေဝမ်းသာလဲဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်သွားနိုင်တဲ့ ရှုထောင့်ကနေ ကြည့်ပြီးတော့ ဝမ်းသာတယ်။ မဟုတ်ရင် ပျက်တောင် ပျက်သွားနိုင်တယ်” ပဒိုစောတာဒိုမူး (KNU ၊ အထွေထွေအတွင်းရေးမှူးချုပ်)
နိုဝင်ဘာ ၄ ရက်၊ ၂၀၂ဝ ပြည့်နှစ်
လာမည့် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအပေါ် အမြင်သဘောထား၊ သုံးသပ်ချက်နှင့် ရွေးကောက်ပွဲ အလွန် အစိုးရသစ်လက် ထက်ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်သွားမည့် အခင်းအကျင်းအပေါ် ကရင်အမျိုးသား အစည်းအရုံး-KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး နှင့် တွေ့ဆုံမေးမြန်းထားပါသည်။
မေး- ကရင်အမျိုးသားတွေနဲ့ ကရင်ပါတီတွေကို တခဲနက် မဲပေးဖို့ ထုတ်ပြန်ရတဲ့ အကြောင်းအရင်းလေး ပြောပြပေးပါ။
ဖြေ – ကျနော်တို့ ပေးချင်တဲ့ message က ကျနော်တို့တွေသည် NCA အပေါ်မှာ အားလုံး တာဝန်ခံပြီးတော့ သန္ဓိဌာန်ချထားတဲ့ Institution ကို ကိုယ်စားပြုတဲ့ သူတွေဖြစ်တဲ့ အတွက်ကြောင့် ဒီရွေးကောက်ပွဲက မှတ်တိုင်တစ်ခု အနေနဲ့ ကျနော်တို့ လုပ်နေတယ် ဆိုပေမယ့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းမှုရေးကို ရှေးရှုတဲ့ ကျနော်တို့ စဉ်းစားတွေး ခေါ်မှုတွေလည်း နောက်လာမယ့် အနာဂတ်ကို ဖန်တီးဖို့လိုတယ်ဆိုတဲ့ သတင်းစကားကို ပြောချင်ပါတယ်။
တစ်ဖက်မှာလည်း NCA အရ တိုးတက်ပြောင်းလဲဖြစ်ပေါ်လာတဲ့ အရာတစ်ခုကတော့ လွှတ်တော်တွင်း လွှတ်တော်ပြင်ပ လမ်းကြောင်းတွေကနေပြီးတော့ ဆုံရပ်တစ်ခုဖြစ်အောင် သွားဖို့ဆိုတဲ့ ယူဆချက်ကို အတိုင်းအတာတစ်ခုအထိ ပြန်ပြီးတော့ ကျနော်တို့ သတိဝင် လာကြတယ်လို့ ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ငါးနှစ်တာနီးပါး အတွေ့အကြုံ အရဆိုရင်တော့ လွှတ်တော်က သူ့ပါသူ သွားနေတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က သူ့ပါသူ သွားနေတယ်။ ဒါဆိုရင် တည်ဆောက်ချင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုက ဘယ်မှာလဲပေါ့။ ကျနော်တို့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကနေ ထွက်လာတဲ့ ပြည်ထောင်စု သဘော တူညီချက်တွေရဲ့ အကောင်အထည်ဖော်မှုတွေကလည်းဘဲ မစနိုင်သေးသလို အကောင် အထည်ဖော် မှုတွေကို contradict (ကွဲလွဲဆန့်ကျင်)ဖြစ်စေတဲ့ လွှတ်တော်တွင်းက ဥပဒေ ပြင်ဆင်မှုတွေကလည်း ရှိနေတဲ့ အခါကျတော့ ဒါဆိုရင် NCA လက်မှတ်ထိုးတာ ဘာအဓိပ္ပာယ်လဲပေါ့။ မေးခွန်းတွေက ပြန် ဖြစ်လာတယ်။
