တိုင်းရင်းသားအခွင့်အရေးနှင့် ဖက်ဒရယ်ရှုထောင့်မှ သုံးသပ်ချက်
နော်ဂလဲဒစ်(စ်)မောင်မောင်
နောက်ခံအကြောင်းအရာ
လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသားလူမျိုးစုတွေကြားက လက်ရှိ ဆက်ဆံ ရေးဟာ အတိုင်းအတာတစ်ခုအထိ တင်းမာနေတယ်ဆိုတာဟာ အများသိနှင့်ပြီးဖြစ်ပါတယ်။
တိုင်းရင်းသားတွေရဲ့ သဘောဆန္ဒနဲ့ ဆန့်ကျင်ပြီး တိုင်းရင်းသားပြည်နယ်တွေမှာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူတာမျိုးနဲ့ ဆန္ဒထုတ်ဖော်သူ တိုင်းရင်းသားလူထုကို အင်အားသုံးပြီး ဖိနှိပ်တာမျိုးအပြင် တိုင်းရင်းသားပြည်နယ်တွေမှာ အစဉ်တစိုက် တိုက်ပွဲတွေဖြစ်ပွားနေပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတဲ့ တပ်မတော်ရဲ့ လုပ်ဆောင်မှုတွေပေါ်မှာ တိတ်ဆိတ် နေတဲ့ လုပ်ရပ်တွေဟာ တင်းမာမှု ဖြစ်ရခြင်းရဲ့ပူပူနွေးနွေး အကြောင်းရင်းသာဓကများထဲမှ အနည်းအကျဉ်းသာ ဖြစ်ပါ တယ်။ ၂၀၂ဝ အထွေထွေ ရွေးကောက်ပွဲနီးချိန်မှာ “တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ စိတ်ကူးတောင် မရှိဘူး”၊ “တိုင်းရင်းသားပါတီတွေကို မဲပေးခြင်းအားဖြင့် အခွင့်အရေး ပိုရလာမှာ မဟုတ်ဘူး” စသဖြင့် ပါတီခေါင်းဆောင်ပိုင်းက ဖွင့်ဟ ပြောဆိုလာတာတွေအပေါ်မှာလည်း တိုင်းရင်းသားပါတီများ အပါအဝင် နိုင်ငံရေးသုံးသပ်သူ တော်တော်များများ က ဝေဖန်ရှုံ့ချပြီး ဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲထိတောင် တိုင်းရင်းသားလူမျိုးများရဲ့ ဝန်းရံပံ့ပိုးမှုကို တောင်းခံခဲ့ပြီး တိုင်းရင်းသားတို့ရဲ့ တန်းတူ ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပါမယ်လို့ ကတိအထပ်ထပ်ပေးခဲ့တဲ့ NLD ပါတီဟာ တကယ်တမ်း အာဏာရလာချိန်မှာတော့ အမှန်တကယ် စွမ်းဆောင်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ ငြိမ်းချမ်းရေးကစလို့ တန်း တူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပါအဝင် ခြေဥပြင်ဆင်ရေးကိုပါ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့တာပါ။ NLD အနေနဲ့ တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ စိတ်စေတနာ အတော်နည်းတယ်ဆိုတာကို သက်တမ်း ငါးနှစ်အ တွင်း အာဏာရပါတီရဲ့ လုပ်ရပ်တွေကို ကြည့်ခြင်းဖြင့် အထင်အရှား သိနိုင်ပါတယ်။
ဒီမှာ နားလည်ထားရမှာက ၂၀၂ဝမှာ ရွေးကောက်ပွဲဝင်မယ့် NLD ဟာ ၂၀၁၅ တုန်းက ရွေးကောက်ပွဲဝင်တဲ့ NLD နဲ့ အနေအထား မတူဘူးဆိုတာကိုပါ။ ၂၀၁၅ တုန်းက အပြောင်းအလဲကို အင်တိုက်အားတိုက်ဖော်ဆောင်မယ်ဆိုပြီး အတိုက်အခံပါတီအနေနဲ့ ပြိုင်ခဲ့တာဖြစ်ပြီး ၂၀၂ဝ မှာတော့ အာဏာရပါတီအနေနဲ့ ပြိုင်တာဖြစ်လို့ လက်ရှိအာဏာ ဆက်ကို ဆက်လက်ထိန်းသိမ်းထားချင်လို့ ပြိုင်တာဖြစ်နိုင်ပါတယ်။ မဲဆွယ်ဆောင်ပုဒ်ကအစ အောင်လံခိုင်ဖို့ဆိုပြီး ဖြစ်လာတာကိုကြည့်ပါ။
