မန်းအောင်ပြည်စိုး
(စက်တင်ဘာ ၂၂ရက်၊ ၂၀၁၉)
၁၉၅ဝခုနှစ်၊ ဩဂုတ်လ(၁၂)ရက်နေ့တွင် ကရင်အမျိုးသားခေါင်းဆောင်စောဘဦးကြီးနှင့် ဗိုလ်ချုပ်စောစိုင်းခေ အပါ အဝင် အပေါင်းပါ(၉)ဦးတို့သည် ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်၊ ထော့ကိုကိုးကျေးရွာတွင် တပ်မတော်တပ်ခွဲတစ်ခွဲ၏ ဝိုင်းဝန်းပစ်ခတ်မှုဖြင့် အသက်ဆုံးရှုံးခဲ့ကြရပါသည်။ ၁၉၅၁ခု ဧပြီလတွင် ကျင်းပသော ကော်သူးလေအစိုးရ၏ အစည်းအ ဝေး၌ စောဘဦးကြီး ကျဆုံးခဲ့သော ဩဂုတ်လ(၁၂)ရက်နေ့ကို ကရင်အာဇာနည်နေ့အဖြစ် သတ်မှတ်အတည်ပြုခဲ့ပါသည်။
၁၉၅၁ခုနှစ်မှစ၍ ယခုအချိန်အထိ KNU-ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်ရာဒေသများတွင် ကရင်အာဇာ နည်နေ့အခမ်းနားများကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြပါသည်။ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ပဒိုအောင် ဆန်း၊ စောသုမူဟဲ၊ ဗိုလ်ချုပ်ကြီးဌေးမောင်(စောထိန်မောင်)၊ သံတောင်မြောက်ပိုင်းအဖွဲ့၊ ဒီကေဘီအေအဖွဲ့နှင့် နောက်ဆုံး KNU-ကရင်အမျိုးသားအစည်းအရုံး အပါအဝင် နိုင်ငံတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး ပြည်တွင်းသို့ ဝင်လာကြရာ၌ ၂၀၁၂ခုနှစ်တွင် အားလုံးရောက်ရှိလာကြသည်ဟု သိရပါသည်။
ထိုသို့ ရောက်လာသည်နှင့်အတူ ကရင်သမိုင်းအမွေအနှစ်တစ်ခုဖြစ်သည့် ကရင်အာဇာနည်နေ့သမိုင်းသည်လည်း ထပ်ကြပ်မကွာ ပါဝင်လာသည်ဖြစ်ရာ မှတ်သားမိသရွေ့ ပြည်တွင်း၌ ၂၀၁၄ခုနှစ်တွင် ရန်ကုန် ယုဒသန်ခန်းမ၌ နော်အုန်းလှ နှင့် ကရင်အမျိုးသားတစ်ချို့က ကရင်အာဇာနည်နေ့အခမ်းအနားကို စတင်ကျင်းပခဲ့ပါသည်။ ၂၀၁၅ခုနှစ်တွင်မူ KNU မှ ဦးစီးပြီး သံတောင်မြို့နယ်ဘက်တွင် ကရင်အာဇာနည်နေ့အခမ်းအနားကို ကျင်းပခဲ့ပါသည်ဟု သိရှိရပါသည်။
၂၀၁၅ခုနှစ်တွင် KNU က NCA စာချုပ် လက်မှတ်ထိုးလိုက်သဖြင့် မတရားအသင်းဥပဒေပုဒ်မ ၁၇/၁ မှ လွတ်ကင်း သွားပြီဖြစ်ရာ ကရင်ပြည်နယ်မြို့တော် ဖားအံမြို့ပေါ်တွင် ၂၀၁၆ခုနှစ်မှစ၍ ယခု ၂၀၁၉ခုနှစ်အထိ နှစ်စဉ်နှစ်တိုင်း ကရင်အာ ဇာနည်နေ့ အခမ်းအနားကို ပုံမှန်ကျင်းပလာခဲ့ပါသည်။ ကရင်လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာဒေသများဖြစ်သည့် လေးဝါး(လော်ဟီးလာ)၊ ထော့ကိုကိုးရွာ(ကော့ကရိတ်မြို့နယ်)၊ ကွင်းကလေးရွာ၊ မြဝတီမြို့နယ် (ဗိုလ်ချုပ်စောမူတူးစေးဖိုး ၏ မွေးရပ်)၊ ဆုံဆည်းမြိုင် (DKBA)ဌာနချုပ်နှင့် KNU တပ်မတော်-၇ခု တည်ရှိရာနေရာများ၌ ၁၉၅၁ခုနှစ်မှ ယနေ့အထိ ကရင်အာဇာနည်နေ့ အခမ်းအနားများကို ပုံမှန်ကျင်းပလာခဲ့ကြသည်။
ပြည်တွင်း၌ကား အထင်ဖော်ပြပါအတိုင်း အနှောက်အယှက် အဟန့်အတား မရှိ ကျင်းပလာခဲ့ကြသော်လည်း ယခု ၂၀၁၉ခုနှစ်တွင် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ ကရင်အာဇာနည်နေ့ အခမ်းအနား ကျင်းပခြင်းကို ဟန့်တားပိတ်ဆို့ မှုများ ရှိနေကြောင်း သိရှိရသည်။ ယခု ဤဆောင်းပါးစတင်ရေးသားသည့် (၁၇.၉.၂၀၁၉) အထိ လူမှုကွန်ယက်၊ ဆိုရှယ်မီ ဒီယာနှင့် ဖေ့စ်ဘွတ်တို့တွင် အမျိုးမျိုးဝေဖန်သုံးသပ် ထောက်ပြပြောဆိုနေကြသည်များ ရှိသကဲ့သို့ KNU၏ ဒုတိယဥက္ကဌ တာဝန်ယူခဲ့ဖူးသော နော်စီဖိုးရာစိန် ဦးစီးသည့် KNU Concerned Group သည်၎င်း၊ KNU ကရင်အမျိုးသားအစည်းအရုံး သည်၎င်း၊ IKO (International Karen Organization) အပြည်ပြည်ဆိုင်ရာကရင်အမျိုးသားများအဖွဲ့သည်၎င်း၊ တိုင်းရင်း သားပေါင်းစုံလူမှုကွန်ယက်သည်၎င်း၊ ပြစ်တင်ရှုတ်ချ ကန့်ကွက်ဝေဖန်သည့် သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ကြပါ သည်။ ကရင်နိုင်ငံရေးပါတီများနှင့် ကရင်အမျိုးသားသဟာယအသင်း၊ ကရင်လူငယ်များ၊ ကရင်လူမှုအဖွဲ့အစည်းများ ရန်ကုန်မြို့တွင် တွေ့ဆုံညှိနှိုင်း၍ ကရင်အာဇာနည်နေ့ အခမ်းအနားကျင်းပမှု ဟန့်တားခြင်းကို မလိုလားကြောင်း၊ မဖြစ်သင့် ကြောင်း၊ သဘောထားထုတ်ပြန်ပြီး နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ ကရင်အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့်ပြုရေး တင်ပြမေတ္တာရပ်ခံ စာပေးပို့ခဲ့ကြောင်း သိရှိရပါသည်။
