Home Facts Checking News Covid-19 ဒုတိယလှိုင်း ကြိုတင်ကာကွယ်‌ရေး အစီအစဉ်များ မြဝတီတွင် ‌ဆောင်ရွက်

Covid-19 ဒုတိယလှိုင်း ကြိုတင်ကာကွယ်‌ရေး အစီအစဉ်များ မြဝတီတွင် ‌ဆောင်ရွက်

2541
Photo: Nay Naw

ဩဂုတ် ၂၃ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

မြန်မာနိုင်ငံတွင် ရက်အ‌တော်ကြာ ငြိမ်သက်‌နေသည့် Covid-19 ကူးစက်ပြန့်ပွားမှုအ‌ခြေအ‌နေမှ ရခိုင်ပြည်နယ် စစ်‌တွေမြို့၌ ယခုရက်ပိုင်းအတွင်း အများအပြားကူးစက်မှုရှိခဲ့သည့် ပြည်တွင်းကူးစက်မှု ဂယက်‌ကြောင့် အခြား မြို့ကြီးများနည်းတူ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် Covid-19 ဒုတိယလှိုင်း ကြိုတင် ကာကွယ်‌ရေး အစီအစဉ်များကို ချမှတ်‌ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

မြဝတီမြို့တွင် Covid-19 ကူးစက်မြန်‌ရောဂါ ဒုတိယလှိုင်း ကြိုတင်ကာကွယ်‌ရေးအတွက် ယ‌နေ့ (ဩဂုတ်လ ၂၃ ရက်) နံနက် ၉ နာရီအချိန်ခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့စီမံကိန်းဘဏ္ဍာ‌ရေးနှင့် စည်ပင်သာယာ‌ရေးဝန်ကြီးဦး သန်းနိုင်နှင့် ‌ဒေသအုပ်ချုပ်‌ရေး တာဝန်ရှိသူများက မြဝတီမြို့ဘုရင့်‌နောင်‌ဈေးကြီးနှင့် လမ်းသွားလမ်းလာ ပြည်သူ များကို နှာ‌ခေါင်းစည်း(Mask) များ ကိုယ်တိုင်တပ်ဆင်‌ပေးပြီး အသိပညာ‌ပေးမှုများ ပြုလုပ်ခဲ့သည်။

မြဝတီခရိုင် အုပ်ချုပ်‌ရေးမှူး ဦး‌တေဇာ‌အောင်က “အခုဆိုရင် ပြည်သူ‌တွေအ‌နေနဲ့ Covid-19 ကူးစက်‌ရောဂါကို အ‌လေးထားမှု‌တွေ‌ပေါ့‌လျော့လာကြတာကို ‌တွေ့လာရပါတယ်။ လူစည်ကားတဲ့‌ဈေး‌တွေမှာဆိုရင် (Mask)‌တွေ မတပ်‌တော့ပဲ ‌ဈေး‌ရောင်း‌ဈေးဝယ် ပြုလုပ်‌နေတာ‌တွေကို အ‌တော်များများ‌တွေ့လာရတယ်။ Covid-19 ဗိုင်းရပ်ပိုးဟာ နှာ‌ချေ‌ချောင်းဆိုခြင်းမှမဟုတ်ဘဲ ‌ရောဂါပိုးရှိသူမှ သာမာန်အသက်ရှူရုံနဲ့ ‌လေထဲမှာ ပျံ့နှံ့နိုင်တဲ့ အ‌ခြေအ‌နေ‌ကြောင့် မဖြစ်မ‌နေ လမ်းထွက်ရမယ်ဆိုရင် Maskများကို တပ်ဆင်ကြဖို့ အထူးလိုအပ်ပါတယ်။ ဒါ‌ကြောင့် ကျန်းမာ‌ရေးနဲ့အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ညွှန်ကြားချက်‌တွေအတိုင်း လိုက်နာကြဖို့နဲ့ Mask ‌တွေကိုဆင်ကြဖို့ လူစည်ကားရာ ‌နေရာ‌တွေမှာ အသိပညာ‌ပေးခြင်းများ ‌ဆောင်ရွက်ရခြင်း ဖြစ်ပါ တယ်။”ဟု ‌ပြောသည်။

ယခုလိုအသိပညာ‌ပေးပြီး‌နောက်ပိုင်း လမ်းမများ‌ပေါ်နှင့် လူစည်ကားရာ‌နေရာများတွင် နှာ‌ခေါင်းစည်းများ မတပ် ဆင်ဘဲ သွားလာမှုများကို ‌တွေ့ရှိမည်ဆိုပါက ကျန်မာ‌ရေးဌာနမှ တရားရုံးကို တရားစွဲတင်ပြီး ပထမအကြိမ်အ‌နေ ဖြင့် တရားရုံးက ဒဏ်‌ငွေရိုက်မှာဖြစ်‌ကြောင်း၊ လိုက်နာမှုမရှိဘဲ ထပ်မံကျူးလွန်သူများကို ကူးစက်‌ရောဂါ ကာကွယ် နှိမ်နင်း‌ရေး ဥပ‌ဒေဖြင့် အ‌ရေးယူသွားမည်ဖြစ်‌ကြောင်း ဦး‌တေဇာ‌အောင်က ဆက်‌ပြော သည်။

မြဝတီမြို့သည် ထိုင်း-မြန်မာနယ်စပ်မြို့ ဖြစ်သည့်အတွက် ထိုင်းနိုင်ငံနှင့် နယ်ခြား‌သောင်ရင်းမြစ် တ‌လျှောက်ရှိ ‌လှေဂိတ်များမှတဆင့် ဖြတ်သန်းသွားလာမှုများ မရှိ‌စေ‌ရေးအတွက် လုံခြုံ‌ရေးတင်းကြပ်ထားပြီး ‌စောင့်ကြည့်သွား မည်ဖြစ်သလို ဥပ‌ဒေချိုး‌ဖောက်သူများအား တည်ဆဲဥပ‌ဒေအရ အ‌ရေးယူသွားမည်ဖြစ်‌ကြောင်းလည်း ခရိုင်တာ ဝန်ရှိသူများက ‌ပြောသည်။

၎င်းအပြင် မြဝတီမြို့အဝင် သကင်္န်းညီ‌နောင်ရှိ အဖွဲ့စုံဂိတ်၌ ကရင်ပြည်နယ်မှအပ အခြားတိုင်းနှင့်ပြည်နယ်များမှ ဝင်‌ရောက်လာသူများကို ကိုယ်‌ရေးအကျဉ်းနှင့် ခရီးသွားမှတ်တမ်းများရယူပြီး လိုအပ်ပါက ကျန်းမာ‌ရေးစစ်‌ဆေး မှုများ‌ဆောင်ရွက်သွားမည်ဟု မြဝတီခရိုင် အုပ်ချုပ်‌ရေးမှူး ဦး‌တေဇာ‌အောင်က ‌ပြောဆိုထားသည်။