တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် ၂၀၂ဝ ရွေးကောက်ပွဲ
စောရှိုင်းကိုကိုလွင်
(အောက်တိုဘာ၊ ၂၀၂၀)
တိုင်းရင်းသားနိုင်ငံရေးပါတီများ အကြောင်းမပြောခင် ဗမာမဟုတ်တဲ့ ကျနော်တို့ တိုင်းရင်းသားတွေကို ဦးစွာပထမ အစ ချီပြောချင်တဲ့ အကြောင်းအရာကတော့ လက်ရှိအာဏာရပါတီရဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တဲ့ ဒုဥက္ကဌ(၂) ဒေါက်တာဇော်မြင့်မောင်က စက်တင်ဘာလ ၈ရက်နေ့မှာ မဇ္ဈိမ မီဒီယာ ပြောသွားတဲ့ စကားလေး ဖြစ်ပါတယ်။
“တိုင်းရင်းသားပါတီတွေကို မဲပေးခြင်းဖြင့် အခွင့်အရေး ပိုရလာမယ်ဆိုတာ မဟုတ်ဘူး၊ တိုင်းရင်းသားပါတီတွေအနေနဲ့ မဲပိုရလည်း ၂၅ရာခိုင်နှုန်း ရှိပြီးသားဖြစ်တဲ့ တပ်မတော်ကနေ လုပ်ချင်တာ လုပ်လို့ရသွားမယ်….ဒါကြောင့် တိုင်းရင်း သားတွေအနေနဲ့ NLD လက်အောက်ခံကနေ အခွင့်အရေးတွေ ရနိုင်တယ်ဆိုတာ နားလည်ဖို့လိုတယ်”လို့ ပြောဆိုခဲ့ပါ တယ်။ ဒီပြောဆိုမှုမတိုင်ခင်ကလည်း ဧရာဝတီသတင်းဌာနကနေ ဇွန်လ ၂ဝရက်နေ့မှာ “သူအနေနှင့် ဘယ်တိုင်းရင်းသား နဲ့မှ မဟာမိတ်ဖွဲ့စရာမလိုဘူး၊ NLD တစ်ခုထဲနဲ့ အစိုးရပြန်ဖွဲ့နိုင်အောင်ပဲ ကြိုးစားသွားမယ်” ဆိုတဲ့ စကားကို ပြောခဲ့ပါ တယ်။
ဒါကို အရှေ့အနောက်ထားပြီး ကောက်ယူကြည့်မယ်ဆိုရင် အမှန်တကယ်ပဲ တိုင်းရင်းသားပါတီတွေနဲ့ တိုင်းရင်းသား လူထုအသီးသီးဟာ စိန်ခေါ်မှုတစ်ခုကို လက်ခံရရှိလိုက်ပြီဆိုတာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးအရ သမိုင်းအစဉ် အလာကြီးမားတဲ့ လူမျိုးတွေအဖို့ဆိုရင် တစိမ့်စိမ့်တွေးရင် ပိုလို့တောင် ခံပြင်းစရာကောင်းလှပါတယ်။
သမိုင်းအစဉ်အလာအရ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာကို အစဉ်တစိုက် ဦးတည်ကြိုးပမ်းလာခဲ့တဲ့ လူမျိုးတွေဆိုတာ ပူးပေါင်းစရာ မလိုသလို၊ မပူးပေါင်းရင်လည်း တပ်မတော်ရဲ့ ပြုသမျှ နုရမယ့်သူတွေပါလို့ အထင်သေးခြင်း ခံရတာ ဖြစ်ပါ တယ်။ ဒါဟာ တိုင်းရင်းသားထုအားလုံးကို တစ်နည်းအားဖြင့် စိန်ခေါ်လိုက်တယ်လို့လည်း ပြောလို့ရပါတယ်။