ယခု ၂၀၁၉ခုနှစ်တွင် ဤသို့သောအခြေအနေများ ပေါ်ပေါက်လာရခြင်းနှင့် ပတ်သက်၍ ပြန်လည်ဆန်းစစ်ကြည့်ရာ ၌ ဧရာဝတီတိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက “ကရင်အာဇာနည်နေ့” ဟူသည့် အသုံးအနှုန်းကို မသုံးစွဲရန် ဧရာဝတီ တိုင်း ကရင်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းသို့ စာထုတ်ညွှန်ကြားခဲ့ရာမှ စောဘဦးကြီးရဲ့ မွေးရပ်မြေ ပုသိမ်မြို့နယ်၊ ဘဲဂယက်ရွာရှိ စောဘဦးကြီးကို ရည်ရွယ်တည်ဆောက်ထားသော ကျောက်တိုင်၌ အခမ်းအနားကျင်းပခွင့်၊ အရိုအသေအလေးပြုခွင့် မရဘဲ သစ်ပင်စိုက်ပျိုးသည့် အထိမ်းအမှတ်သာ ဆောင်ရွက်ခဲ့ရကြောင်း သိရှိခဲ့ရပါသည်။
တဖန် ရန်ကုန်တိုင်း၌လည်း ကမာရွတ်မြို့နယ်နှင့် ဒဂုန်မြို့သစ်(အရှေ့ပို်င်း)မြို့နယ်တို့တွင် ကရင်အာဇာနည်နေ့ ကျင်းပခွင့်ရရန် တင်ပြတောင်းခံခဲ့သော်လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျင်းပခွင့်မပြုသဖြင့် ရန်ကုန်မြို့ တော် ခန်းမရှေ့ ဗန္ဓုလပန်းခြံတွင် ငြိမ်းစုစီဥပဒေဖြင့် ကျင်းပခွင့်ပြုရန် ထပ်မံတင်ပြရာ ကရင်အာဇာနည်နေ့ဟူသော အသုံး အနူန်းကို မသုံးရဟူသည့် ကန့်သတ်ချက်ဖြင့် ခွင့်ပြုခဲ့သည်ဟု ကြားသိပါသည်။ သို့သော် နော်အုန်းလှနှင့် ကရင်လူငယ် ခေါင်းဆောင်များက ကရင်အာဇာနည်နေ့ ဟူသည်ကိုသာ အသုံးပြုခဲ့သဖြင့် တစ်ပြည်လုံး သိရှိကြား ပြီးဖြစ်သည့်အတွက် နော်အုန်းလှနှင့် ကရင်လူငယ်နှစ်ဦးတို့ ဖမ်းဆီးခြင်းခံကြရပါသည်။ ဖားအံမြို့နှင့် ကရင်လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာ ဒေသတို့တွင် ကျင်းပသည့် ကရင်အာဇာနည်နေ့ အခမ်းအနားများကိုမူကား နှောက်ယှက်ဟန့်တားမှု တစ်စုံတစ်ရာ မရှိ ကြောင်း သိရှိရပါသည်။
သို့ဆိုလျှင် မိမိတို့ပြည်သူများ၊ ကရင်တိုင်းရင်းသားများ မည်သို့နားလည်သဘောပေါက်ကြရမည်နည်း..။ ကရင် တိုင်းရင်းသားများသည် တစ်နိုင်ငံလုံး အနှံ့အပြားနေထိုင်ကြသည်။ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ တနသင်္ာရီ၊ မွန်၊ ကယား၊ အထက်မြန်မာပြည်ဒေသအားလုံး၌ ကရင်များရှိကြသည်။ ဧရာဝတီတိုင်းရှိ ကရင်လူဦးရေသည် ကရင်ပြည်နယ်ရှိ ကရင်လူ ဦးရေထက် များသည်။ စောဘဦးကြီးသည် ဧရာဝတီဇာတိဖြစ်သည်။ ကရင်အာဇာနည်နေ့ အခမ်းအနားကို ကရင်ပြည်နယ်၌ ဟန့်တားနှောက်ယှက်မှုကင်းစွာ ကျင်းပခွင့်ရသကဲ့သို့ ကရင်များနေထိုင်ရာ ဤနိုင်ငံရှိ မည်သည့်ဒေသတွင်မဆို ကရင်များ က “ကရင်အာဇာနည်နေ့” အခမ်းအနားကို ကျင်းပလိုကြမည်သာ ဖြစ်ပါသည်။
