“စစ်တွေရဲ့ အနိဌာရုံကို သိရှိပြီးတော့ တပ်မတော်ကို စစ်ပွဲထဲက ဆွဲထုတ်နိုင်တဲ့ အစိုးရ တစ်ရပ်ပုံစံမျိုး ဖြစ်စေချင်တယ်” ပဒို စောလှထွန်း (KNU၊ တွဲဘက် အတွင်းရေးမှူး – ၂)
၁၃ ရက် အောက်တိုဘာ ၂၀၂၀
၂၀၀၈ဖွဲ့စည်းအခြေခံဥပဒေအရ ဖြစ်ပေါ်လာတဲ့ ၅ နှစ်တစ်ကြိမ် အထွေထွေရွေးကောက်ပွဲဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူအခွင့်အရေးရရှိဖို့အတွက် တိုက်ပွဲဝင် နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအတွက် ဘယ်လိုအဓိပ္ပါယ် သက်ရောက်မှုမျိုးရှိပါမလဲ၊ ဘယ်လောက်အရေးပါနေမလဲဆိုတာက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ သို့ပေမယ့်လည်း ဒီလိုရွေးကောက်ပွဲကနေ ဖြစ်ပေါ်လာမယ့် အစိုးရကိုတော့ ဘယ်လိုပုံစံမျိုးဖြစ်သင့်တယ်ဆိုတဲ့ဆန္ဒတော့ ကိုယ်စီရှိနေကြမှာပါ။ မိမိတို့အနေနဲ့ ကရင်ပြည်နယ်ထဲက ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်ပိုင်းတွေရဲ့ အမြင်သဘောထားတွေကို ယခုလိုစုစည်းတင်ပြအပ်ပါတယ်။

ပဒိုစောလှထွန်း။ ။ KNU တွဲဘက် အတွင်းရေးမှူး(၂)
ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေကတော့ သူတို့ရဲ့ ရည်ရွယ်ချက် ပါတီရဲ့ အကျိုး၊ ပါတီရဲ့ နိုင်ငံရေး မျှော်မှန်းချက်တွေ အခြေခံနဲ့ ဖွဲ့စည်းထားတဲ့ ပါတီတွေဖြစ်တဲ့အတွက် ပါတီတစ်ခုချင်းစီမှာတော့ ရည်ရွယ်ချက်တွေ ရှိကြမှာပေါ့။ ဒါပေမယ့် ကျနော်တို့ဘက်ကတော့ ဒီနိုင်ငံအတွက် တည်ဆောက်ချင် တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကိုသွားဖို့ အရွေ့တစ်ခုကို သွားနေရတဲ့ အခါကျတော့ အဓိက ဒီနိုင်ငံအတွက် ဒီမိုကရေစီ စနစ်ကို ပီပီ ပြင်ပြင် တည်ဆောက်ပေးနိုင်မယ့် ဒီမိုကရက်တစ်ပါတီ တွေအပါအဝင်နဲ့ နောက်ဆုံး တိုင်းရင်းသား လူမျိုးတွေနဲ့ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေအပေါ်မှာတော့ ကျနော်တို့ ကြိုဆို ထောက်ခံတယ်။ ဒါမှ ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ရဲ့ အရွေ့ကို တွန်းအားဖြစ်စေမှာပေါ့။
ဒီကနေ့ ဒီနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာနဲ့ လက်နက်ကိုင်တော်လှန်တဲ့ နိုင်ငံရေး ပြဿနာ အရင်းခံတွေမှာ အဓိက တိုင်းရင်းသား လူမျိုးတွေရဲ့ တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးတဲ့ အခြေခံတွေ ဆုံးရှုံးနေလို့ပဲဖြစ်တယ်။ အခု တိုင်းရင်းသား နိုင်ငံရေး