Red Horse Dairy Industries Limited မှ ထုတ်ဝေဖြန့်ချိသည့် PEP တံဆိပ် နို့မှုန့် (Full Cream Milk Power) သည် မြန်မာ နိုင်ငံတွင် အအောင်မြင်ဆုံး နို့မှုန့် (Milk Power) ထုတ်ကုန်ဖြစ်သည်။ Red Horse Dairy Industries Limited ၏ ကုမ္ပဏီပိုင် ရှင်လည်းဖြစ်၊ မန်းနေဂျင်းဒါရိုက်တာလည်းဖြစ်သူ အတီး(ဦး)စောထွန်းထွန်းအား တွေ့ဆုံမေးမြန်းထားချက်များ ဖြစ်ပါသည်။
“အလုပ်လုပ်လို့ရှိရင် ကိုယ်ရဲ့ ဗဟုသုတ အားဖြည့်တာတစ်ခုနဲ့ ဘယ်လိုမှ မလုံလောက်ပါဘူး။
ဝိညာဉ်ရေးရာနဲ့ ဒါ နှလုံးသားအားကောင်းဖို့က တော်တော်လေးကို အရေးကြီးပါတယ်။
အဲဒါဟာ အောင်မြင်နေတဲ့ အဓိက တွန်းအားပဲ ဖြစ်ပါတယ်။”
မေး။ ။ ပထမဆုံး နာမည်၊ ငယ်ဘဝအကြောင်းနဲ့ လက်ရှိ လုပ်ကိုင်နေတဲ့ လုပ်ငန်းကို မိတ်ဆက်ပေးပါအုံး။
ကျနော့်နာမည် စောထွန်းထွန်းပါ။ ကျနော်က Red Horse Dairy Industries Limited ရဲ့ MDပါ။ ပက်ပ်(PEP) (နို့မှုန့်) အမှတ်တံဆိပ်နဲ့ တစ်နိုင်ငံလုံးကိုု ဖြန့်ချိထားပါတယ်။ ကျနော်က မအူပင် ဇာတိပါ။ အဖေက ဦးစောလူဆဲ၊ အမေက ဒေါ်အေးမြိုင် ပါ။ မွေးချင်းမောင်နှမ ၁ဝယောက်ရှိတယ်။ ကျနော်က နံပါတ် ၅ ပါ။ ယောက်ျားလေး ၃ ယောက်၊ မိန်းကလေး ၇ ယောက်ပါ။ ကျနော် မအူပင်မှာ ကျောင်းတက်ခဲ့တယ်။ ရန်ကုန်တက္ကသိုလ်မှာ ဘူမိဗေဒနဲ့ ဘွဲ့ရခဲ့တယ်။ နောက်ပြီးတော့ (Apply Geology) ဆိုတဲ့ အသုံးချဘူမိဗေဒနဲ့ ဒီဂရီတစ်ခု ထပ်ယူတယ်။ ပြီးတော့မှ ကျနော်မိဘလုပ်ငန်းကို ကူလုပ်ပါတယ်။ ၁၁နှစ်လုပ်ပြီးမှ ကျနော့်အဖေရဲ့မူအရ ပညာသင်ပေးပြီးပြီ။ ကျွေးပြီးပြီ။ ဘာအမွေမှမပေးဘူး။ ကိုယ့်ဖာသာကိုယ်ရှာဆိုတော့ ကျနော့်အသက် ၃၆နှစ်မှာ ရန်ကုန်တက်လာပါတယ်။
အဲမှာ စလုပ်ပါတယ်။ တစ်ပြားမှမရှိဘဲ စလုပ်တော့ တွန်းအားကောင်းတာပေါ့နော်။ အမေက ကျနော့်ကို သိပ်ချစ်တယ်။ ပိုက်ဆံတောင်းရင် ရနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်က မာန်ရှိတယ်။ ငါလုပ်ရင် ရနိုင်တယ်ဆိုတာပေါ့၊ တစ်ပြားမှ ယူမလာဘူး။ အဲဒါ က ကိုယ့်ဘဝကို တော်တော်လေးတွန်းအားဖြစ်စေတယ်။ အဲတော့ ကျနော်အလုပ်လုပ်ပါတယ်။ မရွေးလုပ်ငန်းလုပ်တယ်။ ဖိနပ် လုပ်ငန်းလုပ်တယ်။ အရက်လုပ်ငန်း လုပ်တယ်။ အရက်လုပ်ငန်းကို ကျနော်က မကြိုက်တော့ နို့လုပ်ငန်းကိုပြောင်းလုပ်တာပေါ့။ ၂၀၀၄ခုနှစ်မှာစပြီး ဒီလုပ်ငန်းကို စလုပ်တယ်။ အခု ၂၀၁၉ အထိ ဒီလုပ်ငန်းကိုလုပ်တယ်။ တစ်ပြည်လုံးမှာလည်း ပစ္စည်းအားလုံး ပေါင်း ၁၅မျိုး၊ ၁၆မျိုးလောက်ထုတ်ပြီး ဖြန့်ချိနေပါတယ်။
မေး။ ။ PEP နို့မှုန့်လုပ်ငန်းကို ထုတ်ဖို့ စတင်လုပ်ဆောင်တဲ့အခြေအနေကို ပြောပြပါအုံး။
ကျနော်က အရင်က အရက်ရောင်းတယ်။ အဖေလည်း မကြိုက်ဘူး။ နောက်မိန်းမရတော့ မိန်းမလည်း မကြိုက်ဘူး။ အဲအချိန်မှာ ကျနော့်သူငယ်ချင်းနဲ့ ရှယ်ယာခွဲတယ်။ သူက အရက်ကို ယူသွားလိုက်တယ်။ နောက် ၂၀၀၄ခုနှစ်မှာ ကျနော့် သူငယ်ချင်းတစ်ယောက်က နယူးဇီလန်မှာ နို့မှုန့်သွင်းပြီးရောင်းနေတယ်။ ကျနော်သူ့ကို သွားမေးတယ်။ ဒီအလုပ်မလုပ်ချင် တော့ဘူး။ ဘာလုပ်ရင်ကောင်းမလဲပေါ့၊ နို့မှုန့်ထုပ်ကြီးတွေ ခွဲပြီးရောင်းပါလားတဲ့။ ကျနော် စဉ်းစားတယ်။ တရုတ်ကိုယှဉ်ပြီး ရောင်းရမယ်။ အထုပ်သေးခွဲပြီးပေါ့။ ဒီမှာက ကော်ဖီမစ်အထုပ်သေးတွေရှိတယ်။ နို့မှာ မရှိသေးဘူး၊ ဒီတော့ ကျနော်က ၂ဝ ဂရမ် အထုပ်တွေ ထုတ်ပြီးရောင်းတယ်။ ဒါက လွယ်လည်း လွယ်တယ်ဗျာ။ လူတွေက လွယ်တာ ပိုကြိုက်တယ်။ ကော်ဖီမစ်က ရေနွေးထည့်ဖျော်ပြီး သောက်လို့ရတယ်။ ဒီတော့ ငါလည်း ဒီလိုလိုက်လုပ်ကြည့်မယ်ဆိုပြီး ကျနော် စလုပ်တယ်။
သာမန်အားဖြင့် အလုပ်တစ်ခုဟာ အမြတ်ပြန်ရမယ်ဆိုရင် ၂နှစ်ကြာပါတယ်။ အဲအချိန်မှာ ရွေးတာလည်း မှန်သွား တယ်။ လူတွေအကြိုက်လည်းဖြစ်တော့ ၃လအတွင်း ကျနော်အမြတ်ထွက်တယ်။ အဲ့အချိန်ကနေစပြီး ကျနော် အောင်မြင်သွား တယ်။ အဲအချိန်မှာက TV ကြော်ငြာနည်းသေးတယ် မရှိဘူး။ ဂျပန်မှာဆို ၇၇လိုင်းရှိတယ်ပေ့ါနော်။ အဲ့အခါကျတော့ ကြော်ငြာရ တအားခက်တာ။ ဒီမှာဆို မြဝတီရယ်၊ မြန်မာ့အသံရယ် ၂လိုင်းပဲရှိတယ်။ ဒါရိုက်တာအောင်ကိုလတ်နဲ့ ရိုက်တော့ အရမ်းအောင် မြင်သွားတယ်။ ၃လအတွင်း အမြတ်ပြန်ရသွားတယ်။ နှစ်ရက်ထဲမှာ ကလေးကအစ သိတယ်။ အဲအချိန်မှာက TV ကြည့်နေတဲ့ အချိန်ပေါ့။ အဲဒီကနေပဲစပြီးတော့ ကျနော် တက်လာတယ်။ အရင်းအနှီးနဲ့တိုးချဲ့မယ်။ ပထမတော့ ဒီနို့မှုန့်ရောင်းဖို့ပဲ လုပ်မယ်လို့ စဉ်းစားတာ လုပ်ရင်းနဲ့ ဒီအလုပ်က လူတိုင်းအတွက် အကျိုးရှိတဲ့အလုပ်ဆိုတော့ ဒီအလုပ်ကို ဇောက်ချလုပ်ကိုင်တော့မယ်။ လုပ်တော့မယ်ဆိုရင် နို့နဲ့လုပ်တဲ့ပစ္စည်း အကုန်လုပ်ရတော့မယ်။ အခုဆို ကျနော်ထုတ်နေတာ နည်းနည်းပါးပါးပဲ ကျန်တော့ တယ်။ တော်တော်များများ ထုတ်ပြီးနေပါပြီ။ နောက် မြန်မာပြည်မှာ နို့ထွက်ပစ္စည်းကုမ္ပဏီထဲမှာ ကျနော် အကြီးဆုံး ဖြစ်ရမယ်လို့ ရည်မှန်းချက်လည်း ထားထားတယ်။
မေး။ ။ ကုမ္ပဏီက တစ်ဦးတည်းပိုင်လား။ အများပိုင်လား
တစ်ဦးတည်းပိုင်တာပါ။ ကျနော်ထောင်ထားတာက ဝန်ထမ်း ၁,၀၀၀ကျော်လောက်ရှိတယ်။ ကားက ၁၆ဝစီးရှိတယ်။ ရုံးက ၁၂ ရုံးရှိတယ်။ သူများတွေက အေးဂျင့်အားကိုးပြီး ရောင်းတယ်။ ဒီမားကက်တင်း အပိုင်းတွေမှာက အောက်ခြေကိုမရောက်ဘူး။ ကျနော်က ဒီကားတွေနဲ့ နို့မှုန့်ရောင်းတဲ့ဆိုင်တွေကို တစ်လကို တစ်ကြိမ်လောက်ရောက်အောင်ပို့တယ်။ မြို့တွေမှာဆို တစ်လကို ၂ကြိမ်၊ ၃ကြိမ်လောက် ပို့တယ်။ အဲလိုသွားတော့ ဒီသတင်းအချက်အလက်တွေရတယ်။ ဈေးကွက်တွေကို သိရတယ်။ အဲလို ထိန်းထားလို့ အခုထိ အောင်မြင်နေတာ။ မားကက်တင်းလုပ်တာ ကြီးတယ်။ ဒီလိုဘယ်သူမှ မလုပ်နိုင်ဘူး။ ရောင်းတဲ့ဆိုင်က အားလုံးပေါင်း ၉၀,၀၀ဝ (ကိုးသောင်း)လောက်ရှိတယ်။ အကြီး၊ အသေး၊ အလတ်အားလုံးပေါ့။ အဲလိုလုပ်နိုင်မှဖြစ်မှာ။
ဒီလိုမားကက်တင်းပိုင်းတွေကို ဘယ်သူမှ လိုက်မလုပ်နိုင်သေးဘူး။ လုပ်နိုင်ဖို့လည်း ခဲယဉ်းတယ်။ ဒီလိုလုပ်နိုင်ဖို့က ဝန်ထမ်း တွေကို သင်ရတယ်။ ဝန်ထမ်းအသစ်တစ်ယောက်ဆို ကျနော် ၃ လ Train တယ်။ လစာပေးတယ်။ ဘာမှမခိုင်းဘူး။ လူငယ် တွေပဲ သင်တာများတယ်။ ၃လရင် နောက် ၃ လ ၆လပြီးမှ သူတို့ ကို ရာထူးပေးတယ်။ ဒီလိုလုပ်တာ ဒီလိုလူ ၁,ဝဝဝ ကျော်ကို Train ဖို့က လူကောင်းရဖို့က ၄ ၊ ၅ ၊ ၆ နှစ်လောက်လုပ်ရတယ်။ ဒါကို လုပ်တော့မယ်ဆို လူစုရတယ်။ ဝန်ထမ်းကောင်းက ၃ယောက်က ၁ယောက် မကျန်ဘူး။ အဲလိုလုပ်ရတာပေါ့။ လုပ်တာကလည်း သူများနဲ့မတူအောင်လုပ်ရတယ်။ ထွင်ရတာပေါ့။ အဲတာမှ ကိုယ့်လုပ်ငန်းက ကြာကြာတည်တံ့မှာပေါ့။ သူများတွေလုပ်တာရှိရင် ကိုယ်က ပြိုင်ရတာ မောတာပေါ့နော်။
မေး။ ။ PEP (နို့မှုန့်) ကို စတင် အကောင်အထည်ဖော်တဲ့အခါမှာ ဈေးကွက်တိုးနိုင်အောင် ဘယ်လို အခက်အခဲတွေကြုံရလဲ။
စစချင်းတော့ အတွဲမှာတော့ ပေါက်သွားတယ်။ အထုပ်လိုက်ကတော့ တရုတ်ကို ဖြိုလို့မရဘူး။ အရမ်းခက်တယ်ပေါ့။ ဒါလည်း သူ့ဟာသူ အခွင့်အရေးပေးလာတဲ့အခါ ကိုယ်က အမိအရ ဆုပ်ကိုင်ရတယ်။ အခွင့်အရေးဆိုတာက အကြိမ်ကြိမ်မရဘူးဗျ။ အဲနောက် ဒေါ်လာဈေးတက်သွားတယ်။ အဲမှာအရမ်းခက်ခဲတယ်။ ဒါပေမဲ့ ဘယ်တော့မှ အားမလျှော့ပါနဲ့။ ခက်ခဲရင် ထပ်ကြိုးစား ပါ။ နည်းလမ်းရှာပါ။ အခုချိန်မှာလည်း အခက်အခဲရှိတာပဲ။ လွယ်ကူစွာနဲ့သွားနေတာမဟုတ်ဘူး။ ခက်ခဲရင်ကြိုးစားကြ၊ သင်မ ကြိုးစားတဲ့အချိန်ဟာ သင်ရှုံးတဲ့အချိန်ဘဲ သင်ကြိုးစားတာ ၁ကြိမ်လည်းဖြစ်မယ်။ ၁ဝ ကြိမ်လည်း ဖြစ်မယ်။ ဘယ်တော့မှ လက်မ လျှော့ပါနဲ့ ဆိုလိုတာက လူများနို့မှုန့်ရောင်းတာ သူများခက်ခဲမယ်။ ကိုယ်လည်း ခက်ခဲမယ်။ အခက်အခဲကြားက ကြိုးစားပါ။ ကိုယ်မကြိုးစားရင် သူများတက်သွားမှာပဲ။ အဓိကတော့ ဒေါ်လာဈေးတက်တော့ နို့မှုန့်ဈေးတက်တယ်။ နောက် နို့မှုန့်အတုလုပ် တဲ့ကိစ္စ တော်တော်လုပ်ကိုင်ရခက်တယ်။ ဒါပေမဲ့ ရအောင်လုပ်ခဲ့တယ်။ အခုဆို ကျနော့်ထုတ်ကုန်က လူတော်တော်များများ လက်ခံလာတယ်။
မေး ။ ။ ပစ္စည်းကောင်းကောင်းရဖို့အတွက် ကုန်ကြမ်းက ဘယ်ကနေ ရတာလဲ။
အခုက ၂မျိုးရှိတယ်။ အမှုန့်နဲ့အရည်နဲ့ အမှုန့်လိုင်းက နယူးဇီလန်က သွင်းပါတယ်။ နယူးဇီလန်က ထုတ်လုပ်မှုစရိတ် အရမ်းနည်း ပြီးတော့ တကယ့်ပေါပေါများများ ထုတ်နိုင်တာ ကမ္ဘာမှာ နယူးဇီလန်ပဲ ရှိတယ်။ သူ့ကို ဘယ်သူမှ ယှဉ်လို့မရဘူး။ ကမ္ဘာ့ဈေး ကွက် ၆ဝရာခိုင်နှုန်းကို နယူးဇီလန်က အမှုန့်လိုင်းမှာ ထိန်းထားတယ်။
