နိုဝင်ဘာ ၂ဝ ရက်၊ ၂၀၂ဝပြည့်နှစ်။ စအိုင်ဆူး
ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နှင့် မြန်မာနိုင်ငံကလေးသူငယ်အခွင့်အရေးများကို ကြီးလေးသော ချိုးဖောက်မှုများအား စောင့်ကြည့်လေ့ လာရေးနှင့် အစီရင်ခံ တင်ပြရေး နိုင်ငံအဆင့် အထူးတာဝန်အဖွဲ့ (CTFMR) တို့အကြား ကလေးစစ်သား အသုံးပြုမှု ကာကွယ်တားဆီးရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးချုပ်ဆိုခြင်းအခမ်းအနားကို ယနေ့ (နိုဝင်ဘာလ ၂ဝရက်)တွင် အွန်လိုင်းဖြင့် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ကလေးများကို တပ်သားအဖြစ် စုဆောင်းခြင်း၊ အသုံးပြုခြင်းတို့မှ ကာကွယ်တားဆီးခြင်းနှင့် အဆုံးသတ်ခြင်း ဆိုင်ရာ ပူးတွဲလုပ်ငန်းအစီအစဉ်အတွက် ရေးထိုးသည့် အဆိုပါ သဘောတူစာချုပ်ကို ကုလသမဂ္ဂ ထွေထွေ အတွင်းရေးမှူးချုပ်ရုံးမှအရာရှိများ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ကော်မရှင်(PC)၊ သံတမန်အရာရှိများ၊(CTFMR) ကိုယ်စားလှယ်များနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ် ရေးထိုး ထားသော DKBA မှ ထိပ်ပိုင်းခေါင်းဆောင်များပါဝင် လက်မှတ်ရေး ထိုးခဲ့ခြင်း ဖြစ်သည်ဟု DKBA က ဆိုသည်။
DKBA အရာရှိတစ်ဦးက “ကလေးစစ်သား လက်မခံကြောင်းကို လက်မှတ်ထိုးတာပေါ့။ ဒီမနက်လေးပဲထိုးတာ။ ဒီကိစ္စက ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်ကတည်းက နေပြည်တော်မှာ တစ်ခါတွေ့ဆုံတယ်၊ မြဝတီမှာလည်း တခါတွေ့ ဆုံတယ်။ အရင်ဆုံး တွေ့ဆုံပြီးတော့မှ ကလေးစစ်သားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တွေ့ဆုံ ဆွေးနွေးပြီးတော့မှ လက်မခံကြောင်းကို ဆွေးနွေးကြတယ်။ ဒါပေမဲ့ ဒါက အတည်ပြုလက်မှတ် ထိုးတာပေါ့။ ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ လက်မှတ်ရေးထိုးခြင်းကို DKBA ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေး၊ ဒု-စစ်ဦးစီးချုပ် ဒုဗိုလ် ချုပ်ကြီး စောစတီးနှင့် CTFMR ၏ ပူးတွဲဥက္ကဋ္ဌအဖွဲ့ဝင် ကိုယ်စားလှယ်များမှ လက်မှတ်ရေးထိုးခဲ့ကြပြီး (UN) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူး ကိုယ်စားလှယ် Ms. Virginia Gamba ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း နှင့် အထူးသံ တမန် သံရုံးအဖွဲ့ဝင်များ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတကာကိုယ်စားလှယ်အချို့က အသိသက်သေအဖြစ် ပါဝင်တက်ရောက်ခဲ့ကြသည်။
(UN) အထူးကိုယ်စားလှယ် Ms. Virginia Gamba က “ဒီသဘောတူ စာချုပ် ချုပ်ဆိုပြီးတဲ့နောက် ကလေး သူငယ်တွေကို လက်နက်ကိုင် ပဋိပက္ခကြားမှာ ဖယ်ရှားနိုင်ပြီးတော့ အရပ်သားဘဝကို လုံခြုံစွာ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းနိုင်ဖို့ မျှော်လင့်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ လုပ်ပိုင်ခွင့် အပ်နှင်းထားသည့် မြန်မာ ပြည်မှာရှိတဲ့၊ အရေးကြီးတဲ့ လုပ်ငန်းတွေကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရန် ကျမအနေနဲ့လည်း ဆက်လက်ပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်” ဟု အခမ်းအနား၏ အဖွင့်မိန့်ခွန်း၌ ထည့်သွင်း ပြောဆိုခဲ့သည်။
