ဇူလိုင် ၂၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စောရှား
၂၀၂ဝ အထွေထွေရွေးကောက်ပွဲဝင်ပြိုင်မည်ဟု သတင်းထွက်ပေါ်နေသည့် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းရုံး ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က အဆိုပါကိစ္စ ပြောရန် စောသေးသည်ဟု ဇူလိုင် ၂၃ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
ယခုလို သတင်းထွက်ပေါ်နေမှုအပေါ် ကေအိုင်စီက ပဒိုမန်းငြိမ်းမောင်အား ဆက်သွယ်မေးမြန်းရာတွင် ၎င်းက “ အဲဒါ ပြောဖို့ စောပါသေးတယ်” ဟု ပြောသည်။
ပဒိုမန်းငြိမ်းမောင်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်အရွေးခံမည်ဟု ဧရာဝတီတိုင်းဒေသကြီးရှိ ကရင်အသိုင်းအဝိုင်းတွင် ဇူလိုင်လဆန်းပိုင်းကတည်းက သတင်းထွက်ပေါ် နေခြင်းဖြစ်သည်။
ယခုလို ရွေးကောက်ပွဲဝင်မည်ဆိုပါက ကေအဲန်ယူက တရားဝင်နုတ်ထွက်ရမည်ဖြစ်သလို အဆိုပါ ကိစ္စအပေါ် ကေအဲန်ယူက သီးခြားထုတ်ပြန်သွားရန်ရှိကြောင်း ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သတင်းရရှိသည်။



