အရည်ကျတော့ အဓိက နွားခြံကနေ ယူတယ်။ မလောက်တော့မှ အမှုန့်ကနေ ပြန်ယူတယ်။ အခုကျတော့ မြန်မာပြည်နဲ့ နယူးဇီလန်နဲ့ ပရောဂျက်တွေ လုပ်တဲ့အခါမှာ ပညာရှင် ၆ယောက် ရောက်လာတယ်။ အညာဒေသမှ နို့ဖွံ့ဖြိုးရေးလုပ်တာ အရမ်း တိုးတက်လာတယ်။ နို့ညှစ်တာ လက်နဲ့ပျောက်တော့မယ်။ စက်နဲ့က သန့်ရှင်းတယ်။ သူတို့ဆီက ဝယ်ပြီးတော့ ကျနော်တို့ ပြန် ထုတ်လုပ်တာရှိတယ်။ အရည်ကျတော့ ပူတင်းပဲ။ အမှုန့်က နယူးဇီလန်။ ဒီမှာ နွားနို့ပဲယူတော့ နွားခြံရှိတယ်။ နောင်ချို၊ မေမြို့နဲ့ နီးတယ်။ မေမြို့နဲ့ ၂မိုင်ပဲရှိတယ်။ အဲမှာအကောင် ၅၀၀ကျော်ရှိတယ်။ ၂ဧကကျော်ရှိတယ်။
မေး။ ။ ကုမ္ပဏီက ဝန်ထမ်းတွေကို ဘယ်လိုစီမံခန့်ခွဲပါသလဲ။
ကျနော် နို့မှုန့်စက်ရုံက ဒဂုံဆိပ်ကမ်းမှာရှိပါတယ်။ အဲမှာ အမှုန့်နဲ့ အရည် ၂ခု ခွဲထားပါတယ်။ ဝန်ထမ်း ၄၀ဝ နည်းပါးလောက် ရှိပါ တယ်။ အဲမှာ Over Time (အချိန်ပို)ဆင်းရပါတယ်။ ဒီမှာကတော့ ရုံးချုပ်ပေါ့။ ဒီမှာ တစ်ပတ်တစ်ခါ ဒီမှာ Assembly (အစည်းအ ဝေး) ဆင်းရပါတယ်။ အမေးအဖြေတွေ လုပ်တယ်။ စာရေးဆရာတွေ ခေါ်တယ်။ ယာဉ်ထိန်းရဲတွေခေါ်တယ်။ ဟောပြောခိုင်း တယ်။ ပညာရှင်တွေလည်း ပြောတယ်။ ကျနော်ကိုယ်တိုင်လည်း ပြောတယ်။ နောက်ဝန်ထမ်းတွေထဲက သူတို့အတွေ့အကြုံသစ် လေးတွေ ပြောပြတယ်။ ကျနော်တို့ကဒီလိုလုပ်တယ်။
သူများတွေက တစ်နာရီပြောရင် အလုပ်ချိန်တစ်နာရီလျော့မယ်လို့ ထင်တယ်။ ကျနော်တို့အတွက်က ဒီတစ်နာရီက ကျန်တဲ့ ၇ နာရီထက် တန်ဖိုးရှိတယ်။ ကျနော်တို့ ဒီလိုအတူတူသွားမှ ပိုတိုးတက်လာမယ်။ ကျနော့်ဆီမှာ လာလုပ်တဲ့သူတွေ ဘာသင်တန်း တက်ချင်လဲ။ အကုန် အခမဲ့သင်တန်း တက်ခိုင်းတယ်။ နောက်ကျောင်းအောင်ပြီးရင်လည်း ဒီမှာလာလုပ်ရင်သင်တန်းတွေ ပြန် တက်ရတာပဲ။ မတူဘူးလေ။ ကျောင်းနဲ့အလုပ်ခွင်မှာက။
