မတ်လ ၃ ရက်။ ၂၀၂ဝ ခုနှစ်။ နေနော်
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် -NCAတွင် လက်မှတ်ထိုးထားသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ ၏ ထိန်းချုပ်ရာနယ်မြေတစ်ခုဖြစ်သော ဖ လူးကြီးကျေးရွာအုပ်စု ကျောက်ခက်ကျေးရွာ အနီးဝန်ကျင်တွင် မြန်မာ့တပ်မတော်မှ ဝင်ရောက် စခန်းချနေ ထိုင်မှုများရှိနေ၍ တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံပြည်သူများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။
ယခင်က ထိုနေရာတွင် ဤကဲ့သို့ တပ်မတော်မှ ရက်ရှည် စခန်းချနေထိုင်မှုများမရှိခဲ့ဘူး၍ ယခုလို ထူး ထူးခြားခြား လာရောက်စခန်းချ နေထိုင်မှုအပေါ် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို ဒေသခံပြည် သူ များ စိုးရိမ်နေကြခြင်း ဖြစ်သည်။
“ကျနော်တို့ ကျောက်ခက်ရွာမှာ အရင်က မြန်မာစစ်တပ်ဘက်က လာရောက်စခန်းချနေထိုင်မှု တစ်ခါမှ မရှိခဲ့ဘူး။ အခုလို ရက်ရှည် စခန်းချနေထိုင်မှုကြောင့် နှစ်ဖက်တပ်များ အောက်ခြေမှာ ပွတ်တိုက်မှုများ ရှိလာနိုင်ပြီး တိုက်ပွဲတွေပြန်ဖြစ်မှာကို ရွာသားတွေအနေနဲ့ စိုးရိမ်နေကြတယ်” ကျောက်ခက်ကျေး ရွာနေ စောဒီးဒီး က ပြောသည်။
မြဝတီခရိုင် ဖလူးကြီးကျေးရွာအုပ်စု ကျောက်ခက်ကျေးရွာ အနီးဝန်းကျင်တွင် မြန်မာ့တပ် မတော် ဘက်မှ တပ်ဖွဲ့ဝင်အင်အား ၆ဝ ကျော်ခန့် စခန်းချနေထိုင် လျက်ရှိရာ အဆိုပါတပ်ဖွဲ့ဝင်များမှာ လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၁၇ရက်နေ့က အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ခရီးစဉ်လုံခြုံရေး ယူသည့် တပ်ဖွဲ့များဖြစ်ပြီး ယနေ့ မတ်လ ၃ရက်နေ့ အချိန်ထိ ထိုနေရာမှာ စခန်းချနေထိုင်မှုများ ရှိနေကြောင်းသိရသည်။
ထိုသို့ မြန်မာ့တပ်မတော်မှ ရက်ရှည် စခန်းချနေထိုင်မှုများရှိနေ၍ ရွာသားများအနေဖြင့် လုပ်ငန်းခွင် နှင့် အခြားသွားရေးလာရေးကိစ္စများတွင် လွတ်လပ်မှု မရှိသလို ခံစားနေရကြောင်း ပြောဆိုကြသည်။
“ရွာထဲမှာ စစ်တပ်ကနေပြီး အခုလို ရက်ရှည် စခန်းချနေထိုင်မှုကြောင့် တိုက်ပွဲများ ဖြစ်လာမှာကို စိုးရိမ်မှုရှိနေသလို ရွာသားများအဖို့ ဖားရှာ၊ ငါးရှာ တောတိုးထင်းခုတ် အစရှိတဲ့ လုပ်ငန်းခွင်များနဲ့ အခြားသွားရေးလာရေး ကိစ္စတွေမှာ လွတ်လပ်မှုမရှိသလို ခံစားနေရတယ်”ဟု ကျောက်ခက် ကျေးရွာနေ နော်အဲ့စယ်မူး က ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)တွင် ဆွေးနွေးသွားရန်ရှိသော်လည်း လက်ရှိအချိန်တွင် မှတ်ချက်တစ်စုံတစ်ရာ မပေးလိုသေးကြောင်း DKBA ဘက်က ပြောသည်။
မြဝတီမြို့၏ တောင်ဘက် မိုင်(၃၀)ခန့်အကွာတွင်ရှိသော ဖလူးကြီးကျေးရွာအုပ်စု ကျောက်ခက် ကျေးရွာသည်အိမ်ခြေ (၂၀၀)ကျော်ခန့်ရှိပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလလယ်ပိုင်းက ပြုလုပ်သည့် ပထမဦးဆုံးတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ထိုးထားသည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ ထိန်းချုပ်ရာ နယ်မြေဒေသတစ်ခု ဖြစ်သည်။



