ခြေဥပြင်ဆင်ရေးကိုရော နိုင်ငံရေး တည်ဆောက်ပုံ ပြောင်းလဲရေးအတွက်ပါ တိုက်တိုက်တွန်းတွန်းလုပ်မယ် ဆိုတဲ့ သဘောကနေ သူတို့ အာဏာရတုန်း လုပ်ထားတဲ့ လုပ်ဆောင်ချက်တွေကိုပဲ ပြင်ဆင်မွမ်းမံပြီး ဆက်လုပ်မယ်ဆိုတဲ့ဆီ သဘောထား ဆင့်ကဲပြောင်းလဲလာပြီဆိုတာကို သတိပြုဖို့ လိုပါလိမ့်မယ်။ ဒီလိုလုပ်လိုတဲ့ဆန္ဒဟာ NLD ရဲ့ ၂၀၂ဝအထွေ ထွေရွေးကောက်ပွဲ ကြေညာစာတမ်းကို ရိုးရိုးတန်းတန်းကြည့်လို့ မထင်ရှားပေမယ့် ၂၀၁၅ခုနှစ်က ကြေညာစာတမ်းနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ထင်ထင်ရှားရှား မြင်နိုင်ပါတယ်။
ဒါတောင် အခုလက်ရှိမှာလည်း NLD ပါတီက သူတို့ပါတီကိုမဲထည့်မှသာလျှင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မယ်ဆိုပြီး မဲဆန္ဒရှင်တွေကို စည်းရုံးလှုံ့ဆော်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီသက်တမ်းငါးနှစ်အတွင်း မတည်ခဲ့တဲ့ ကတိကဝတ်တွေကို ဘယ်လိုပုံစံပြောင်းပြီး ချဉ်းကပ်မလဲဆိုတာကို ၂၀၂ဝ ကြေညာစာတမ်းမှာ သွားကြည့် ပြီး လေ့လာမိပါတယ်။ စိတ်မကောင်းစွာနဲ့ဘဲ တွေ့ရတာက ၂၀၁၅တုန်း တိုင်းရင်းသားတန်းတူရေးနဲ့ ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေးအပေါ်က ထားခဲ့တဲ့ commitment တွေပါ တော်တော်များပါ မှေးမှိန်ပျောက်ကွယ်သွား တယ်ဆိုတာပါပဲ။
တိုင်းရင်းသားတွေအနေနဲ့ ၂၀၂ဝ ရွေးကောက်ပွဲမှာရော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ တန်းတူ ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက် NLD ကို အားကိုးယုံကြည်ပြီး မဲပေးလို့ရမလားဆိုတဲ့ ဆုံးဖြတ်ချက်ကို အချက်အ လက် ပြည့်စုံစွာ ချနိုင်ဖို့အတွက် ၂၀၁၅ ကြေညာစာတမ်းနဲ့ ၂၀၂ဝ ကြေညာစာတမ်းနှစ်ခုကို နှိုင်းယှဉ်သုံးသပ်ပြလိုက်ပါ တယ်။
နှိုင်းယှဉ်ရာမှာ တိုင်းရင်းသားများအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွားရေး၊ ပညာရေးနဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဆိုပြီး အပိုင်းလေးပိုင်းခွဲပြီး သုံးသပ်ထားပါတယ်။ ဒီလေးပိုင်းဟာ ကြေညာစာတမ်းနှစ်ခုကို ယှဉ်ဖတ်တဲ့အခါမှာ အသိ သာဆုံး ကွာခြားမှုကို ပြတဲ့ အပိုင်းလေးပိုင်းလည်း ဖြစ်ပါတယ်။
၁။ တိုင်းရင်းသားများအရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး
“တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် MSDP တို့နှင့်အညီ တိုင်းရင်းသားလူ မျိုးများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် ဆောင်ရွက်မည်။” ဆိုပြီး အစချီထားပါတယ်။ ဒီဥပဒေနဲ့ ပြဌာန်း ချက်တွေကို ရည်ညွှန်းကြည့်တဲ့ အခါမှာ တိုင်းရင်းသားလူမျိုးများရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဆက်စပ်တဲ့ ပြဌာန်းချက်တွေ လုံးဝ မပါဝင်တာကို တွေ့ရပါတယ်။
တိုင်းရင်းသားများအရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအကြောင်းနဲ့ စပ်လျဉ်းပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာ တမ်းမှာ “တိုင်းရင်းသားအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွတ်မှုဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်း သာယာရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်တံ့ ခိုင်မြဲရေးအတွက် ဦးတည်ဆောင်ရွက်မည်။” ဆိုပြီး ပါပါတယ်။ အလားတူ စာပိုဒ်ကို ၂၀၂ဝ စာတမ်းမှာကျတော့ “ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်တံ့ခိုင်မြဲ ရေးတို့အတွက် ပြည်ထောင်စု စိတ်ဓာတ်အခြေခံ၍ ထာဝစဉ် လက်တွဲနေထိုင်ရေး” ဆိုပြီး မွမ်းမံရေးသားထားတာကို တွေ့ရပါတယ်။ ဒီစကားရပ်နှစ်ခု၏ ကွာခြားချက်ကိုကြည့်မယ်ဆိုရင် ၂၀၁၅ ကြေညာစာတမ်းပါ စကားရပ်ဟာ ပြည် ထောင်စု တည်တံ့ခိုင်မြဲရေးကို ဦးစားပေးပြီး ၂၀၂ဝ ကြေညာစာတမ်းမှ စကားရပ်က ထာဝစဉ် လက်တွဲနေထိုင်ရေးကို အသားပေးတဲ့ဟန် ရှိနေပါတယ်။
ဒါ့အပြင် “တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေး တိုးတက်ဖြစ် ထွန်းရေး” ဆိုတဲ့ စာပိုဒ်တစ်ခုကိုလည်း ၂၀၂ဝ ကြေညာစာတမ်းမှာ ထပ်လောင်း ထည့်သွင်းထားပါတယ်။ ဒီအချက်တွေ ကိုကြည့်ခြင်းအားဖြင့် NLD ဟာ တိုင်းရင်းသားလူမျိုးတို့ရဲ့အရေးကို ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူရေးရှုထောင့်က ထက် လူမှုသဟဇာတဖြစ်မှု ရှုထောင့်ကသာ ကြည့်ပြီး ပြောနေခြင်းဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်။
ဒါကို ကြည့်ခြင်းဖြင့် နောက်တစ်ခု ကောက်ချက်ချနိုင်တာက NLD ဟာ တိုင်းရင်းသားရေးနဲ့ပတ်သက်ပြီး ၂၀၁၅တုန်းက ပေးခဲ့တဲ့ ကတိတွေကို တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနနဲ့ လွှတ်တော်တွင်း တိုင်းရင်းသားရေးရာကော်မတီ ထားရှိပေး ခြင်းဖြင့် တစ်စုံတစ်ရာ ဆောင်ကျဉ်းပေးနိုင်ခဲ့ပြီလို့ ယူဆပုံရတယ်ဆိုတာပါ။
၂။ စီးပွားရေး
၂၀၁၅ ကြေညာစာတမ်းမှာ ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုနှင့် ပတ်သက်ပြီးတော့ စီးပွားရေးကဏ္ဍမှာ အောက်ပါအ တိုင်း ဖော်ပြထားပါတယ်။