ကျနော်တို့ ၂၀၀၈ ပြင်ဆင်ချင်ရင်တော့ ၂၀၀၈ ဘောင်အတွင်းကနေ မစဉ်းစားပါနဲ့။ ၂၀၀၈ ဘောင်အပြင်ကနေ စဉ်းစားမယ်။ အဲ့ဒီ ဘောင်အပြင်ကလည်း ဘာလဲဆိုရင် NCA ဘောင်ဖြစ်ပါတယ်။ NCA မူက တကယ် ရေရှည်တည်တန့်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို အမျိုးသား ပြန်လည်သင့်မြတ်ရေး အခြေခံအနေနဲ့ ကျနော်တို့ ဖြည်းဖြည်း တစ်စချင်းထုတ်ပြီး ဖြေရှင်းသွားမယ်ဆိုတဲ့ အခြေခံမျိုးရှိတဲ့အတွက်ကြောင့် ဒီ Institution တွေကို ပြန် ထောက်ပြပြီးတော့ အခု ဒီရွေးကောက်ပွဲမှာလဲ ရွေးကောက်ပွဲရဲ့ ရလဒ်တွေနဲ့ အတူ အကောင်အထည်ဖော်တဲ့ နေရာမှာ ဘယ်ပါတီ အဖွဲ့ လူတန်းစားပဲဖြစ်ဖြစ် အစိုးရ Institution လွှတ်တော် နဲ့ တပ်မတော် အကုန်လုံး ကနေပြီးတော့ NCA ထဲမှာပါတဲ့ ကတိကဝတ်ပြုထားတဲ့ သန္ဓိဌာန်တွေကို အကောင်အထည်ဖော်တဲ့ အနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ ဖြေရှင်းမှုမျိုးနဲ့ စတင်နိုင်မယ်ဆိုရင်တော့ ဒီနိုင်ငံက ပိုပြီးတော့ အကောင်းဘက်ကို ဦးတည်ပါလိမ့်မယ်ဆိုတာကို ပြောချင်တာပါ။
မေး – ကရင်အမျိုးသားတွေရဲ့ အသံက လွှတ်တော်ထဲရောက်ဖို့ ဘယ်လောက်ထိ အရေးကြီးလဲ ၊ ဘာကြောင့်လဲ။
ဖြေ – ကျနော်ကတော့ ကရင်တစ်ဦး ဖြစ်တဲ့အခါကျတော့ ကိုယ့်ကရင်အမျိုးသားတွေကို ဦးတည်ပြောတယ်ဆိုပေမယ့် အမှန်တကယ်ကတော့ ဒီနိုင်ငံက အရမ်းကို ကွဲပြားတယ်။ မတူကွဲပြားခြားနားတဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ ထူထောင်ထားတဲ့နိုင်ငံဖြစ်တာကိုး။ တိုင်းရင်းသားတွေ အားလုံးကတော့ ကိုယ့်အရေး ကိုယ့်အရာကို ကိုယ့်ပါကိုယ် ဆုံးဖြတ်ပိုင်ခွင့်ဆိုတာကို အားလုံးက လက်ခံထားကြပါတယ်။ အဲ့တော့ ဗမာပြည်ရဲ့ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ဗမာပြည် မကဘူး၊ အထူးသဖြင့် အာရှမှာဆိုရင် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို အခြေခံတဲ့ နိုင်ငံရေးတွေက တော်တော်များများက အမြစ်တွယ်နေကြတယ်။ ကျနော်တို့ နိုင်ငံမှာလည်း ကျနော်တို့ရဲ့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံအရ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနဲ့ ဒီနိုင်ငံကို ရှေ့ဆက်သွားလို့ မရပါဘူး။