မိမိ၏ခေါင်းဆောင်ကို သတိတရဦးခိုက်၊ ရှိခိုးကန်တော့ အရိုအသေပေးလိုကြသည်မှာ ဓမ္မတာပင် မဟုတ်ပါလား။ တစ်ခုရှိသည်ကား ဤအခမ်းအနားကျင်းပခြင်းကြောင့် ဆူပူမှု၊ ရုန်းရင်းဆန်ခတ်ပြုမှု၊ မလိုလား မုန်းထားမှုများ ပေါ်ပေါက်လာ ခဲ့လျှင် တာဝန်ရှိသူကို ထိရောက်စွာ အရေးယူနိုင်ပေသည်ပဲလေ။ ယခုကား အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမို ကရေစီရေး၊ တန်းတူညီမျှရေးဟူ၍ ကျယ်ကျယ်လောင်လောင် ကြွေးကြော်ချီတက်လာသည့် ဒီမိုကရေစီအစိုးရသည် ဟန့် တားပိတ်ဆို့မှု၊ ဖမ်းဆီးအရေးယူမှု တိုင်းရင်းသား ချစ်ကြည်စည်းလုံးညီညွှတ်ရေးကို လျစ်လျူရှုမှုတို့ဖြင့် မိမိ၏ ကတိကဝတ် များကို ဖောက်ဖျက်နေလေသလော…။
ကရင်အာဇာနည်နေ့အခမ်းအနား ကျင်းပခြင်းကြောင့်မဟုတ်ဘဲ ငြိမ်းစုစီဥပဒေပုဒ်မ(၂၀)ကို ဖောက်ဖျက် ခြင်း ကြောင့် အဖမ်းခံရသည်ဟူသည့် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ကိုလည်း နားမလည်နိုင်ဖြစ်ရ သည်။ ကရင်အာဇာနည်နေ့ အခမ်းအနား ကျင်းပမည်ဆိုပါမှ “ကရင်အာဇာနည်နေ့” ဟူသည့် အသုံးအနူန်း မသုံးရလျှင် ဘာများအဓိပ္ပါယ်ရှိတော့မည်နည်း…။
စောဘဦးကြီးကို ကရင်တိုင်းချစ်ခင်လေးစားကြည်ညိုကြသည်။ ဗြိတိသျှအင်ပါယာတစ်ခုလုံးတွင် ရှေ့နေလိုက်ခွင့် ရှိသော ဝတ်လုံတော်ရပညာတတ်ဖြစ်ပေမယ့်လည်း မာန်မာနထောင်လွှားခြင်းမရှိ၊ ချမ်းသာကြွယ်ဝသည့်မိသားစုမှ ဆင်း သက်လာသော်လည်း ဆင်းရဲသားများကို ငဲ့ညာထောက်ထားသူဖြစ်သည်။ ဆင်းရဲသားလယ်သမားများအပေါ် လယ်ပိုင်ရှင် ဖခင်၏ ပြုမူဆောင်ရွက်ပုံနှင့်ပတ်သက်၍ နှစ်သက်ကျေနပ်မှု မရှိသဖြင့် သားအဖ အချင်းများရသည့်ဖြစ်စဉ်ရှိခဲ့သည်။ KNDO တပ်သားများ ငွေတိုက်ဖောက်၊ ဘဏ်စီးနင်း၍ ငွေများရယူမှုအပေါ် မိမိပိုင်လယ်ဧကများကို ရောင်းချ၍ ပေးလျော်မည်ဟု ဟိုစဉ်က ဝန်ကြီးချုပ်ဦးနုကို ကမ်းလှမ်းခဲ့ဖူးသည်ဟု သိရသည်။