အရင်တုန်းက ကျနော့်အဖေ မရွေးလုပ်ငန်းမှာလုပ်တော့ ဝန်ထမ်း ၅၀ကျော်လာရင် မနိုင်တော့ဘူး။ အရမ်း ရှုတ်တယ်။ မိုးလင်း တာနဲ့ ပိုက်ဆံချေးဖို့ ၂ယောက်၊ ၃ယောက် လာတယ်။ ကျနော် ဘယ်လိုရှင်းရမလဲပေါ့။ နောက်တော့ ကျနော်အတွေ့အကြုံရှိတဲ့ မန်နေဂျာတစ်ယောက်လို်က်ရှာတယ်။ ရှာတော့ FMI လုံးချင်းအိမ်ရောင်းတဲ့ မန်နေဂျာတစ်ယောက် သွားတွေ့တယ်။ သူက လာ လုပ်မယ်ဆိုတော့ သူက တစ်လကို ၅သိန်း တောင်းတယ်။ အဲအချိန်မှာက တစ်လကို ၁၅သိန်းပဲမြတ်တယ်။ ၂၀၀၁-၂၀၀၂ လောက်မှာပေါ့။ ကျနော်တွက်ကြည့်အုံးမယ်လို့။ တစ်ပတ်လောက်ကြာတော့ ဘာဖြစ်ဖြစ်ခေါ်မယ်လို့ဆိုပြီး ခေါ်လိုက်တယ်။ သူ လာတော့ တကယ်ကိုလုပ်ငန်းက တက်သွားတယ်။ သူက ကျနော်တို့ကို အင်တာနေရှင်နယ်နည်းတွေ သင်ပေးတယ်။ ဖုန်းပြော တာက အစပေါ့။ အဲမှာတဆင့်တက်သွားတယ်။ သူကျနော့်ဆီမှာ ၇နှစ် လုပ်သွားတယ်။ အခု ဩစတြေးလျားကို ပြန်သွားတယ်။
မေး။ ။ ဒီလိုအောင်မြင်လာတော့ အတိုက်အခိုက်၊ အပြိုင်အဆိုင်တွေက ဘယ်လိုရှိလဲ။
အတိုက်ခိုက်ကတော့ မရှိပါဘူးဗျ။ ယှဉ်ပြိုင်မှုကတော့ ရှိပါတယ်။ အကြီးကြီးရှိတယ်။ သူများတွေက အမှုန့်ထုတ်ရင်ထုတ်၊ အရည်ထုတ်ရင်ထုတ် ၂မျိုးပဲရှိတယ်။ ကျနော်က ၂မျိုးလုံးထုတ်တယ်ဆိုတော့ ယှဉ်ပြိုင်မှုရှိပါတယ်။ ဒါပေမဲ့ အခု ကျနော်က နံပါတ် ၁ ဖြစ်နေတယ်။ ဒါပေမဲ့ နံပါတ် ၁ဆိုတာ တစ်ချိန်လုံး ထိန်းထားလို့ရတဲ့အရာမဟုတ်ဘူး။ တစ်ချိန်မှာ နံပါတ် ၂ ဖြစ်ရင် လည်း ဖြစ်မယ်။ နံပါတ် ၂ ဖြစ်လည်း ဘယ်တော့မှ ဝမ်းမနည်းပါနဲ့။ နံပါတ် ၁ ပြန်ဖြစ်ဖို့ကြိုးစားပါ။ ကြိုးစားနေဖို့လိုတာပေါ့ဗျာ။
မေး ။။ အခုလို အောင်မြင်လာတဲ့အခါမှာ ဒီ PEP ထုတ်ကုန်ကို နိုင်ငံတကာ တင်သွင်းဖို့ ဘယ်လိုအစီအစဉ်တွေရှိလဲ။
ကျနော် ကြိုးစားချင်တယ်။ ကျနော်က လိုအပ်ချက်တွေရှိသေးတယ်။ လိုအပ်ချက်ကလည်း ကြီးတယ်။ ပိုက်ဆံရှိရင် စက်ပစ္စည်း တွေက ဝယ်ဖြည့်လို့ရတယ်။ လူပိုင်းဆိုင်ရာမှာ ကျနော် နိုင်ငံခြားမှာ ပို့လို့ရလောက်အောင် ယုံကြည်စိတ်ချရတဲ့ အလုပ်သမား မွေးတဲ့နေရာမှာ အရမ်းခက်တယ်။ ကျနော်တို့ နို့က ဒီ့ပြင် ပစ္စည်းလို မဟုတ်ဘူးဗျ။ သီးနှံပို့တယ်။ ငါးပို့တယ်။ ဒါက နည်းနည်း လွယ်တယ်။ နို့ကျတော့ ပို့ဖို့အတွက်က (Certificate) အများကြီးယူရတယ်။ ယူရတဲ့အပြင်ကို ဒီကလူတွေ တစ်ချက်လောက် မှားသွားရင် တုံ့ဆင်းသွားမှာ။ ဒီကလူတွေက တစ်ချိန်လုံး ဒါကို လုပ်နိုင်ရမယ်။ ဒါမျိုးတွေ ထရိန်းလုပ်ရတာ နည်းနည်းခက်တယ်။