အဲ့အတွက်ကြောင့် ကိုယ့်အရေး ကိုယ့်အရာကို ကိုယ့်ပါကိုယ် စီမံခန့်ခွဲနိုင်တဲ့ စဉ်းစား တွေခေါ်မှုနဲ့ အရည်အချင်းကို ကိုယ့်ပါကိုယ် တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အဲ့ကျမှ ကျနော်တို့ ပြောပြောနေတဲ့ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရေးဆိုတာက ကိုယ်ဖန်တီးနိုင်တဲ့ capacity ရှိအောင် ကိုယ်အရင်တည်ဆောက်ရပါလိမ့်မယ်။ ပြီးမှ အားလုံးပါဝင်ပြီးတော့ အတူတကွ ဝင်ပြီး တည်ဆောက်ကြရမှာကို။ အဲ့အတွက်ကြောင့် နေရာတိုင်းမှာကိုယ့်ရဲ့ ကိုယ်စားပြုမှုတွေပါမှသာလျှင် ကိုယ်ပြောချင်တဲ့ အသံက ကိုယ်လိုချင်တဲ့ နေရာကို ရောက် လိမ့်မယ်။ တစ်ဦးတစ်ယောက်ကို သော်လည်းကောင်း၊ တစ်ဖွဲ့တစ်စည်းကို သော်လည်း ကောင်း အားကိုးတဲ့ ခေတ်ကတော့ မရှိသင့်တော့ပါဘူး။ အဲ့ဒါကတော့ ကျနော်အားလုံးကို ပြောချင်တာဖြစ်ပါတယ်။
မေး- တချို့ပြောဆိုနေကြတဲ့ တိုင်းရင်းသားပါတီတွေကို မဲထည့်ရင် မဲကွဲသွားပြီး ဒီမိုကရေစီ ကျဆုံး သွားနိုင်တယ်၊ စစ်အာဏာရှင်စနစ်ကို ပြန်ရောက်သွားနိုင်တယ်ဆိုတဲ့ အပေါ်မှာ ဘယ်လို သုံးသပ်မြင်မိလဲ။
ဖြေ – ဒါကလည်း ခုနက ပြောသလို ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုဆိုတဲ့ အယူအဆကနေ ရှုထောင့်ကနေ စဉ်းစားပြီးတော့ အဲ့လို ပြောတယ်လို့ပဲ နားလည်ပါတယ်။ ဒီနိုင်ငံမှာ ပြဿနာပေါင်း သောင်းခြောက်ထောင် ရှိနေတဲ့ နေရာမှာ လူတစ်ဦး တစ်ယောက်သော် လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုသော်လည်းကောင်း ဖြေရှင်းလို့ မရနိုင်ပါဘူး။ ဘယ်လိုမှ မရနိုင်ဘူး။ ဒါကြောင့် ကျနော်တို့ ပြောနေတာက အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ သွားမှရမယ်။ ဒီအခြေခံမပါဘဲနဲ့ ဒီနိုင်ငံကို ပြန်တည်ဆောက်လို့ မရနိုင်ဘူး။ ဒီအမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတဲ့ အခြေခံကို တည်ဆောက်တဲ့ နေရာမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးတည်တဲ့ စဉ်းစားတွေး ခေါ်မှုမျိုးနဲ့ logic တွေ Philosophy တွေ ပြန်ပြင်ရမှာဖြစ်ပါတယ်။
ဒီနိုင်ငံမှာ အမြစ်တွယ်နေတဲ့ တစ်ဦးတစ်ယောက် ဦးဆောင်မှုအောက်ကနေ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ လိုက်တဲ့ အယူအဆတွေကို ကျနော်တို့ ကိုယ်တိုင် ပြန်တော်လှန်ပစ်ပြီးတော့ ကျနော်တို့ရဲ့ နိုင်ငံအရေးအရာကို ကျနော်တို့ ကိုယ်တိုင် ပါဝင်ခြင်းသော်လည်းကောင်း၊ ကျနော်တို့ အသံကို ကိုယ်စားပြုတဲ့ ကျနော်တို့ ကိုယ်စား လှယ်တွေပါဝင်ခြင်းဖြင့်သော်လည်းကောင်း စုပေါင်းပြီး အဖြေရှာနိုင်တဲ့ အဖြေသာလျှင် ဒီနိုင်ငံရဲ့ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုကို ဦးတည် နိုင်မှာ ဖြစ်ပါတယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေး အခြေခံကနေ ဒီနိုင်ငံကို ပြန်လည်တည်ဆောက်ပြုပြင်သွား ဖို့ဆိုရင် စုံလင်တဲ့ အသံတွေကို လက်ခံနိုင်တဲ့ ကိုယ်စားပြုမှုတွေကနေပြီးတော့ တည်ဆောက်ထားတဲ့ Platform တွေတော့ ရှိဖို့လိုပါတယ်။ အဲ့ဒါကို ကျနော်တို့အားပေးပါတယ်။