ကရင်ပြည်နယ်ရယူရေးတွင် လက်နက်ဖြင့်မဟုတ်ဘဲ စေ့စပ်ညှိနှိုင်းသည့်နည်းဖြင့် ရယူလိုသည့် စေ့စပ်ရေး၊ ညှိနှိုင်း ရေး၊ ငြိမ်းချမ်းရေးသမားတစ်ဦးလည်း ဖြစ်သည်။ ဦးနု၏ “ကရင်ပြည်နယ် လိုချင်ရင် တိုက်ယူကွာ” ဟူသည့် စိန်ခေါ်စကား ဆိုလာမှသာ လက်နက်ကိုင်တော်လှန်ရေးကို မလွဲမရှောင်သာ စတင်ခဲ့ရပါသည်။ သူ၏ဆောင်ပုဒ်တစ်ခုဖြစ်သည့် “For us Surrender is out of Question” အတိုင်း အစိုးရတပ်ခွဲက သူတို့ (၉)ဦးကို ဝိုင်းမိသောအခါ လက်နက်ချရန် ပြောသော် လည်း အသက်သေဆုံးသွားသည်အထိ ခုခံပစ်ခတ်ကြသည့် သူရဲကောင်းစိတ်ဓာတ်ကို မည်သည့် ကရင်ကမျှ မလေးစား၊ အသိအမှတ်မပြုဘဲ မနေနိုင်ပါ။
ဤသည်တို့အပြင် ဗိုလ်ချုပ်အောင်ဆန်းနှင့်လည်း လုပ်ဖော်ကိုင်ဖက် ရောင်းရင်းကောင်းများပင် ဖြစ်ကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကက်ဘိနက်ဝန်ကြီးအဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးအဖြစ် ထမ်းရွက်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း တို့နှင့်အတူ ဂျပန်တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ခဲ့သည်။ ကရင်-ဗမာ အဓိကရုဏ်းများကို ဝိုင်းဝန်းဖြေရှင်းပြီး ကရင်-ဗမာ ချစ်ကြည်ရေးအတွက် ရှေ့တန်းမှနေ၍ ဦးစီးဦးရွက်ပြုခဲ့သူတစ်ဦး ဖြစ်ပါသည်။ ကရင်ပြည်ရရှိရေးအတွက် တစ်ပြည်လုံးရှိ ကရင်တိုင်းရင်းသားများအား အသံတိတ် စည်းကမ်းတကျ ဆန္ဒပြနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်နိုင်မှုကြောင့် ၁၉၄၈ ခု၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် အနယ်နယ်အရပ်ရပ်ရှိ ကရင်တိုင်းရင်းသား စုစုပေါင်း(၄၄၁၀၀၀)က ရန်ကုန်သို့ လာရောက်အင်အားပြပြီး ကရင်ပြည်ရရှိရေး၊ ဆန္ဒထုတ်ဖော်ခဲ့သည်မှာ စောဘဦးကြီး၏ မှန်ကန်သည့် ဦးဆောင်စည်းရုံးမှု ကြောင့်ပင် ဖြစ်ပါသည်။
ယင်းသို့ ကရင်တိုင်းရင်းသားအဖို့ အလွန်ထူးကဲမြင့်မြတ်သော ခေါင်းဆောင်ကျဆုံးသည့်နေ့ကို “ကရင်အာဇာနည် နေ့”ဟု သတ်မှတ်ခေါ်ဆိုလျှင် မည်သူ့ကို ထိခိုက်နစ်နာစေနိုင်ပါသနည်း …။ သည်နိုင်ငံတွင် အာဇာနည်နေ့ တစ်နေ့တည်း သာ ရှိရမည်ဟု ဆိုသူက ဆိုသည်။ တစ်ပြည်လုံးအတိုင်းအတာနှင့်က မှန်သည်။ သို့ရာတွင် သက်ဆိုင်ရာတိုင်းရင်းသားများ၌ လည်း သူ့သမိုင်းနှင့်သူရှိနေသည်ကို အသိအမှတ်ပြုဖို့ လိုမည်ဖြစ်ပါသည်။ မည်သည့် တိုင်းရင်းလူမျိုးတစ်မျိုးမျိုး၏ သမိုင်း ကိုမျှ ဖုံးကွယ်ချန်လှန်ထားလှပ်ထားခြင်း မပြုသင့်ဟု ယူဆပါသည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့်သာ ချစ်ကြည်ခြင်း၊ စည်းလုံး ခြင်း၊ အမျိုးသားရင်ကြားစေ့ခြင်းကို ဖော်ဆောင်နေသည်ဟုပင် ခံယူပါသည်။