ပါတီတွေကလည်း အဓိက သူတို့ လူမျိုးရဲ့ အမျိုးသား ရေးကို အခြေခံတဲ့ ဒီနိုင်ငံကို တည်ဆောက်ချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို တည်ဆောက်ချင်တဲ့ နိုင်ငံရေး ပါတီတွေ ဖြစ်တယ်လို့ ကေအဲန်ယူ အနေနဲ့ ယူဆလက်ခံတယ်။ ဒီ ၅နှစ်သက်တမ်းကို တာဝန်ယူရမယ့် အစိုးရကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲပေးမယ့် အစိုးရ တစ်ရပ် လိုမျိုး ဖြစ်ပေါ်လာစေချင်တယ်။ ဘာဖြစ်လဲဆိုတော့ သွားနေတဲ့ အာဏာရှင်နဲ့ နိုင်ငံရေး ပုံစံကိုတော့ ကျနော်တို့ လက်ခံတဲ့ လက်ခံနိုင်တဲ့ နိုင်ငံရေး စနစ်တစ်ခု မဟုတ်ဘူးဆိုတာကိုတော့ ဖွဲ့စည်းလို့ မရဘူး။
အဲ့ဒါကြောင့် ဒီနိုင်ငံအတွက် ဖြစ်စေချင်တဲ့ ဒီနိုင်ငံရေး စနစ်နဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲပေးမဲ့ အစိုးရ တစ်ရပ်ကို ဖြစ်ပေါ်စေချင်တာ အဓိက ဖြစ်တယ်။ ဒုတိယ တစ်ချက်က ဒီအစိုးရ အနေနဲ့က ဒီမိုကရေစီ အတွက်ဖြစ်စေ တိုင်းရင်းသား လူမျိုးတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို သိရှိနားလည်ပြီးတော့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ချင်တဲ့ အစိုးရ တစ်ရပ်အနေနဲ့လည်း ဖြစ်စေချင်တယ်။
တစ်ဖက်မှာတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်း စစ်မီးဟာ နှစ်ပေါင်း ၇ဝ ကျော်ကြာလာခဲ့ပြီးဖြစ်တယ်။ ဒီ ပြည်တွင်း စစ်မီး ငြိမ်းသွားအောင် စစ်တွေရဲ့ အနိဌာရုံကို သိရှိပြီးတော့ တပ်မတော်ကို စစ်ပွဲထဲက ဆွဲထုတ်နိုင်တဲ့ ဖြစ်ပေါ် လာမဲ့ အစိုးရ တစ်ရပ်ပုံစံမျိုး ဖြစ်စေချင်တယ်။ ဒါကလည်း ဒီနိုင်ငံအတွက် လိုအပ်နေတဲ့ ကြီးမားတဲ့ စိန်ခေါ်ချက် တစ်ရပ်ဖြစ်ပြီး ဒါကို ပြုပြင်ပြောင်းလဲပေးနိုင်မယ့် ဖန်တီး ပေးနိုင်မယ့် အစိုးရ တစ်ရပ်အနေနဲ့ ဖြစ်ပေါ်စေ ချင်တယ်။

ဗိုလ်မှူးကြီး စောကျော်ညွန့်။ ။ KNU/KNLA-PC တွဲဘက် အတွင်းရေးမှူး
ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်သွားဖို့က ကျနော်တို့ တိုင်းရင်းသား ပါတီတွေ အနေနဲ့ လွှတ်တော်ထဲ ရောက်ဖို့လိုတယ်။ ကရင်ပါတီနဲ့ ပတ်သက်ရင်လည်း ပါတီတွေက အများကြီးပဲ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်တက်လာမယ့် အစိုးရသစ်မှာ တိုင်းရင်းသားတွေ လွှတ်တော်ထဲမှာ ရောက်နေဖို့ နဲ့ ဖက်ဒရယ် ပြည်ထောင်စုကို အကောင်အထည်ဖော်တဲ့နေရာမှာ လည်း ပိုမို အဆင်ပြေ ထိရောက်ဖို့လိုတယ်။