ပြီးတော့ ကျနော်တို့ ISO (The International Organization for Standardization) တွေယူရမယ်။ ကျနော်တို့ယူမဲ့ ISO က သာမန်ထုတ်တဲ့ပစ္စည်းမျိုး မဟုတ်ဘူး။ နို့က ဆေးနီးပါးလောက် အရေးကြီးတယ်။ ဘာဖြစ်လဲဆိုတော့ သူက (ပရိုတင်း)အရမ်း များတော့ ပျက်မြန်တယ်။ စားသောက်ကုန်ထုတ်တာက လွယ်တယ်။ နို့ထုတ်ရတာက အရမ်းခက်တယ်။ ကမ္ဘာပေါ်မှာ နှစ်တိုင်း၊ နှစ်တိုင်း နို့ပြဿနာရှိတယ်။ နို့ပျက်တယ်။ အဲဒါကို ရှင်းရတယ်။ ရှင်းနည်းလည်းရှိတယ်။ Recall ပြန်ခေါ်ရတယ်။ ပစ္စည်းတွေ ပြန် သိမ်းတဲ့စနစ်ရှိတယ်။ အဲကြောင့်သူက ဆေးနီးပါးလောက် တူတယ်။ ကျနော်တို့ တင်သွင်းဖို့ နည်းနည်းလေးလိုနေသေးတယ်။
ယိုးဒယား၊ ဗီယက်နမ်တို့ သူတို့က လက်သန်ပြောင်တယ်။ ခဏလေးနဲ့ ကမာ္ဘကို ထိုးဖောက်တယ်။ သူတို့ ဘယ်လိုထုတ်လဲဆို တာ ကျနော် အမြဲတမ်း လေ့လာနေတယ်။ ပို့မယ်လို့ စဉ်းစားထားတာရှိတယ်။ နည်းနည်းလေးတော့ လိုနေသေးတယ်။ အခု ကျနော်က အသက်ကြီးလာပြီး။ နောက် ၂နှစ်-၃နှစ်ဆို ကျနော့်သားတွေကို ပြန်လွှဲရမယ်။ သူတို့တော့ တော်တော်များများ လုပ်နိုင်မယ်လို့ ထင်တယ်။ ကျနော်လည်း နည်းလမ်းမှန်တွေ ချပေးသွားမယ်ပေါ့နော်။
မေး ။ ။ ဒီလုပ်ငန်းကို နောက်ပိုင်းကျရင် ဘယ်သူတွေဆီ လက်လွှဲထားမလဲ။
လုပ်ငန်းတွေက အစတုန်းက သူငယ်ချင်း ၃ယောက်နဲ့လုပ်တယ်။ နောက် ထွက်သွားတယ်။ ဒီမှာကလည်း Public ကုမ္ပဏီ မဟုတ်တော့ လုပ်ရခက်တယ်။ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတာတွေရှိတယ်။ ကျနော် ဦးဆောင်လုပ်တာများပါတယ်။ သူတို့ထွက်သွားတော့ ကျနော်ဦးဆောင်ပြီး လုပ်ပါတယ်။ ကျနော့်မှာ အခု သား ၂ယောက်ရှိပါတယ်။ တစ်ယောက်ကတော့ ကျောင်းပြီးပြီ တစ်ယောက်က လုပ်ငန်းစလုပ်ပြီးပေါ့နော်။ သူတို့လည်း ဒီအလုပ်ကိုစိတ်ဝင်စားပါတယ်။ သူတို့က ဒီအလုပ်ကို ဆက်ခံမယ့်သူပေါ့နော်။
