မတ်လ ၁၁ ရက်၊ ၂၀၁၉ ခုနှစ်။ စောရှား
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ထုတ်ပြန်သော ရွှေ့ပြောင်းနေထိုင်သူများနှင့်ပတ်သက်၍ မဲပေးပိုင်ခွင့် ရက်ပေါင်း ၉ဝ သတ်မှတ်ချက်ကို ကရင်ပြည်နယ်အခြေစိုက် ကရင်ပါတီများက လက်မခံကြောင်း ယနေ့ ထပ်လောင်း ပြောဆိုလိုက်သည်။
UEC မှ ပဉ်စမအကြိမ်ပြင်ဆင်သော ရွေးကောက်ပွဲနည်းဥပဒေတွင် ရွှေ့ပြောင်းနေထိုင်သူများ၏ မဲပေးပိုင်ခွင့် ရက်ပေါင်း ၁၈ဝ အစား ရက်ပေါင်း ၉ဝ ဟူ၍ ပြည်သူ့လွှတ်တော်မှ ဖေဖော်ဝါရီ ၂ဝ ရက်က အတည်ပြုအပြီး ကရင်ပါတီ များက ယခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ စောခင်မောင်မြင့်က “ဒီကိစ္စက နည်းနည်းလုပ်ကြံဖန်တီးတဲ့ အကွက်မျိုး ဖြစ်နေတာကြောင့် လွန်ခဲ့တဲ့ ၂ လကတည်းက မောင်ကျော်(ဦး)တို့ ပါတီအပါအဝင် ညီနောင်တိုင်းရင်းသား ၂၄ ပါတီစုပေါင်းပြီး လုံးဝသဘောမတူကြောင်း လက်မှတ်ရေးထိုးထုတ်ပြန်ထားပြီးသားပါ။” ဟု မတ် ၁၁ ရက်တွင် ကေအိုင်စီသို့ပြောသည်။
ယခင် ၂၀၁ဝ နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင် ဧည့်စာရင်းစနစ်ရှိသော်လည်း လက်ရှိ ၂၀၂ဝ ရွေး ကောက်ပွဲတွင် ဧည့်စာရင်းစနစ်မရှိတော့ခြင်းကြောင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးမှ ရွှေ့ ပြောင်းများ မည်မျှကြာကြာနေခဲ့သည်ကို မည်သို့တိုင်းတာမည်နည်းဟူ၍ စောခင်မောင်မြင့်က မေးခွန်းထုတ် လိုက်သည်။
တိုင်းရင်းသားဒေသတစ်ခုခု၌ ရန်ပုုံငွေအင်အားတောင့်တင်းသောပါတီအကူအညီဖြင့် အလုပ်ပိုင်ရှင်မှ ရက်ပေါင်း ၉ဝ နေထိုင်ကြောင်း ထောက်ခံလိုက်သည်နှင့် ရွှေ့ပြောင်းအလုပ်သမားများမဲပေးခွင့် ရခဲ့ပါက တိုင်းရင်းသား ပါ တီများမှ အနိုင်ရရန် အခက်အခဲကြီးမားစွာဖြစ်ပေါ်နိုင်ကြောင်းလည်း ကရင်ပါတီများက ထောက်ပြပြောဆို လျက်ရှိသည်။
အဆိုပါကိစ္စရပ်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် တိုင်းရင်းသားပါတီများဖက်မှ UEC ကို တင်ပြအပြီး UEC မှ စဉ်းစားသုံးသပ်ပေးမည်ဟု ပြောကြားခဲ့သော်လည်း လက်ရှိအချိန်အထိ အကြောင်းပြန်ကြားပေးခြင်းမ ရှိသေးကြောင်း ဥက္ကဋ္ဌ စောခင်မောင်မြင့်ထံမှ သိရသည်။
ရက်ပေါင်း ၁၈ဝ ဟုသတ်မှတ်ခဲ့သော အရင် ရွေးကောက်ပွဲများတွင် လက်ခံနိုင်သေးသော်လည်း လက်ရှိ ရွေး ကောက်ပွဲ၌ ယခုမှ ရောက်လာသော လူတစ်ယောက်အား ၃ လနေရုံဖြင့် မဲပေးခွင့်ရခဲ့မည်ဆိုပါက တိုင်းရင်း သားဒေသများတွင် အနှောင့်အယှက်ဖြစ်ရကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မန်းအောင် ပြည်စိုးကလည်း ယခုလို ကေအိုင်စီသို့ပြောသည်။
မန်းအောင်ပြည်စိုးက “ဆိုကြပါစို့။ ချင်းအများစုရှိပြီး လူဦးရေ ရာဂဏန်းလောက်ပဲရှိတဲ့ ချင်းပြည်နယ်က မြို့ နယ်တစ်ခုမှာ ရွေးကောက်ပွဲသုံးလအလို မဲပေးမယ့်အဖွဲ့အစည်းတွေကို အစုလိုက်အပြုံလိုက်ပြောင်းရွှေ့ပေး လိုက်ပြီး မဲပေးခွင့်ရပြီဆို အလိုအလျောက်မဲက ရသွားမယ်။ ဆိုတဲ့ခါကျတော့ အဲဒါကို တို့ပါတီအနေနဲ့ လက်မခံ တာ။” ဟုပြောသည်။
ကရင်တိုင်းရင်းသားပါတီများမှ ရက် ၉ဝ သတ်မှတ်ချက်ကို စိုးရိမ်မှုရှိနေခြင်းအပေါ် ကရင်ပြည်နယ်၊ ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဦးက ကေအိုင်စီသို့ ယခုလိုပြောသည်။
“ကျနော်တို့ကော်မရှင်ကတော့ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေအတိုင်း ရက် ၉ဝ ဆို ၉ဝအတိုင်း ပဲလုပ်ရတာ ကိုး။ ဥပဒေ ပြင်ဆင်တဲ့အပိုင်းကျတော့ လွှတ်တော်အပိုင်းဖြစ်သွားတာပေါ့နော်။” ဟု ဦးသိန်းဦးက ပြောသည်။
ဖလုံ-စဝေါ်ပါတီ အပါအဝင် ညီနောင်တိုင်းရင်းသားများမဟာမိတ်(National Brotherhood Federation-NBF) ၂၄ ပါတီတို့မှ ရက် ၉ဝ သတ်မှတ်ချက်ကို လက်မခံကြောင်း ထုတ်ပြန်ချက် ထုတ်ခဲ့သလို ကရင်အမျိုးသားပါတီ-KNP အပါအဝင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(United Nationalities Alliance-UNA) ၁၄ ပါတီတို့ကလည်း ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် လက်မခံကြောင်း ထုတ်ပြန်ခဲ့ကြသည်ဟု သိရသည်။
ကရင်ပါတီများအနေဖြင့် လက်ရှိတွင် ကရင်ပြည်နယ်အခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP ) နှင့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ရန်ကုန်အခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP) နှင့် ကရင်အမျိုးသား ပါတီ (KNP)ဟူ၍ ၄ ပါတီ ကျန်ရှိနေသည်။



