အစဉ်တစိုက် သမိုင်းတစ်လျှောက် နည်းလမ်းမျိုးစုံနဲ့ ကိုယ့်အမျိုးသားတန်းတူရေး ပန်းတိုင်ဆီ သွားနေတဲ့ခရီးအတွက် ကြိုးပမ်းမှုတွေကို ရွေးကောက်ပွဲတစ်ပွဲထဲနဲ့ စိန်ခေါ်လိုက်တာ ဖြစ်ပါတယ်။ ဒါကို တိုင်းရင်းသားပါတီတွေအနေနဲ့ရော၊ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးအနေနဲ့ပါ ပြန်သုံးသပ်ဖို့ လိုပါပြီ။ ကျနော်တို့ဖြတ်သန်းခဲ့တဲ့ သမိုင်းဟာ ဒီလိုအ ပြောခံဖို့ သက်သက်လားဆိုတာပါ။ ဒါတွေကို ရှုထောင့်ပေါင်းစုံက သုံးသပ်ကြည့်ရအောင်ပါ။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် တိုင်းရင်းသားလူမျိုးများ အခွင့်အရေး
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရှုထောင့်တစ်ချို့ကနေ ကြည့်ပြပါမယ်။ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ တိုင်းရင်းသား တွေအတွက် အခွင့်အရေးတွေ ပေးထားတယ်ဆိုတာ အပြုသဘောဆောင် မြင်လို့ရပါတယ်။ ဥပမာ- စာပေယဉ်ကျေးမှု ဆိုင်ရာ အခွင့်အရေး၊ နိုင်ငံတစ်ဝှမ်းလုံးရဲ့ စုစုပေါင်း လူဦးရေရဲ့ ဝ.၁ရာခိုင်နှုန်းရှိရင် တိုင်းရင်းသားရေးရာဝန်ကြီး ပေးထား တာတွေ ဖြစ်ပါတယ်။ ဒါဟာ အစဉ်တစိုက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ နှိုင်းဆမယ်ဆို အများကြီး သေးငယ်ပါသေးတယ်။
ဒီတော့ တကယ်ပေးအပ်ဖို့ လိုအပ်နေတဲ့ အခွင့်အရေးတွေ ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အစရှိတဲ့ မဏ္ဍိုင်တွေကို ကြည့်လိုက်ပါ။ ဥပမာ- ရခိုင်ပါတီတွေဆို ပြည်နယ်လုံးနီးပါးနိုင်ပေမဲ့ အနိုင်ရပါတီကြီး ကြည်ဖြူတဲ့သူကပဲ ဝန်ကြီးချုပ် ဖြစ်ခဲ့ပါတယ်။ ဒါဖြင့်ရင် ဝန်ကြီးချုပ် ဖြုတ်နိုင်၊ခန့်နိုင်ခြင်းအာဏာနှင့် အစိုးရဖွဲ့ခွင့်အာဏာကိုပါ ပြည်ထောင် စုလို့ ပြောတဲ့ အစိုးရပဲ ထိန်းချုပ်နေနိုင်ပါတယ်။
တခြားဥပဒေပြုရေးနဲ့ တရားစီရင်ရေးတွေကိုပဲ ကြည့်ပါ။
ပြည်ထောင်စုလွှတ်တော်က ပြဌာန်းတဲ့ လောင်းကစားဥပဒေတွေ၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေတွေနဲ့ လောင်းကစား မြို့တော်တွေအဖြစ် အသွင်ပြောင်းခံနေရတာပဲကြည့်ပါ။ ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပေးထားချက်တွေ ကြောင့် ဖြစ်လာတာပါ။ ဒီအခြေအနေတွေဟာ ကိုယ့်အမျိုးသားရည်းမှန်းချက် ပန်းတိုင်တွေရဲ့ မှတ်တိုင်တွေလားဆိုရင် မဟုတ်သေးဘူးလို့ပဲ ဆိုနိုင်ပါတယ်။ နောက်ဆုံးကုန်ကုန်ပြောရရင် ကိုယ့်ရဲ့ရပ်ကွက်ထဲက ကိုယ်တင်ထားတဲ့ ခေါင်း ဆောင်ကိုတောင် ဗဟိုအစိုးရက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးက ဖြုတ်ခွင့်၊ ခန့်ခွင့် ရှိနေတာဟာ အင်မတန် ရင်လေးစရာ ကောင်းပါတယ်။