“(ခ) ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုကို ဖြေလျော့စေရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ တိုင်းဒေသကြီး အစိုးရများအကြား အသင့်လျော်ဆုံး ခွဲဝေသုံးစွဲနိုင်ရန် ဆောင်ရွက် မည်။ တစ်ချိန်တည်းမှာပင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးနှင့် ပတ်သက်၍ မမျှတမှု များ မဖြစ်ပေါ်စေရန် ညှိနှိုင်း ကြိုးပမ်း ဆောင်ရွက်သွားမည်။”
၂၀၂ဝ ကြေညာစာတမ်းပါ စီးပွားရေးကဏ္ဍမှာတော့ ဗဟိုချုပ်ကိုင်မှုလျှော့ချမယ့် အကြောင်းတစ်စုံတစ်ရာ မပါဝင်တာ ကို တွေ့ရပါတယ်။ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့ အားလုံးဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေမည်ဟု ဖော်ပြထားပေ မယ့် ၎င်းတို့ရဲ့ လုပ်ပိုင်ခွင့်နှင့်ပတ်သက်ပြီး ရပ်တည်မှုသဘောထားကိုတော့ ချပြထားခြင်း မရှိပါဘူး။
ပုဂ္ဂလိကစီပွားရေးကဏ္ဍကိုအားပေးခြင်းဖြင့် လူသားအရင်းအမြစ်များ တိုးတက်လာစေမယ်ဆိုတဲ့ အချက်ကတော့ ၂၀၂ဝ မှာ အသစ်ထည့်သွင်းလိုက်တဲ့ အချက်ဖြစ်ပြီး တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာစေမယ် ဆိုတဲ့အ ချက်ဟာလည်း အမှန်တကယ် အကောင်အထည်ဖော်မယ်ဆိုရင်တော့ ပြည်နယ်အသီးသီးမှာရှိတဲ့ တိုင်းရင်းသားတို့အ တွက် အလုပ်အကိုင်အခွင့်လမ်း ဖန်တီးဖို့ အလားအလာရှိတဲ့ အချက်ဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်။
၃။ ပညာရေး
ပညာရေးနဲ့ ပတ်သက်ရင်ကတော့ ၂၀၁၅ ကြေညာစာတမ်းမှာ “ဖက်ဒရယ် ပြည်ထောင်စုမူနှင့်အညီ တိုင်းရင်းသား ဘာသာစကားနှင့် ယဉ်ကျေးမှုကို အားပေးမြှင့်တင်သည့် ပညာရေးစနစ်ကို ဖော်ဆောင်သွားမည်။”ဆိုပြီး အတိအလင်း ဖော်ပြထားပါတယ်။ အထမြောက်အောင်မြင်ရန် အစီအစဉ်ကိုလည်း အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
“(က) ကွဲပြားခြားနားသည့် ဘာသာစကားပြောသော မူလတန်း တိုင်းရင်းသား ကလေးငယ်များအတွက် ကလေးများ၏ မိခင်ဘာသာစကားပြောနိုင်သည့် ဆရာ ဆရာမ များဖြင့် သင်ကြားပေးမည်။
(ခ) မိခင်စာပေ ဘာသာစကားကို မူလတန်းတွင် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းအစီအစဉ်ဖြင့် ဆောင်ရွက်ရန်ထောက်ပံ့ မည်။”
၂၀၂ဝ ကြေညာစာတမ်းမှာတော့ဖြင့် တိုင်းရင်းသား ဘာသာစကားနှင့် ယဉ်ကျေးမှုကို အားပေးမြှင့်တင်ပေးမယ့် ပညာ ရေးအကြောင်းနှင့်ပတ်သက်တဲ့ ကတိပါဝင်ခြင်း မရှိတာကို သွားတွေ့ရပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် ပညာရေးကဏ္ဍ မှာလည်း တိုင်းရင်းသားလူမျိုးစုတွေနဲ့ ပြတ်သားစွာ ရပ်တည်ခြင်း အရိပ်အယောင် မှေးမှိန်လာတာကို တွေ့ရပါတယ်။