ကရင်ပါတီတွေအပေါ်မှာတော့ ကွဲပြာပြီးတော့ မပြောချင်ဘူး။ ဒါပေမဲ့ ကိုယ့်ပြည်သူ လူထုတွေ အကြားမှာ ကိုယ့်ကရင်ပါတီကို မဲထည့်နိုင်အောင် ကျနော်တို့ ရောက်တဲ့ နေရာ တိုင်းမှာ နားလည်အောင် ပြောပြတာမျိုး ကိုယ့်နေရာ ဒေသအလိုက် လှုပ်ရှားပေးတာမျိုးတော့ ရှိပါတယ်။
လက်ရှိ ကျနော်တို့ နယ်မြေထဲမှာတော့ ဒီကိုဗစ်ကပ်ရောဂါ ကာလကြောင့် အသွားအလာတွေ ကန့်သတ်ထား တာမျိုးလည်းရှိတော့ ပါတီတွေ အနေနဲ့ ဝင်ရောက်လှုပ်ရှားတာမျိုး သိပ်မတွေ့ရဘူး။ မဲဆွယ်လှုပ်ရှားမှု မရှိဘူး။ ဒါပေမဲ့ ဆိုင်းဘုတ်ထောင်တာ ပိုစတာကပ်တာတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ ပြီးခဲ့တဲ့ လတုန်းကတော့ ပြည်ခိုင်ဖြိုးပါတီက ခေါင်းဆောင်တစ်ယောက် ကျနော်တို့ အဖွဲ့ရဲ့ ခေါင်းဆောင်သစ်ကို လာတွေ့တာမျိုးတော့ ရှိပါတယ်။ ဒီအတိုင်း စကားလက်ဆုံပြောကြတာမျိုးပဲ ရှိတာပါ။
ကျနော်တို့ အနေနဲ့ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတစ်ရပ်အနေနဲ့ ဒီ NCA မှန်ကန်တဲ့ သဘောထားနဲ့ ဆက်ပြီးဖော်ဆောင်လုပ်ကိုင်သွားမဲ့ အစိုးရ တစ်ရပ်အနေနဲ့ကော ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်မှုမှာ အထူးစိတ်ဝင်စားပြီး ကျနော်တို့ နဲ့ ပူးပေါင်းလုပ်ဆောင် နိုင်မယ့် အစိုးရသစ် တစ်ရပ်ကို မျှော်လင့်ပါတယ်။

ဗိုလ်မှူးချုပ် စောမူးခို ( ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော်-(DKBA )
ဒီ မဲပေးမှုနဲ့ ပတ်သက်ပြီး နိုင်ငံရေး ဦးဆောင်မှုမှာ DKBAရဲ့သဘောထားကတော့ ကိုယ့် ကရင်အမျိုးသားပါတီ တွေကိုပဲ ဦးစားပေးစေချင်တာပေါ့။ ကျနော်တို့ ဒေသမှာ ကရင်ပါတီတွေကိုပဲ အမြဲတမ်း မဲထည့်ကြပါတယ်။ ဒါပေမဲ့ နိုင်တာတော့ မတွေ့ဖူးသေးဘူး။ ကျနော်တို့ မိခင် KNU အဖွဲ့အစည်းကလည်း ကရင်ပါတီတွေကိုပဲ ထောက်ခံတာပဲ။ ကျနော်တို့လည်း အတူတူပါပဲ။
ရွေးကောက်ပွဲ လုပ်ပြီး အစိုးရသစ်တက်လာပေမယ့်လည်း သိသာတဲ့ နိုင်ငံရေးပြောင်းလဲမှုက သိပ်မတွေ့ရဘူး။ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံအောက်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ဘာမှ မတတ်နိုင်ဘူး။ ဒါပေမဲ့ ဒီတစ်ခါ ရွေးကောက်ပွဲမှာ ကရင်ပါတီတွေ အနေနဲ့ အနိုင်ရတာမျိုး ရှိလာခဲ့ရင်တော့ လုပ်ပိုင်ခွင့် တစ်စုံတစ်ရာရရှိရင် တော့ အမျိုးသားအခွင့်အရေး အတွက်လည်း ပိုအဆင်ပြေတာပေါ့။
စအိုင်ဆူး(KIC) – စုစည်းတင်ပြသည်။