လက်ရှိအခင်းအကျင်းနှင့် နိုင်ငံရေးအင်အားစုများ
လက်ရှိနိုင်ငံရေး အခင်းအကျင်းကို ပြန်ကြည့်ရင် ခေတ်အဆက်ဆက်ကတည်း နိုင်ငံတော်ဘဏ္ဍာသုံးပြီး အင်အားကို တည်ဆောက်လာတဲ့ တပ်မတော်၊ လူများစု လူမျိုးစုရဲ့ ထောက်ခံမှုနဲ့ ရပ်တည်နေတဲ့ အာဏာရပါတီနှင့် သမိုင်းအစဉ်အ လာအရ ကိုယ့်စရိုက်လက္ခဏာနဲ့ ကိုယ်ရပ်တည်လာတဲ့၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လိုလားတဲ့ ဗမာမဟုတ်သော တိုင်းရင်း သားလူမျိုးတွေဆိုပြီး (၃)ခု ခွဲမြင်နိုင်ပါတယ်။
ပထမအင်အားစုဖြစ်တဲ့ တပ်မတော်ဟာ လက်နက်အားကိုးနဲ့ နိုင်ငံကို ထိန်းသိမ်းအုပ်ချုပ်ခဲ့တာ ကာလအရှည်ကြာဆုံးနဲ့ အင်အားအကြီးဆုံးဖြစ်နေပါတယ်။ စီးပွားရေး၊ စစ်ရေးနှင့် နိုင်ငံရေးဘက်ပေါင်းစုံဟာ သူ့ရဲ့ ဥပဒေပြင်ပကနေ သူတည် ဆောက်ထားနိုင်တဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ ဒါကို ရေရှည်မှာ သူ့အနေနဲ့ ဆက်ထိန်းသွားချင်တဲ့ဆန္ဒ ရှိနေပါတယ်။ ဒါတွေကို ထိပါးလာရင် အမြဲဆိုသလို ကာကွယ်နေမှာ ဖြစ်ပါတယ်။
လက်ရှိ အာဏာရ နိုင်ငံရေးပါတီနဲ့ ဗမာပါတီတွေကို ကြည့်ရင်လည်း လက်ရှိ ရနေတဲ့ အနေအထားဟာ ၂၀၁၅ခုနှစ်က ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေရဲ့ အပြောင်းအလဲအတွက်ဆိုပြီး ယုံကြည်စွာ အပ်နှင်းလိုက်တဲ့ ဆန္ဒမဲတွေကို အလွဲသုံး စားလုပ်နေတဲ့အပြင် ဗမာမဟုတ်သော တိုင်းရင်းသားတွေအပေါ်မှာ ပိုမောက်မာလာပါတယ်။ ချယ်လှယ်ချင်တိုင်း ချယ် လှယ်နေပေမဲ့ တိုင်းရင်းသားပြည်နယ်တွေနဲ့ လူမျိုးတွေရဲ့အခွင့်အရေးကို မည်ကာမတ္တမျှ လုပ်ပေးပြီး နိုင်ငံတော်အာဏာ စက်ကို ဆက်လက်ထိန်းသိမ်းသွားနိုင်တဲ့ ဆန္ဒကိုပဲ မြင်ရပါတယ်။