ကရင်အာဇာနည် စောဘဦးကြီး၏ ရုပ်အလောင်းကို ကျိုက္ခမီ ရေပြင်ကျယ်တွင် ပစ်ချမြုပ်နှံခဲ့သည်ဟု သိရသည်။ တစ်ချိန်တုန်းက မည်မျှပင် မျက်နှာချင်းမဆိုင်လောက်အောင် မုန်းတီးနေကြပေမယ့်လည်း ကွယ်လွန်အနိစ္စရောက်ခဲ့သော အခါ အလေးထား ဂရုမူသင့်သည်ဟု ဆိုချင်ပါသည်။ စောဘဦးကြီး၊ ဗိုလ်ချုပ်စောစို်င်းခေနှင့် အခြား အုတ်ဂူ( (၇)ခု၊ ပေါင်း (၉)ခုကို KNU/KNLA(PC)အဖွဲ့ဝင်များ နေထိုင်ရာ ထော့ကိုကိုးဒေသ၌ ဆောက်လုပ်ထားသည်ကို တွေရသည်။
စောဘဦးကြီး၏ မွေးရပ် ပုသိမ်မြို့နယ်၊ ဘဲကယက်ရွာ၌ စောဘဦးကြီး၏ အာဇာနည်ကျောက်တိုင် စိုက်ထူထား သည်ကို တွေ့ရသည်။… သူနှင့်ပတ်သက်သည့် အထိမ်းအမှတ် ထိုမျှသာရှိသည်။ ပြီးခဲ့သည့် ၂၀၁၇ခုနှစ်က ကြာအင်းဆိပ် ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသတွင် စောဦးကြီး၏ပုံရုပ်ထုကို စိုက်ထူခွင့် တောင်းခံခဲ့သော်လည်း စိုက်ထူခွင့်မရခဲ့ကြောင်း သိရသည်။
တစ်ခုစဉ်းစားမိသည်။ စောဘဦးကြီးသည် ကရင်အမျိုးသားစောမောင်အဲ၏ လက်ထောက်ချမှုကြောင့် ဝိုင်းဝန်း ပစ်ခတ်ခြင်းခံရပြီး ကျဆုံးခဲ့ရသည်။ အလားတူ ဗိုလ်ချုပ်အောင်ဆန်းသည်လည်း ဗမာအမျိုးသားဦးစော၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသည်။ အသားထဲက လောက်ထွက်သည့် ဖြစ်ရပ်ကြောင့် ခေါင်းဆောင်ကြီး(၂)ဦး ကျဆုံးရပုံချင်းတူညီနေသည်။ ထို့ပြင် သူတို့နှစ်ဦး လက်တွဲဆောင်ရွက်ခဲ့ကြသည့် အခြားလုပ်ရပ်များစွာရှိနေသေးသည်ကို ဖော်ပြပြီးဖြစ်ပါသည်။ သို့ရာတွင် တနိုင်ငံလုံး၌ ဗိုလ်ချုပ်ဈေး၊ ဗိုလ်ချုပ်ပြတိုက်၊ ဗိုလ်ချုပ်စာကြည့်တိုက်၊ ဗိုလ်ချုပ်ဘောလုံးကွင်း၊ ဗိုလ်ချုပ်ပန်းခြံ၊ ဗိုလ်ချုပ်ကြေး ရုပ်၊ ဗိုလ်ချုပ်လမ်း စသည် စသည်တို့ရှိနေပြီး ဖြစ်သည့်အပြင် မွန်တိုင်းရင်းသားများ အလိုရှိသည့် “ရာမညတံတား” (ခေါ်) မော်လမြိုင် ချောင်းဆုံတံတား (သို့မဟုတ်) သံလွင်တံတား-ချောင်းဆုံကိုလည်း ဗိုလ်ချုပ်အောင်ဆန်း တံတား အမည် ပေါက်အောင် ပြည်ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ်အမည်ပေးရသည့် အခြေအနေထိရောက်အောင် ဖန်တီးနေခြင်းမှာ လွန်များလွန်လွန်းနေသလားဟူ၍… ဆိုချင်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းအမည်မမေးလျှင် ဘာမှမဖြစ်သလို၊ ဘုရားသုံးဆူမြို့တွင် စောဘဦးကြီးပုံတစ်ပိုင်းပုံ တပ်ဆင် လျှင်လည်း ဘာပြဿနာမျှပေါ်မည်မထင်ပါ။ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်တစ်ခု မတပ်ဆင်လျှင်လည်း ဘာများ ဖြစ် သွားမည်နည်း? သည်ကိစ္စများသည် တိုင်းရင်းသားချစ်ကြည်စည်းလုံး သွေးစည်းညီညွှတ်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေး တို့အတွက် များစွာ သက်ရောက်မှုရှိစေနိုင်ကြောင်းကိုကား လေးနက်စွာ သတိမူအပ်ပေသည်။
တိုင်းရင်းသားများ၊ အထူးသဖြင့် ကရင်တိုင်းရင်းသားတို့၏ ခံစားချက်များနှင့်ပတ်သက်၍ ရှည်လျားစွာ ရေးသား ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ကရင်အာဇာနည်နေ့ ဖြစ်တည်ပေါ်ပေါက်ခဲ့သည်ဟူသည့် သမိုင်းဖြစ်ရပ်မှန်ကို ဖုံးကွယ်မှေးမှိန်စေ ခြင်းသည်လည်းကောင်း၊ ကရင့်အရေးကို တော်တည့်မှန်ကန်စွာ ဦးဆောင်ဦးရွက်ပြုသည့် ကရင်အမျိုးသားခေါင်းဆောင်များ ကို ဖမ်းဆီးအရေးယူခြင်းသည်လည်းကောင်း၊ တစ်မြေတစ်ရေတည်း၌ ရှိနေကြသော တိုင်းရင်းသားများ၏ သမိုင်းအမွေ အနှစ်များကို တန်းတူညီတူ တင်ပြဖော်ထုတ်ခွင့် မရှိခြင်းသည်လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို အသိ အမှတ်ပြုရာ ကျမကျ စဉ်းစားသင့်ပြီဖြစ်ပါသည်။ ကရင်အာဇာနည်နေ့အခမ်းအနား ကျင်းပခြင်းသည် ပြည်ထောင်စု မပြို ကွဲရေးကို အနှောက်အယှက်ပေးရာမရောက်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ချိုးဖောက်ရာလည်း မကျကြောင်း၊ တင်ပြလိုပါသည်။
တစ်ဆို့ဝေဝါးနေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ နားလည်မှုအလွဲများအပေါ် ဤအချက်တစ်ခုတည်းဖြင့် ဗူးလေး ရာ ဖရုံမဆင့်စေချင်ပါ။ မိမိတို့အချင်းချင်း နားလည်မှုပြည့်ဝစွာဖြင့် ညီညွှတ်မျှတ တန်းတူအခွင့်အရေးများ ဖော်ထုတ်ဆောင် ကြဉ်းပေးခြင်းအားဖြင့် စစ်မှန်သောဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြပါစို့ … ။
မန်းအောင်ပြည်စိုး