မေး- ကရင့်နိုင်ငံရေး ပါတီတွေအပေါ်မှာကော၊ သူတို့ရဲ့ အခြေအနေတွေကော ဘယ်လိုသုံးသပ်လဲ။
ဖြေ – သုံးသပ်ဖို့ကတော့ ခက်ခဲပါတယ်။ ဒါပေမယ့် ကျနော်တို့ အားရတယ်။ ကရင်ပါတီ တွေနဲ့ ကရင်ပြည်သူ လူထုတွေ နိုင်ငံရေးမှာ အများကြီး တိုးတက်လာတယ်။ နိုးကြားလာတယ်။ ထိုနည်းလည်းကောင်းပဲ တိုင်းရင်းသား နယ်မြေ တွေမှာလည်း ဒီလိုပါပဲ။ တချို့တိုင်းရင်းသားတွေပါတီတွေဆိုရင် အရမ်းအားရဖို့ ကောင်းတယ်။ လူငယ်ပညာတတ်တွေ အများကြီးပါလာတယ်။ ဒါတွေက အနာဂတ်အတွက် ကောင်းတဲ့ အလားအလာတွေပါ။ ပြောရမယ်ဆိုရင် ဒီရွေးကောက်ပွဲက စိတ်လှုပ်ရှားစရာကောင်းတဲ့ရွေးကောက်ပွဲတစ်ခုအနေနဲ့ ပွဲကြည့် ပရိတ်သတ်တစ်ဦး အနေနဲ့တော့ ကျနော်အဲ့လိုပဲ ပြောချင်ပါတယ်။
မေး- ၂၀၂ဝ ရွေးကောက်ပွဲ ကျင်းပဖို့ မဲဆန္ဒနယ် သတ်မှတ်မှုနဲ့ပတ်သက်ပြီး UEC နဲ့ KNU အကြား ညှိနှိုင်းဆွေးနွေးမှု ဘာရှိလဲ၊ ပြီးတော့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာ အဖြစ် သတ်မှတ်တဲ့ အပေါ်ဘယ်လို သုံးသပ်လဲ။
ဖြေ – UECက ကျနော်တို့ ရှိမှန်းတော့ အသိအမှတ်ပြုရဲ့လားမသိဘူး။ UEC က ဆုံးဖြတ်လိုက်တဲ့ ကိစ္စကတော့ UEC နဲ့ပဲ ပတ်သက်တာပေါ့။ ကျနော်တို့ အနေနဲ့ကတော့ အားလုံး ဒီမိုကရေစီရဲ့ အခြေခံအရ အမှန်တကယ် အခက်အခဲရှိတယ်၊ ဥပမာ ကျနော်တို့ အပိုင်းနဲ့ ပတ်သက်တယ်ဆိုရင် ကျနော်တို့နဲ့ ပတ်သက်လို့ လုံခြုံရေးမရှိလို့ ပဲဖြစ်ဖြစ်ပေါ့။ တကယ် ဆန္ဒရှိမယ်ဆိုရင် ကျနော်တို့ ညှိနှိုင်းဖို့ အဆင်သင့်ပဲ။ ဒါက ကျနော်တို့ ညှိကို ညှိနှိုင်းပြီးတော့ အဖြေရှာရေးရမှာပဲ။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ကိုယ်တိုင်က ဒီမိုက ရေစီကို သက်ဝင်ယုံ ကြည်တဲ့အဖွဲ့အစည်းဖြစ်တယ်။ အဲ့တော့ရွေးကောက်ပွဲမှာ ဒီမိုကရေစီက တကယ့်အနစ်သာရ ဖြစ်တာကိုး။ ဒီမိုကရေစီမှာ ရွေးကောက်ပွဲက မှတ် တိုင်ကြီးတစ်ခု ဖြစ်တဲ့အတွက် ကျနော်တို့က လိုအပ်မယ်ဆိုရင် ညှိနှိုင်းပြီးတော့ ဝိုင်းပြီးတော့ လုံခြုံရေးလိုတယ်ဆိုရင် ဝိုင်းကူပေးလို့ရတယ်။ ဒါပေမဲ့ ညှိနှိုင်းမှုကတော့ မရှိပါဘူး။
လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲမဖြစ်မှာစိုးလို့ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးဆိုရင် လုံခြုံရေးကြောင့် လားပေါ့။ လုံခြုံရေးကို အကြောင်းပြတယ်ဆိုရင် ဒီလုံခြုံရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းနဲ့ညှိနှိုင်းမှုကော ရှိသလားပေါ့။ ဒီ ရွေးကောက်ပွဲက အနာဂတ်အတွက် တကယ်ကို အမျိုးသား ပြန်လည်သင့်မြတ်ရေး နဲ့ ငြိမ်းချမ်းရေး ကို ဦးတည်ပြီးတော့ နိုင်ငံရဲ့ ပြဿနာကိုပြေလည်စေတဲ့ ရှု့ထောင့်ကနေ စဉ်းစားမယ်ဆိုရင်တော့ ချန်လှပ်ထားတဲ့ ကိစ္စတွေကိုတော့ အလေးအနက် ပြန်သုံးသပ်သင့်တယ်။
မေး- နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက ထောက်ပြမှုရှိတာက ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အောက်နဲ့ Covid-19 ကပ်ရောဂါအခြေအနေအရအပြင် ဝေဖန်ခံရမှု မြင့်နေတဲ့ UEC ရဲ့ဆုံးဖြတ်ချက် အခင်းအကျင်းအောက်မှာလုပ်တဲ့ ဒီရွေးကောက်ပွဲက လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူးလို့ ဆိုကြတဲ့အပေါ်မှာ ဘယ်လိုမြင်လဲ။
ဖြေ – ထွေထွေထူးထူးတော့ မသုံးသပ်လိုဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စမှာ ထဲထဲဝင်ဝင် ပါဝင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ကတော့ ကောင်းကောင်း ပြောနိုင်လိမ့်မယ်။ ကျနော်တို့က ယေဘုယျ ပြောနိုင်တာကတော့ ရွေးကောက်ပွဲသည် အမျိုးသားပြန် လည်သင့် မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ ရည်မှန်းချက်မျိုးကို ထားသင့်တယ်။ အဲ့လိုထားရင် တော့ ချန်လှပ်ထားခြင်းဆိုတဲ့ အခြေအနေကနေ ဖောက်ထွက်ပြီးတော့ ဘယ်လို အဖြေရှာ သင့်သလဲ၊ ခုနကပြောတဲ့ တရားမျှတခြင်း မမျှတခြင်းဆိုတာကတော့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး ကိစ္စနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို လွတ်လွတ်လပ်လပ်နဲ့ စောင့်ကြည့်ခွင့်ပေးတဲ့ဟာက ခုနကပြောတဲ့ သံသယတွေကို ပြန်ပြီးတော့ ချိန်ညှိနိုင်မှာပေါ့။ အဲ့လိုမျိုးနဲ့ပဲ ကျနော်တို့ ယေဘုယျ ပြောလို့ရမယ်။
မေး- ၂၀၂၀ရွေးကောက်ပွဲ အလွန်တက်လာမယ့် အစိုးရသစ်နဲ့ ရှေ့ဆက်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဘယ်လို ချမှတ်ထားသလဲ။