သို့သော် ဒီလိုပြောလို့ ပညာရေးမှာ မျှော်လင့်စရာ မရှိတာတော့ မဟုတ်ပါဘူး။ “တက္ကသိုလ်နှင့် ကောလိပ်များသည် လွတ်လပ်သော ကိုယ်ပိုင်စီမံခွင့်ဖြင့် ရပ်တည်ရေး” ဆိုတဲ့အချက်နဲ့ ပုဂ္ဂလိကကျောင်းထောင်ခွင့်ပေးပြီး ပုဂ္ဂလိက ကဏ္ဍ ၏ ပူးပေါင်းပါဝင်မှုကို အားပေးမြှင့်တင်လိုတဲ့ အချက်တွေဟာ ဗဟိုချုပ်ကိုင်မှုလျှော့ချရာမှာ အလားအလာကောင်းတဲ့ အစပျိုးမှုဖြစ်ပြီး ဒီကမှတစ်ဆင့် ပြည်နယ်နဲ့ တိုင်းဒေသကြီးတို့က ကျောင်းတွေမှာ ကိုယ်ပိုင်သင်ရိုးပြဌာန်းနိုင်ဖို့အတွက် အရှိန်ယူမှုတစ်ခု ဖြစ်လာနိုင်ချေရှိပါတယ်။
၄။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီးတော့လည်း၂၀၁၅ ကြေညာစာတမ်းမှာ “တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ် ပေါ်ထွန်းရေး”အတွက် လက်ရှိအခြေခံဥပဒေကို ဖက်ဒရယ်ဒီမိုကရေစီမူများပေါ် မူတည်ကာ ပြင်ဆင် မယ်ဆိုပြီး အတိအကျ ဖော်ပြထားတာ ရှိပါတယ်။
၂၀၂ဝ ကြေညာစာတမ်းမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ကတိကဝတ် တစ်စုံတစ်ရာ ပေးထားခြင်းမရှိတာကို တွေ့ရပြန်ပါတယ်။ “စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်ရေး” ဆိုတဲ့အချက်ကို ၂၀၁၅ ကြေညာစာတမ်းနည်းတူ စာတမ်းရဲ့ ရှေ့ဆုံးစာမျက်နှာ မှာ ရေးသားဖော်ပြထားတယ် ဆိုပေမယ့် ၂၀၂ဝ ကြေညာစာတမ်းမှာ အသစ်ထပ်မံ ပိုင်းခြားထည့်သွင်းထားတဲ့ ကဏ္ဍ တွေဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ ကြေညာချက်တွေမှာ ဖက်ဒရယ်မူကိုအခြေခံတဲ့ ပြောင်းလဲမှုများကို ဖော်ပြထားတာမဟုတ်ဘဲ ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်တဲ့ ကတိပေးချက်များသာ ဖြစ် တယ်လို့ သုံးသပ်နိုင်ပါတယ်။
စင်စစ်မှာ ဒီလို ကြေညာစာတမ်းပါအချက်တွေဟာ ဒီမိုကရေစီ မပြည့်ဝသေးသရွေ့ ဖက်ဒရယ်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပေးဖို့မသင့်ဘူး ဆိုတဲ့ NLD အာဏာ ရပြီးနောက်ပိုင်း ခြေဥပြင်ဆင်ရေးကို ချဉ်းကပ်ပုံနဲ့ ထင်ဟပ်မှု ရှိပါတယ်။
တကယ်တမ်း ၂၀၁၅ ကြေညာစာတမ်းနဲ့ မယှဉ်ဘဲ ၁၉၈၉ ကြေညာစာတမ်းနဲ့ ယှဉ်ရင်တောင် ၂၀၂ဝခုနှစ်ထုတ် NLD ရွေးကောက်ပွဲ ကြေညာစာတမ်းဟာ တိုင်းရင်းသားတို့ရဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် စတဲ့နေရာတွေမှာ ရပ်တည် ချက်တွေ အများကြီး လျော့ရဲနေတာကိုတွေ့ရမှာပါ။ ၁၉၈၉ ကြေညာစာတမ်းမှာတောင် တိုင်းရင်းသားလူမျိုးများနှင့် ပတ်သက်ပြီး “တိုင်းရင်းသားလူမျိုးအားလုံးသည် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စသော