ဒီနေရာမှာ ဗမာမဟုတ်သော တိုင်းရင်းသားတွေဟာ လူဦးရေကွာဟမှု၊ ပြည်တွင်းစစ်ရဲ့ ဒဏ်၊ စီးပွားရေးအရ ကြွယ်ဝချမ်း သာမှုတွေဟာ ခေတ်အဆက်အဆက် ကြီးမားတဲ့ ကွာဟချက်တွေရှိနေပါတယ်။ ဒီလိုကွာဟမှုတွေဟာ မိမိတို့အပြစ် မဟုတ်ဘဲ SNLD ပါတီရဲ့ အထွေထွေအတွင်းရေးမှူး တစ်ခါက ပြောခဲ့ဖူးသလို တစ်သက်လုံး ခြေထောက်ရိုက်ချိုးလာ ပြီးမှ အပြေးပြိုင်ရအောင်လို့ ခေါ်သလို အခြေအနေကို ရင်ဆိုင်နေရတာပါ။
တိုင်းရင်းသားနိုင်ငံရေးပါတီများ
၂၀၁ဝ ခုနှစ် ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွေကို ပြန်လည်သုံးသပ်ကြည့်ပါမယ်။ ၂၀၁ဝ ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်သွင်းဖို့နဲ့ ရွေးကောက်ပွဲ ဒီမိုကရေစီ (Electoral Democracy)ကို အယောင်ပြ ဖွင့်ဖို့အတွက် အစချီတဲ့ ပွဲသာဖြစ်ပါတယ်။ ဒီပွဲမှာလည်း USDP အစိုးရက တိုင်းရင်းသားပါတီတွေကို အိမ်ဖြည့်ဖို့သဘော နဲ့ ရွေးကောက်ပွဲထဲ ထည့်ခဲ့ပါတယ်။ ၂၀၁၅ ရောက်လာတဲ့အခါမှာ လူနည်းစုတိုင်းရင်းသားတွေဟာ လက်ရှိ အာဏာရ NLD ပါတီကို တစ်နိုင်ငံလုံး အပြောင်းအလဲဖြစ်ဖို့ မဲ့ထည့်ခဲ့ရပါတယ်။
စင်စစ်အားဖြင့် တိုင်းရင်းသားနိုင်ငံရေးပါတီတွေဟာ မိမိတို့ရဲ့ လူထုအတွက် ကိုယ်စားပြုမှုနဲ့ အကျိုးအတွက် ရပ်တည် ချက်ကို ထုတ်ဖော်အစွမ်းပြနိုင်ဖို့ အခွင့်အရေး မရခဲ့သေးပါဘူး။ ဒါကို တိုင်းရင်းသားနိုင်ငံရေးပါတီတွေအနေနဲ့ မိမိရဲ့ မဲဆန္ဒရှင်လူထုသိအောင် သဘောပေါက်အောင် ပြောပြနိုင်ရပါမယ်။ မိမိတို့ ပါတီတွေအနေနဲ့ မစွမ်းတာမဟုတ်ဘဲ အစွမ်း ပြခွင့်မရသေးဘူးဆိုတာကို သိအောင် အရင်လုပ်ဆောင်ရပါမယ်။
ဒီ့အပြင် မိမိတို့ တိုင်းရင်းသားပါတီတွေအနေနဲ့ အမှန်တကယ်ပဲ လုပ်ဆောင်နိုင်စွမ်းရှိအောင် ပြင်ဆင်နိုင်ရပါမယ်။ မိမိလူ ထုရဲ့ဆန္ဒကို သိမ်းယူနိုင်ရုံနဲ့ မပြီးသေးဘဲ မိမိတို့ လေးနက်တဲ့ ရူပါရုံ (vision)တွေနဲ့ မူဝါဒလမ်းစဉ်တွေကို ရေးဆွဲချမှတ် နိုင်စွမ်း ရှိရပါမယ်။ ဥပမာ- ကရင်တွေဟာ ကရင်ဖြစ်လို့ မဲပေးရတယ် မဟုတ်ဘဲ မိမိတို့ဟာ အမှန်တကယ် အုပ်ချုပ်နိုင် စွမ်း၊ မူဝါဒချမှတ်နိုင်စွမ်း၊ အကောင်အထည်ဖော်နိုင်စွမ်းတွေရှိကြောင်း ရှင်းလင်းချပြနိုင်ဖို့ လိုပါတယ်။
အနာဂတ်အတွက် လုပ်ငန်းတာများ