ဖြေ – ဘယ်အစိုးရပဲ တက်တက် တိုင်းပြည်ရဲ့ ပြဿနာပေါင်း သောင်းခြောက် ထောင်ကို ဖြေရှင်းဖို့ ပခုံးပြောင်းတာ ဝန်ယူလိုက်တာပဲ။ အဲ့လို ပခုံးပြောင်းယူလိုက်ရင်တော့ ပိုပြီးတော့ တက်ကြွပြီး ပွင့်လင်းပြီး ဒီနိုင်ငံရဲ့ ကောင်းမွန်တဲ့ အနာဂတ်ကို ရှေးရှုတဲ့ အပြုသ ဘောဆောင်တဲ့ လုပ်ငန်းစဉ်ကနေ စဖို့တော့ လိုလိမ့်မယ်။ ကျနော်တို့ အနေနဲ့ကတော့ အစိုးရ ကို အကြံပြုတဲ့ ပုံစံမျိုးစုံနဲ့တော့ ဖော်ထုတ်သွားမှာဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့ အခက်အခဲကတော့ ဘယ်လိုရှိတယ် ဘယ်လို ပုံစံမျိုးနဲ့တော့ သွားသင့်ပါတယ်။ စသည်ဖြင့်ပေါ့ဆိုတဲ့ ဟာက အစ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာက အခုက အဆင့် (၃)ဆင့်(ပြည်ထောင်စု သဘော တူညီချက်) ကို ဒီလိုသွားကြရအောင်ဆိုတဲ့ သဘောတူညီချက်ကတော့ ရရှိလာပြီးပေါ့။ ဒါပေမယ့် တကယ် လက်တွေ့ ဒါတွေကို ဆွေးနွေးတဲ့အခါမှာ ဘယ်လို မူဘောင် အခြေခံကနေပြီး တော့ ချန်လှပ် မထားတဲ့ အားလုံးအသံပါဝင်နိုင်တဲ့ အခင်းအကျင်းမျိုးကနေတဆင့် အမျိုးသား ပြန်လည်သင့် မြတ်ရေးကို အခြေခံတဲ့ အဖြေတွေကို ပြန်ထွက်လာနိုင်အောင် ကျနော်တို့ ကြိုတင်ပြင်ဆင် စဉ်းစားထားတာ တွေလည်းရှိပါတယ်။ အချိန်ကျလာရင်တော့ ဒါတွေကို တစ်ခုချင်း ထုတ်ပြောသွားမှာလည်း ဖြစ်ပါတယ်။
မေး- ၂၀၂ဝ ရွေးကောက်ပွဲက ထွက်လာမယ့် ရလဒ်က ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ ဘယ်လိုသက်ရောက်နိုင်လဲ ဒါမှမဟုတ် သက်ရောက်မှုတွေ ရှိလာနိုင်သလား။
ဖြေ – ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အနေနဲ့ NCA ထဲက အခြေခံမူတွေအပေါ်မှာ အခြေခံပြီးတော့ တစိုက်မတ်မတ်နဲ့ အကောင်အထည်ဖော်ဖို့ ပခုံးပြောင်း လွဲယူတဲ့ အစိုးရမျိုးဆိုရင်တော့ ဒီလုပ် ငန်းစဉ်ကတော့ ရှေ့ဆက်သွား ဖို့ ရှိမှာပဲ။ အစိုးရနဲ့ တပ်မတော်ရဲ့ ပွတ်တိုက်မှုတွေက ဒီ NLD အစိုးရလက်ထက်မှာတော့ ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ လာပြီးတော့ ရိုက်ခတ်တာတွေ ကြုံခဲ့ရတာကိုး။ အဲ့အတွက် အစိုးရသစ်တက်မယ်ဆိုရင်တော့ အစိုးရ Institution နဲ့ တပ်မတော်၊ လွှတ်တော် Institution ကြားထဲမှာ ဒီနိုင်ငံရဲ့ အနာဂ တ်အတွက် အဆင့်သုံးဆင့်ကို (ပြည်ထောင်စု သဘောတူညီချက်အဆင့်သုံးဆင့်) အခြေခံပြီး တော့ ဘုံလက်ခံထားတဲ့ မူဝါဒနဲ့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ ဘုံလက်ခံတဲ့ ပေါ်လစီနဲ့ အခြေခံမူတွေကို ချဖို့လိုလိမ့်မယ်။ ပြီးမှ တခြားဆွေးနွေးဖက်တွေဖြစ်တဲ့ EAO တွေ ပါတီတွေ တခြား နိုင်ငံရေးဆွေးနွေး ပွဲမှာ ပါဝင်မယ့်သူတွေ အကုန်လုံးကို ပြန်ပြီးတော့ အဲ့ဒီအခြေခံကနေ ညှိနှိုင်းဆွေးနွေး အဖြေရှား သွားမယ်ဆိုရင်တော့ သင့်တော်ပါ လိမ့်မယ်။