အလားတူ NCA ထိုးထားသည့် အခြားကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံးအနေဖြင့်လည်း ဆွစ်ဇလန်နိုင်ငံ အခြေစိုက် ကုလသမဂ္ဂမှ ဖွဲ့စည်းထားသော Geneva Call အဖွဲ့ချုပ်နှင့် ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့တွင် ကလေးစစ်သားနှင့် အမျိုးသမီး၊ ကလေးကာ ကွယ်ရေးဆိုင်ရာ ဝန်ခံမှု သန္ဓိဌာန် ပြုစာချွန်လွှာနှစ်ခုကို ဖားအံမြို့၌ လက်မှတ်ရေးထိုးချုပ်ဆိုထားသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း ပြီးခဲ့သည့် ၂၀၁၂ခုနှစ်က ကလေးစစ်သားစုဆောင်းအသုံးပြုမှု မရှိစေရေး နှင့် အဆုံးသတ်စေရန် ကုလသမဂ္ဂနှင့် အစိုးရတို့အကြား အလားတူ ပူးတွဲလုပ်ငန်းအစီအစဉ်ကို လက်မှတ်ရေး ထိုးခဲ့ပြီး မြန်မာ့တပ်မတော်အနေဖြင့်လည်း လက်နက်ကိုင် ပဋိပက္ခများတွင် ကလေးသူငယ် အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်သည့် အမိန့်ညွှန်ကြားချက်များစွာကိုလည်း ထုတ်ပြန်ဆောက်ရွက်ခဲ့မှုများရှိခဲ့သည်။
ယခင် ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရလက်ထက်တွင် ကလေးစစ်သား (၇၀၀) ကျော်ကို ထွက်ခွင့်ပြုပြီး က လေးစစ်သား စုဆောင်းမှုနှင့် တပ်မတော်အရာရှိအချို့ကို အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ကြောင်းနှင့် အစိုးရသက်တမ်း ငါးနှစ်အတွင်း ကလေး (၈၀၀) ကျော်ကို တပ်မှထွက်ခွင့်ပေးခဲ့ကြောင်း နိုင်ငံပိုင် သတင်းမီဒီ ယာများမှတဆင့် အသိပေး ကြေညာခဲ့ဖူးသည်။
အလားတူ ပြီးခဲ့သည့် NLD၏ ပထမ အစိုးရ သက်တမ်းကာလတွင်လည်း အသက် (၁၈) နှစ် မပြည့်သည့် ကလေးသူငယ်များကို တပ်သားအဖြစ် လက်ခံထားသည့်လုပ်ရပ်များကို ထိထိရောက်ရောက် အရေးယူရန် (၁၂) ဦးပါ ကော်မတီကို သမ္မတ ဦးထင်ကျော်က ပြီးခဲ့သည့် ၂၀၁၆ခုနှစ်၊ မေလ (၁၁) ရက်နေ့က ဖွဲ့စည်းပေးခဲ့ ဖူးသည်။
လန်ဒန်အခြေစိုက် Child Soldiers International အဖွဲ့က ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်များအတွင်း ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများအရ ကမ႓ာတစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခတွင် ပါဝင်သည့် လက်နက်ကိုင် တပ်ဖွဲ့ (၅၀)ခန့်တွင် ကလေးစစ်သား အသုံးပြုနေကြကြောင်းဆိုထားပြီး အာဖရိက နှင့် အရှေ ့ အလယ်ပိုင်း ဒေသမှ လက်နက်ကိုင် အုပ်စုများမှာ ကလေးစစ်သား အသုံးများကာ အာရှတွင် မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတွင် ကလေးစစ်သား အများ ဆုံးအသုံးပြုနေကြောင်းလည်း ဆိုခဲ့ဖူးသည်။
မြန်မာနိုင်ငံအတွင်း ကလေးစစ်သား အသုံးပြုမှုကို အစိုးရ တပ်မတော်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများတွင်လည်း အသုံးပြုမှုများရှိနေခဲ့ကြောင်း အဆိုပါ အစီရင်ခံစာများအရ သိရသည်။