လက်ရှိ တိုင်းရင်းသားပါတီတွေအနေနဲ့ လာမယ့် ရွေးကောက်ပွဲအတွက် ကြေညာစာတမ်းတွေ အသီးသီး ထုတ်ပြန်ထား နိုင်ကြပါတယ်။ သို့သော် အားလုံးဟာ ယေဘုယျအနေနဲ့ ဖက်ဒရယ်စနစ်တွေ၊ ဒီမိုကရေစီတွေကို အကောင်အထည်ဖော် မယ်။ မိမိလူထုအခွင့်အရေးကို လုပ်ဆောင်မယ်၊ ဖွံ့ဖြိုးရေးတွေ လုပ်မယ်။ စသဖြင့် ဖော်ပြထားကြပါတယ်။ ဒီအရာကို တွေကို ဘယ်လိုစနစ်တကျ အကောင်အထည်ဖော်ဖို့ ရည်မှန်းချက်ပန်းတိုင်တွေ၊ ဗျူဟာတွေ၊ မူဝါဒတွေ အကောင်အ ထည်ဖော်မယ့် နည်းလမ်းတွေကို ဖော်ထုတ်ချပြနိုင်ရပါမယ်။ ဒါတွေကို ချပြတယ်လို့ ဆိုတဲ့အခါမှာ မိမိတို့ အမျိုးသား ရည်မှန်းချက် ပန်းတိုင်တွေကို ဘယ်လိုဆင့်ကဲ ပံ့ပိုးနိုင်မယ်ဆိုတာကိုလည်း ရှင်းလင်းပြောပြနိုင်ရပါမယ်။ ဒါတွေကို လုပ် ဆောင်နိုင်ဖို့ အချက် (၃)ချက်လောက်ကို ရေရှည်မျှော်မှန်းချက်ထားပြီး လုပ်ဆောင်နိုင်ရပါမယ်။
(၁) ရည်မှန်းချက် ပန်းတိုင် ချမှတ်ခြင်း (Set Your Vision)
တိုင်းရင်းသားလူမျိုးရဲ့ ရည်မှန်းချက်နဲ့ ရပ်တည်ချက်ဟာ မိမိတို့လူမျိုးအခွင့်အရေးကို စတင်ဖော်ထုတ်စဉ်ကတည်းက မခေခဲ့ပါဘူး။ မိမိလူမျိုးဟာ တခြားလူမျိုးကို အနိုင်မကျင့်သလို၊ အနိုင်ကျင့်လာရင်လည်း ငုံ့မခံတဲ့ မူဝါဒနဲ့ ရပ်တည်ခဲ့တာ ပါ။ ဒါကြောင့် ယခုအချိန်မှာ လူမျိုးကြီးတစ်မျိုး၊ ပါတီကြီးတစ်ပါတီက အရာရာအားလုံး သူပဲ မြင်နိုင်တယ် စီမံပေးနိုင် မယ်ဆိုတဲ့ ထင်ကြေးတွေကို ချေဖျက်ဖို့အတွက် ကျနော်တို့ရဲ့ ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေဟာ ပိုပြီး ကြီးကျယ်ခမ်း နားကြောင်း သက်သေပြဖို့လိုပါတယ်။
ဒါကြောင့် တိုင်းရင်းသားပါတီတွေအနေနဲ့ လိုလားတဲ့ ပြည်ထောင်စုကြီးဟာ ဘယ်လိုပုံစံဖြစ်သင့်တယ်။ မိမိတို့ ကိုယ်ပိုင် ပြဌာန်းခွင့်ဟာ မိမိတို့လူမျိူးတွေ ရှိတဲ့နေရာတိုင်းမှာ ဘယ်လိုရှိရမယ်ဆိုတာကို သတ်မှတ်ရပါမယ်။ ပြည်ထောင်စုတစ် ဝှမ်းလုံးဟာ ဘယ်လို အခြေခံသင့်တယ်၊ မိမိတို့ဟာ တစ်မျိုးထဲအရေးသာမက ပြည်ထောင်စုတစ်ဝှမ်းအလုံးအတွက်နဲ့ပါ ကိုက်ညီအောင် စဉ်းစားထားနိုင်တယ်ဆိုတာကို မိမိလူထုနဲ့သက်ဆိုင်ရာ နိုင်ငံရေးမဟာမိတ်တို့ ပူးပေါင်းပြီး ညီညီညွှတ် ညွှတ် ချမှတ်နိုင်ရပါမယ်။
(၂) မဟာဗျူဟာပြောင်းလဲခြင်း (Change Your Strategy)
ဗျူဟာတွေကိုလည်း ပြုပြင်ရပါမယ်။ ကျနော်တို့အနေနဲ့ ယခင် လူမျိုးတူချင်းမို့လို့ မဲထည့်ပါဆိုတာနဲ့ မလုံလောက်ဘဲ မိမိတို့ပါတီတွေအနေနဲ့ မိမိတို့လူမျိုးနဲ့အတူ ရောနှောနေထိုင်တဲ့လူမျိုးတွေကို အတူပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ပြနိုင်တဲ့ဗျူဟာတွေကို ချမှတ်ရပါမယ်။ ဒီဗျူဟာတွေဟာ ၂၀၂ဝအတွက်၊ ၂၀၂၅အတွက်ပါ ရေရှည်မှာ အားလုံးအတွက် အကျိုးရှိမယ့် ဗျူဟာတွေ ဖြစ်နိုင်ရပါမယ်။
ဘယ်လိုဗျူဟာတွေလဲဆို (၁)မိမိတို့လူမျိုးတွေဟာ ကိုယ့်လူမျိုးပါတီတွေကို နိုင်ငံရေးမှာ ပိုပြီး ယုံကြည်လာဖို့ နိုင်ငံအသိ ပညာ မြှင့်တင်မှုနဲ့ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရပါမယ်။ (၂) အတူရောနှော နေထိုင်နေတဲ့ အခြားတိုင်းရင်းသားတွေဟာ မိမိတို့ပါတီတွေအပေါ် ယုံကြည်လာအောင် စည်းရုံးနိုင်ရပါမယ်။ (၃) လက်ရှိ လက်တွဲဆောင်ရွက်နေတဲ့ တိုင်းရင်း သားမဟာမိတ်တွေနဲ့ ပိုပြီးအားကောင်းအောင် ချိတ်ဆက် ဆောင်ရွက်နိုင်ရပါမယ်။ (၄) ဒါ့အပြင် လက်ရှိ ရှိနေတဲ့ အကျိုး အမြတ်မပါတဲ့ အဖွဲ့အစည်းတွေရဲ့အားကို ယူရပါမယ်။ (၅) ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်တွေကို ပိုမိုအားကောင်းလာ အောင် တည်ဆောက်ရပါမယ်။ ဒီအရာတွေ အားလုံးအတွက် ကာလတို၊ ကာလလတ်၊ ကာလရှည် စီမံကိန်းတွေ လိုအပ် ပါမယ်။
(၁) မူဝါဒ လမ်းစဉ်များကို အသေးစိတ်တည်ဆောက်ခြင်း (Outline Your Policy Platform)
တိုင်းရင်းသားပါတီတွေဟာ ကျနော်တို့ဟာ ပါတီတွေပဲ အစိုးရလို မူဝါဒတွေ ချမှတ်ဖို့ ဘယ်ဖြစ်နိုင်မလဲလို့ မတွေးသင့်ဘဲ အစိုးရမူဝါဒကို ဝေဖန်စဉ်းစားနိုင်ပြီး ဒါတွေကို ဝေဖန်စဉ်းစားနိုင်ဖို့ကို အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အကူအညီကိုယူပြီး မူဝါဒရေးရာ ဝေဖန်ချက်များ၊ မိမိပါတီအနေဖြင့် လုပ်ပိုင်ခွင့်ရရင် မူဝါဒတွေကို ဘယ်လိုကျင့်သုံးကြမလဲ စသည်ဖြင့် ကဏ္ဍအလိုက် ပြင်ဆင်ထားနိုင်ရပါမယ်။ ဒီမူဝါဒတွေဟာ တရားသေဖြစ်စရာ မလိုဘဲ အထက်က ဖော်ပြခဲ့တဲ့ ရည်မှန်း ချက်၊ ပန်းတိုင်၊ ဗျူဟာတွေကို အထောက်အကူပြုဖို့ပဲ ဖြစ်ပါတယ်။ ဥပမာ- တစ်ခုအနေနဲ့ ဧရာဝတီဒေသ မြစ်ဝကျွန်းပေါ် ဒေသလိုမျိုးမှာ ကျနော်တို့ဟာ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးရေးမူဝါဒမျိုးကို ထိထိရောက်ရောက် ပြနိုင်ရင်၊ ရေနစ်မှ လာကယ်တဲ့အစိုးရထက် ကျနော်တို့ ဒေသခံတွေရဲ့ ယုံကြည်မှုကို ပိုရလာပါလိမ့်မယ်။ ဒါ့အပြင် ယဉ်ကျေးမှုနဲ့ စာပေဆိုင်ရာ မူဝါဒတွေကို ချပြတဲ့အခါ လက်ရှိ ရှိနေတဲ့ သင်ရိုးညွန်းတမ်းတွေမှာ ဘာသာပြန် သင်နေရ တာမျိုးထက်၊ တကယ် ကိုယ့်နေရာဒေသ သမိုင်းနှင့်အခြေအနေကို ထင်ဟပ်တဲ့မူဝါဒမျိူးကို ချပြနိုင်ရင် ပိုပြီး ထိရောက် တဲ့အဆင့်ကို ရောက်လာပါလိမ့်မယ်။
တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ ဦးဆောင်မှု
လက်ရှိရရှိထားတဲ့ အခင်းအကျင်းဟာ ပြီးပြည်စုံမှု မရှိဘဲ ပြည်သူလူထု ပါဝင်မှ မိမိတို့အနေဖြင့် ရပ်တည်နိုင်မယ် လူထု အင်အား လိုအပ်ဆိုတာကို တောင်းခံသင့်ပါတယ်။ ကရင်ဖြစ်လို့ ကရင်ကိုမဲထည့်ပါ။ မထည့်ရင် မသိတတ်တာ နိုင်ငံရေး အမြင်မရှိတာ ဆိုတဲ့ ပြစ်တင်မှုမျိုးကို လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။ နိုင်ငံရေးဆိုတဲ့ အလုပ်ဟာ ဦးဆောင်ရတဲ့ အလုပ် ဖြစ်ပါတယ်။ ပြည်သူက မသိသေးရင် သိအောင် ပြောရမယ်။ မပါဝင်လာသေးရင် ပါဝင်လာအောင် စည်းရုံးနိုင်ရမယ်။ အဲ့လိုဖြစ်ဖို့လည်း ကိုယ့်ကိုယ်ကို တည်ဆောက်ရမှာပါ။ ၂၀၂ဝနီးရင် သွားစည်းရုံးလိုက်၊ မဲထည့်ခိုင်းလိုက် လုပ်ရုံဖြင့်တော့ ရေရှည်အတွက် ပြည်သူတွေရဲ့ နှလုံးကို မသိမ်းပိုက်နိုင်ပါဘူး။ ဒါကြောင့် မိမိတို့ရဲ့ ရည်မှန်းချက်တွေ လမ်းစဉ်တွေကို အမြဲလိုလို ပြည်သူနဲ့ ထိတွေ့အောင် လုပ်နေရပါမယ်။ မိမိတို့ရဲ့ပန်းတိုင်ဟာ ရွေးကောက်ပွဲ အောင်နိုင်ရေး မဟုတ်ဘဲ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရှိတဲ့ ပြည်ထောင်စုဆိုတာ မမေ့ဘဲ ရေရှည်လက်တွဲ ချီတက်ရပါမယ်။
တိုင်းရင်းသားလူထုများအတွက် လုပ်ဆောင်သင့်သည်များ
မိမိတို့ လူမျိုးကိုယ်စားပြု ပါတီတွေအနေနဲ့ အခြားလူမျိုးကြီးပါတီနှင့် နှိုင်းယှဉ်လျှင် အားနည်းနိုင်ပါတယ်။ ဒါဟာ သမိုင်း အဆက်ဆက် ကွာဟမှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒီကွာဟမှုကို တန်းညှိနိုင်ဖို့ ယနေ့တိုင် ကြိုးစားနေရဆဲ ဖြစ်ပါတယ်။ ယခင် အဆက်ဆက် ရွေးကောက်ပွဲမှာ အလုံးစုံပြောင်းလဲရေး မျှော်မှန်းချက်ကို ထောက်ဆပြီး မဲပေးခဲ့ပေမယ့် ဒီကနေ့ အာဏာရပါတီရဲ့ ပြောကြားချက်ကိုကြည့်ရင် တိုင်းရင်းသားလူထုတွေအနေနဲ့ အာဏာရပါတီ ပေးသလောက်ယူ၊ မယူ ရင် တပ်မတော်ရဲ့ ပေးတာယူရမယ်ဆိုတဲ့ နိုင်ငံရေး ခြောက်လုံးလှန့်လုံးတွေသာ ပြန်ရတာကို တွေ့ရပါမယ်။