နယ်ပယ်အသီးသီး၌ ကိုယ် ပိုင်ပြဌာန်းခွင့်ရှိရေးကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အညီ ဦးတည်ရှေးရှုမည်။”ဆိုတဲ့ တိကျပြတ်သားတဲ့ ကတိ ကဝတ်ပေးထားတာကို တွေ့ရတာဖြစ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲကြေညာစာ တမ်းသုံးခုထဲမှာ ၂၀၂ဝခုနှစ် ကြေညာစာတမ်းဟာ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဦးစားပေးမှု အနည်းဆုံးပင် ဖြစ်နေတယ်လို့ သုံးသပ်ရင်တောင် ရနိုင်ပါတယ်။
နိဂုံး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရဖြစ်တဲ့ ငါးနှစ်သက်တမ်းတစ်လျှောက်မှာ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာ တမ်းတုန်းက ပေးခဲ့တဲ့ ကတိကဝတ်တွေကို ရေရေရာရာ တည်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်မယ်ဆိုတာဟာလည်း နိုင်ငံရေးအရ လုပ်ပိုင်ခွင့်၊ စွမ်းဆောင်ရည်နဲ့ စိတ်စေတနာ အားနည်းမှု တွေကြောင့် တိုင်းရင်းသားလူထု မျှော်မှန်းခဲ့သလို အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။ အခုတစ်ခါ ၂၀၂ဝ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာလည်း မတည်နိုင်ခဲ့တဲ့ ကတိတွေအပေါ်မှာ အစီအစဉ် အသေးစိတ်နဲ့ မွမ်းမံဖြည့်စွက်ပြီး ပြန်လည်ချ ပြမယ့်အစား ရေရောပြီး ယေဘုယျဆန်ဆန် ပြန်ဖော်ပြထားတာမျိုး တွေ့ရပါတယ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် လျော်ညီသောပြောင်းလဲမှုမျိုးသည်သာ NLD အတွက် အဓိကဦးစားပေးဖြစ်နေပြီး တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဆက်စပ်တဲ့ ရပ်တည်ချက်ဟာ ပြတ်သားမှုရှိမနေဘူးဆိုတာကို လက်ရှိအာ ဏာရအစိုးရရဲ့ လုပ်ရပ်တွေအပြင် ယခု တရားဝင်ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ ကတိကဝတ် တွေကို လေ့လာကြည့်ခြင်းဖြင့်ပါ သိနိုင်ပါတယ်။ အထက်က နှိုင်းယှဉ်သုံးသပ်ချက်တွေကိုကြည့်ခြင်းဖြင့် တိုင်းရင်းသား ပြည်သူတွေအနေနဲ့ ၂၀၂ဝ ရွေးကောက်ပွဲမှာလည်း NLD ကိုပဲ ဆက်လက်အားကိုးဖို့အတွက် လုံလောက်တဲ့ အကြောင်း ရင်း ရှိမနေပါဘူးလို့ သုံးသပ်ယူဆပါတယ်။
နော်ဂလဲဒစ်(စ်)မောင်မောင်
—————————————-
နော်ဂလဲဒစ်(စ်)မောင်မောင်သည် သံလွင်ပြည်သူ့ရေးရာ မူဝါဒလေ့လာရေး အဖွဲ့တွင် သုတေသနတာဝန်ခံအဖြစ် လုပ်ကိုင်လျက်ရှိပြီး မကြာသေးမီကပင် “၂၀၂ဝ အထွေထွေရွေးကောက်ပွဲအတွက်အသင့်ပြင်ခြင်း- မြန်မာနိုင်ငံရှိတိုင်းရင်းသားနိုင်ငံရေးပါတီများ၏ မဲဆွယ်ဗျူဟာများကို ပိုမိုကောင်းမွန်စေမည့် နည်းလမ်းများ” ဟူသည့် စာတမ်းတစ်စောင် ကို ပြုစုရေးသားထားသည့် သုတေသီတစ်ဦးလည်းဖြစ်သည်။