Home သတင်း ပြည်သူ့လိုအပ်ချက်များအတွက် လှူဒါန်းမှုများပြုလုပ်သွားရန် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ စီစဉ်

ပြည်သူ့လိုအပ်ချက်များအတွက် လှူဒါန်းမှုများပြုလုပ်သွားရန် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ စီစဉ်

2783
Photo: Naw Thazin Toke

‌မေလ ၁၂ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

ကရင်ပြည်နယ်ရှိ ပြည်သူများ၏ လတ်တ‌လော‌တွေ့ကြုံ‌နေရသည့် အခက်အခဲများ၊ လိုအပ်ချက်များကို တဖက် တလမ်းမှ ကူညီ‌ဖြေရှင်း‌ပေးနိုင်ရန်အတွက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDPက ကူညီလှူဒါန်းမှုများ ပြုလုပ်‌ပေးသွားရန် စီစဉ်‌နေ‌ကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။

ထိုသို့လုပ်‌ဆောင်ရာတွင် ပြည်နယ်အတွင်း တိုက်ပွဲ‌ရှောင် ပြည်သူများ၊ COVID-19 ကာကွယ်ထိန်းချုပ်‌ရေး စီမံ ချက်များအပြင် လက်ရှိပြည်နယ်အတွင်း ‌နေရာ‌တော်‌တော်များများတွင် ကြုံ‌တွေ့‌နေရသည့် ‌ရေပြတ်လပ်မှု အ‌ခြေအ‌နေများအတွက် ကူညီနိုင်ရန် ပါတီအ‌နေဖြင့် ယခုလို ဆုံးဖြတ်ခြင်းဖြစ်‌ကြောင်း KNDP ပါတီ ဥက္ကဋ္ဌ မန်း‌အောင်ပြည်စိုးက ‌ပြောသည်။

“‌မေလ ၉ ရက်‌နေ့မှာ (ပါတီတွင်း)သီးသန့် အ‌ရေး‌ပေါ်အစည်းအ‌ဝေး‌ခေါ်ပြီး‌တော့ ပါတီအတွက် ‌ဇောင်း‌ပေးတာ မျိုးမဟုတ်ဘဲ တကယ့်‌စေတနာနဲ့ နိုင်သ‌လောက် စုကြ‌ဆောင်းကြတာ‌ပေါ့။ ဒီတစ်‌ခေါက်က တစ်‌သောင်းကစ ၅ သိန်းအထိ လှူကြတာ ရှိတယ်‌လေ။ ဆက်လက်ပြီး လှူဒါန်းသွားဖို့လည်း ရှိပါတယ်။” ဟု ‌ကေအိုင်စီသို့ ယ‌နေ့ (‌မေလ ၁၂ ရက်)တွင် ‌ပြောသည်။

လိုအပ်သည့် ‌နေရာများတွင် လှူဒါန်းရန်အတွက် ‌ကောက်ခံရရှိသည့် ရံပုံ‌ငွေ ကျပ်သိန်း(၃၀) ‌ကျော်အား ‌မေလ ၁ဝ ရက်‌နေ့တွင် ကမ‌မောင်းမြို့နယ်ခွဲ၊ ဝါသိုခိုရွာရှိ တိုက်ပွဲ‌ရှောင်များအတွက် ဆန်အိတ်များ၊ ၁၁ ရက်‌နေ့တွင် ပြည်နယ်ကျန်းမာ‌ရေးမှူးမှတဆင့် COVID-19 ကာကွယ်ထိန်းချုပ်‌ရေးစီမံချက်၊ ၁၂ ရက်‌နေ့တွင် လှိုင်း ဘွဲမြို့ နယ်၊ မြိုင်ကြီးငူရှိ စစ်‌ဘေး‌ရှောင် ပြည်သူများအတွက် ဆန်နှင့်အဝတ်အထည်များ လှူဒါန်းခဲ့ပြီဖြစ်သည်ဟု မန်း‌အောင်ပြည်စိုးက ဆက်‌ပြောသည်။

ထို့အပြင် ‌ရေရှားပါး‌နေသည့် ဖားအံမြို့နယ်ရှိ အ‌နောက်ဖက်ကမ်း၌ ရ‌သေ့ပျံ၊ ဘားကပ် ‌ကျေးရွာအုပ်စုများနှင့် အ‌ရှေ့ဖက်ခြမ်း၌ သာမည‌ဒေသများသို့ လာမည့်ရက်ပိုင်းအတွင်း ‌ရေများသွား‌ရောက်လှူဒါန်းသွားရန် စီစဉ်ထား‌ကြောင်းလည်း KNDP တာဝန်ရှိသူများထံမှ သိရသည်။

ဖားအံမြို့နယ်ရှိ အင်းအိုင်၊ ‌ရေတွင်းများမှ ‌ရေများမည်းနက်သည့်အ‌ရောင်‌ပြောင်းလဲသည့်ကိစ္စဖြစ်‌ပေါ်ပြီး‌နောက် ပိုင်း ‌ရေပြဿနာပူပန်ခဲ့ရသည့် ‌ဒေသခံများအတွက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်တွင် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ-KNDP မှ ဦး‌ဆောင်၍ ‌သောက်‌ရေနှင့်သုံး‌ရေများကို သွား‌ရောက် လှူဒါန်းခဲ့ဖူးသည်။