ဒါကြောင့် မိမိတို့လူထုအနေနဲ့ မိမိရဲ့လူမျိုးပါတီတွေကို အခွင့်အရေးပြောင်းပေးသင့်ပြီလို့ ယူဆပါတယ်။ မိမိတို့လူမျိုး ပါတီကိုလည်း တတ်နိုင်တဲ့ဘက်က ပါဝင်ဆောင်ရွက်ခြင်းဖြင့် အားသစ်လောင်းသင့်ပါတယ်။ မိမိတို့ လူမျိုးရဲ့ ရည်မှန်း ချက်နဲ့ လိုလားချက်ကို တစ်ခြားမှာ မျှော်လင့်နေရတာထက် ညီညွှတ်မှုအားကိုးပြီး ကိုယ်တိုင်အားထုတ်ယူရတာ ပိုပြီး ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်ပါလိမ့်မယ်။
ယခုကျင်းပနေတဲ့ ရွေးကောက်ပွဲတွေဟာ မိမိပန်းတိုင်မဟုတ်ပေမဲ့ ဒီကိုလျှောက်လှမ်းတုန်း လမ်းတစ်လျောက်မှာ အလေ့အထတစ်ခုအဖြစ် ပြောင်းလဲယူနိုင်ရပါမယ်။ မိမိတို့ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝ ရလာတဲ့အခါမှာလည်း မဲပေးခြင်းဖြင့် ကိုယ်ရဲ့ တစ်သီပုဂ္ဂလအခွင့်အရေးကို ကျင့်သုံးရမှာပဲ ဖြစ်ပါတယ်။ နောက်ဆုံးအနေနှင့် ပြောချင်တာက- ၂၀၁၆ ခုနှစ်အတွင်းလောက်မှာ လက်ရှိနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က စကားတစ်ခွန်းပြောခဲ့ပါတယ်။ ဒါကတော့ ရွေးကောက်ပွဲမှာ မဲမနိုင်တဲ့ပါတီကို ဘယ်လိုကိုယ်စားပြုတယ်လို့ အသိအမှတ်ပြုရမလဲ ဆိုတဲ့စကားဖြစ်ပါတယ်။ ဒီစကားသာ တည်ခဲ့မယ်- တိုင်းရင်းသားလူနည်းစုတွေဟာ ကိုယ့်ကို ကိုယ့်လူမျိုးက ကိုယ်စားပြုနိုင်တယ်ဆိုတာ ထောက်ခံမှုကို ပြခြင်းအားဖြင့် မိမိလူမျိုးအကျိုးအတွက် ဆောင်ရွက်နေတဲ့ ပါတီတွေကို အခွင့်အရေး တစ်လှည့်ပေးသင့် တယ်လို့ပဲ ပြောချင်ပါတယ်။
# စောရှိုင်းကိုကိုလွင်သည် သံလွင်ပြည်သူ့ရေးရာ မူဝါဒလေ့လာရေးအဖွဲ့၏ လုပ်ငန်းစဉ် တွဲဖက်တာဝန်ခံတစ်ဦးဖြစ် သည်။ လက်ရှိအချိန်တွင် သံလွင်ပြည်သူရေးရာ မူဝါဒလေ့လာရေးအဖွဲ့၏ ကျား-မ တန်းတူရေး၊ လုံခြုံရေးကဏ္ဍနှင့် ပဋိ ပက္ခဆိုင်ရာကိစ္စရပ်များ၊ ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဒေသန္တရအစိုးရများအကြောင်း အစရှိသည့် သုတေ သနနှင့် လုပ်ငန်းစဉ်များကို ဆောင်ရွက်နေသူ ဖြစ်သည်။