မေး- ပြီးခဲ့တဲ့ UPC (ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ) အစည်းအဝေး ရလဒ်တုန်းက ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ပါပြီးသားအချက်တွေပဲ ပြန်ပါလာပြီး ဖက်ဒရယ်အခြေခံမူတွေကို လက်တွေ ကျကျ ချမှတ်နိုင်တာတွေ မတွေ့ရဘူးလို့ ဝေဖန်ထောက်ပြနေကြတဲ့အပေါ်မှာ ဘာပြောချင်လဲ။
ဖြေ – သူတို့ ထောက်ပြတာ မမှားပါဘူး။ ဒါပေမယ့်ပြောချင်တာက ဒီဟာတွေက နှစ်ဖက် ကြားထဲမှာ ယုံကြည်မှု နဲ့ သံသယတွေနဲ့ အဲ့ဒီဟာတွေကို မဖြေရှင်းနိုင်တဲ့ ကာလ ပတ်လုံး ကတော့ လူမြင်ကောင်းအောင် ထုတ်ပြတဲ့ အချက်အလက်တွေပဲ ဖြစ်လာလိမ့်မယ်။ ကျနော်တို့ကတော့ အနှစ်သာရကို သွားချင်တယ်။ ပြီးခဲ့တဲ့ ပြည်ထောင်စု သဘောတူညီ ချက်ထဲမှာပြန်ကြည့်မယ်ဆိုရင် ဥပမာ အပိုင်း(၁) ဆိုရင် အသစ်မဟုတ်ဘူး။ NCA ထဲမှာ လက်ခံထားတဲ့ ဟာတွေပဲ။ အဲ့ဒါတွေကို မလုပ်လို့ ကျနော်တို့က ထပ်ပြီး ပြန်တွန်း ရတာ။ NCA ထိုးထား ပြီးတော့ ဒါတွေ ဆွေးနွေးဖို့ လိုသေးလာဆိုတော့ မဆွေးနွေးဘူး ဆိုရင်တော့ ပျက်ဖို့ပဲ ရှိတယ်။ အဲ့တော့ ကျနော်တို့က ပြန်ဆွေးနွေးပြီးတော့ ပြန်ရယူပြီးတော့ recommit ပြန်ရယူတာပေါ့။
ကျနော်ကတော့ ဒီသဘောတူညီချက် အပိုင်း(၃)ကို ရတဲ့အပေါ်မှာ ဘယ်ရှု ထောင့်ကနေဝမ်းသာလဲဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက်သွားနိုင်တဲ့ ရှုထောင့်ကနေ ကြည့်ပြီးတော့ ဝမ်းသာတယ်။ မဟုတ်ရင် ပျက်တောင် ပျက်သွားနိုင်တယ်။ ဘာကြောင့် လဲဆိုတော့ ယုံကြည်မှုက ကျသွားတာ။ NCA ထိုးထားလို့သာ ကျန်နေတာ။ အဲ့တော့ အဆင့်(၃) ဆင့်ကို အခြေခံတဲ့ သဘောတရားနဲ့ ဇယား (၁)လေးကို ရထားတယ်ဆိုတာက မျှော်လင့် ချက်ပြန်ဖြစ်လာ တယ်။ ဒီမျှော်လင့်ချက်ကနေ ထပ်ပြီးတိုးတက်အောင် လုပ်ဖို့က နောင်လာမယ့်အစိုးရ လက်ထက်မှာတာဝန်ယူမဲ့ ပုဂ္ဂိုလ် နဲ့ တာဝန်ယူရမယ့် EAO ကြားထဲမှာ တာဝန်ရှိတယ်။ ဒါပေမဲ့ NCA ကိုတော့ အခြေခံရမယ်။ NCA ကို အခြေမခံဘဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်က ရှုထောင့်တွေကနေ ဖော်မြူလာတွေ ယူလာပြီးတော့ ဆွေးနွေး မယ်ဆိုရင် ဒီလိုပဲ ရွာလည်နေအုံးမှာပဲ။
ဒါကြောင့် NCA ကို အကုန်လုံးလက်မှတ်ရေးထိုးထားတဲ့အပေါ် မှာ ဒီ NCA အပေါ်မှာ Commitment ပေးဖို့လိုတယ်။ အဲ့ဒီ Commitment ကနေ အခြေခံပြီးတော့ တဆင့်ချင်း ယုံကြည်မှု တည်ဆောက်ခြင်းကနေ တကယ်လက်တွေ့ကျတဲ့ ချဉ်းကပ်မှုကနေ ခုနက ပြောတဲ့ ပဋိပက္ခကို ပြောင်းလဲပြီးမှ ငြိမ်းချမ်းရေး တည်ဆောက်မှုကို သွားနိုင်တဲ့ပုံစံမျိုးနဲ့ သွားသင့်ပါတယ်။
စအိုင်ဆူး တွေ့မေးသည်။