စက်တင်ဘာ ၂၀၊ ၂၀၁၉ ခုနှစ်။ နေနော်
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြံရေးအတွက် စက်တင်ဘာ ၁၈ ရက်ညပိုင်း တွင် ရဲတပ်ဖွဲ့အပါအဝင် အဖွဲ့စုံဖြင့် မော်တော်ယာဉ်များကို ပိတ်ဆို့စစ်ဆေးရေး ဆောင်ရွက်နေစဉ် တရားမဝင်လမ်းကြောင်းမှ ခိုးဝင်လာသည့် တရုတ်နိုင်ငံသား ၂ ဦးကို စစ်ဆေး ဖမ်းဆီးရမိကြောင်း မြို့နယ် ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၈ ရက်ညပိုင်းတွင် မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး သက်လင်းဦး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့မှ ဗိုလ်မှူးနိုင်မောင်ဇော် ဦးစီးသော တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အပါအဝင် အင်အား ၉ဝ ဦးခန့်ဖြင့် မြို့တွင်းလှည့်ကင်းများဆောင်ရွက်နေစဉ် အမှတ်(၅)ရပ်ကွက် ချစ်ကြည်ရေးလမ်း တရုတ်ဘုံကျောင်းရှေ့၌ ည ၁၁ နာရီခွဲ အချိန်ခန့်တွင် ထိုင်း-မြန်မာ အမှတ်(၂) ချစ်ကြည်ရေးတံတား ဘက်မှ မြို့တွင်းဘက်သို့ မောင်းနှင်လာသော အဖြူရောင် Voxy အမျိုး အစား ယာဉ်ပေါ်၌ တရားမဝင်ခိုးဝင်နေထိုင်သည့် တရုတ်နိုင်ငံသား(၂)ဦးကို တွေ့ရှိ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါတရုတ်နိုင်ငံသားနှစ်ဦးမှာ Mr.Shukang Youi (၄၁)နှစ် နှင့် Mr.Li Guang Qian (၄၁)နှစ်တို့ဖြစ်ပြီး မည်သည့် အထောက်အထား တစုံတရာ မပါရှိဘဲ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှတဆင့် နှစ်နိုင်ငံနယ်ခြားသောင်ရင်းမြစ် ကို ဖြတ်ကူး၍ တရားမဝင်လှေဂိတ်မှ ခိုးဝင်လာကြောင်း သိရသည်။
ဖမ်းမိ တရုတ်နိုင်ငံသား နှစ်ဦးကို စက်ဘာလ ၁၉ ရက်နေ့ တွင် မြဝတီမြို့မရဲစခန်းက (ပ)၁၀၇၆/၂၀၁၉ လဝက အက် ဥပဒေ၊ ပုဒ်မ ၁၃(၁)ဖြင့် အမှုဖွင့် အရေးယူထားသည်။ ယခုလအတွင်း မြဝတီတွင် အထောက်အထားမရှိ ဘဲလာနေသည့် တရုတ်နိုင်ငံသားများ ဖမ်းမိမှုများ မကြာခဏဖြစ်ပွားနေကြောင်း မြို့နယ်ရဲတပ်ဖွဲ့ သတင်းထုတ် ချက်များအရ သိရသည်။



















