မတ်လ ၃ ရက်၊ ၂၀၂ဝခုနှစ်။ နေနော်
မြန်မာ-ထိုင်းနယ်စပ်မြဝတီကုန်စည်ဈေးကွက်တွင် ထိုင်းဘတ်ငွေဈေးလျော့ ကျ လာခြင်းကြောင့် ထိုင်းနိုင်ဘက်သို့ ပို့ကုန် အများဆုံးတင်ပို့နေသော ပြောင်းကုန်သည်များ အရှုံးပေါ်နေကြောင်း သိရသည်။
ယမန်နေ့ (မတ်လ ၂ရက်)က မြဝတီမြို့ အမှတ်(၄)ရပ်ကွက် အာရှလမ်းမကြီး Great One Hotel အစည်းအဝေးခန်းမတွင် ပြုလုပ်သော မြန်မာနိုင်ငံပြောင်း ကုန်သည်များအသင်း ဆွေးနွေးပွဲအပြီး ကုန်သည်များက မီဒီယာသို့ ပြောကြားခဲ့ ခြင်းဖြစ် သည်။
မြန်မာ့လယ်ယာထွက်ပြောင်းဆန်များကို ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်၍ တင်ပို့လျက်ရှိရာ နေ့စဉ်ကုန်တင်တွဲယာဉ် အစီး ၃၀ဝ ကျော် တင်ပို့လျက်ရှိသည်ဟု နယ်စပ်ကုန်သည်များထံမှ သ်ိရသည်။
မြန်မာ့ပြောင်းဆန်များ ထိုင်းနိုင်ငံဘက်သို့ စတင်တင်ပို့ခဲ့သည့် ဖေဖော်ဝါရီ ပထမ ပတ်က ထိုင်းဘတ်ငွေပေါက်ဈေးမှ ကျပ်တစ်သိန်းကို ၂,၂၀ဝဘတ် (ဘတ်၁၀၀= ၄,၅၄၅ကျပ် )ရှိခဲ့ရာမှ ယခု မတ်လ ပထမပတ်တွင် ကျပ်တစ်သိန်းကို ၂,၂၄၅ ဘတ်(ဘတ်၁၀၀= ၄,၄၀ဝကျပ်)သို့ ပြောင်းသွားခဲ့ခြင်းကြောင့် ကုန်ကား တစ်စီးလျှင် ကျပ် ၇ သိန်းခန့် အရှုံးပေါ်နေသည်ဟု ဆိုသည်။

မြန်မာကုန်သည်များမှာ ထိုင်းကုန်ပစ္စည်းများကို မိမိဝယ်လိုလျှင်လည်း ထိုင်းကုန်သည်များ သတ်မှတ်သည့်ဈေးနှုန်း အတိုင်းဝယ်ယူရသလို မိမိ ရောင်းလိုလျှင်လည်း ထိုင်းကုန်သည်များပေးသည့်ဝယ်ဈေးဖြင့်သာ ရောင်းချနေရခြင်းမှာ မဖြစ်သင့်သည့်ကိစ္စ ဖြစ်သည်ဟု ကုန်သည်များက ပြောသည်။
သို့ဖြစ်၍ မြဝတီမြို၌ ကြိုက်ဈေးရမှ ရောင်းချနိုင်သော ကုန်စည်ဒိုင်တစ်ခု ဖြစ်လာ နိုင်ရေးအတွက် မတ်လ ၂ ရက်နေ့က နယ်စပ်ကုန်သည် လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံအတွင်းရှိ ပြောင်းကုန်သည်များက မြဝတီမြို့ အမှတ်(၄)ရပ်ကွက် အာရှလမ်းမကြီးနံဘေးရှိ ဂရိတ်ဝမ်းဟိုတယ် အစည်းဝေးခန်းမ၌ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
မြဝတီနယ်စပ်မှတဆင့် ထိုင်းနိုင်ငံထုတ် ကုန်စည်များကို ၁၂ လ ရာသီမရွေး တင်သွင်းမှုများရှိနေသလို မြဝတီကုန် သည်များ အနေဖြင့်လည်း အိမ်နီးချင်း နိုင်ငံများသို့ မြန်မာ့လယ်ယာထွက်ကုန်များကို ရက်လချိန်ခါမရွေး တင်ပို ့ခွင့်ရရှိအောင် တောင်းဆိုမှုများရှိသော်လည်း နိုင်ငံသား အကျိုးစီးပွား ကာကွယ်ရန်ဟုဆိုကာ ထိုင်းနိုင်ငံ၌ပြောင်း ထွက်ချိန်တွင် အခွန်နှုန်း အဆမတန် တိုးမြှင့်ကာ တားမြစ်ထားသည်ဟု ကုန်သည်များက ပြောသည်။



