နောက်ကျနော့်တူမတစ်ယောက် ရှိတယ်။ သူက ဆရာဝန်။ ဒါပေမဲ့ ကျနော့် မိန်းမဆုံးပြီးနောက်မှာ သူ့ကို လာဝိုင်းကူဖို့ခေါ်တယ်။ အခုဆို ၄နှစ်ရှိပြီး။ သူ့ကို MPA တက်ခိုင်းထားတာ ပြီးပြီ။ သူလည်းတော်တော် အားကိုးရတယ်။ ကျနော်က ၆၉နှစ်ရှိပြီ။ အား တော့ကျနေပြီး။ စိတ်ထင်သလောက် မလုပ်နိုင်ဘူး။ ဒါပေမဲ့ နိုင်သလောက်လုပ်အုံးမှာပါ။ ဒီတော့ ကလေးတွေကို စတင်ဆွဲရ တော့မှာပေါ့။ ဒီအလုပ်က ကျနော့်ကလေးတွေ လုပ်သွားမှာပါ။
မေး။ ။ ဒီလို အောင်မြင်အောင် ဘယ်လိုရုန်းကန်ကြိုးစားခဲ့ရသလဲ။
ဒီဟာက လူငယ်တွေကိုလည်း ကျနော် ခဏခဏ ပြောနေတယ်ခင်ဗျ။ အဓိက လူငယ်တွေက အချိန် လေးစားစေချင်တယ်။ အရင်ဆုံး ပြင်ရမဲ့အချက်လို့ ထင်ပါတယ်။ နံပါတ် ၂က စာဖတ်ဖို့ပေါ့နော်။ စာမဖတ်ဘဲနဲ့ ဘယ်လိုမှ မတိုးတက်နိုင်ဘူး။ ကျနော် ဆို အခုချိန်ထိ စာ တစ်နာရီခွဲလောက် ဖတ်တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၆လတုန်းက နှလုံးအားမကောင်းတဲ့အတွက် စာဖတ်အား တွေ ကျလာတယ်။ တစ်နာရီတောင် မနည်းကြိုးစားပြီး ဖတ်ရတယ်။ စာဖတ်တာ အရမ်းအရေးကြီးတယ်။ စာဖတ်တဲ့ဟာမှာ လည်း နှစ်ခုရှိတယ်။ ကိုယ့်ရဲ့ ဗဟုသုတဖြည့်၊ ပညာဖြည့်တဲ့ စာအပြင်ကို ကိုယ့်ရဲ့ နှလုံးသားရေးရာပေါ့။ ဝိညာဉ်ရေးရာအားဖြည့် ဖို့လည်း လိုပါတယ်။ အလုပ်လုပ်လို့ရှိရင် ကိုယ့်ရဲ့ ဗဟုသုတ အားဖြည့်တာတစ်ခုနဲ့ ဘယ်လိုမှ မလုံလောက်ပါဘူး။ ဝိညာဉ်ရေးရာ နဲ့ ဒါ နှလုံးသားအားကောင်းဖို့က တော်တော်လေးကို အရေးကြီးပါတယ်။ အဲဒါဟာ အောင်မြင်နေတဲ့ အဓိက တွန်းအားပဲ ဖြစ်ပါ တယ်။
အလုပ်လုပ်တဲ့အခါမှာ ဇွဲရှိဖို့လည်းလိုတယ်။ သူများနဲ့မတူအောင်လုပ်ဖို့။ တကယ့်အသစ်အဆန်းကြီး လုပ်စရာ မလိုပါဘူး။ ကိုယ် လုပ်နေတဲ့အလုပ်မှာပဲ အသစ်တွေဖန်တီးဖို့ပဲ။ အဲဒါက ကိုယ့်လုပ်ငန်းကို တွန်းအား တအား ဖြစ်စေတယ်။ အဲဒါလေးကို ကျနော် က သူများတွေနဲ့မတူအောင် ကြော်ငြာ၊ ဈေးကွက်၊ အုပ်ချုပ်မှု အားလုံးပေါ့နော်။ ဒါလေးကို ဖန်တီးပြီးလုပ်တော့ သူများထက် တစ်ပန်းသာသွားတယ်။ အခုခတ်လူငယ်တွေက ဒါတွေကို အရမ်းအားနည်းတယ်။ ဒါတွေကို လုပ်ဖို့လိုပါတယ်။ ဖြစ်သွားတဲ့လူ တွေလည်း အများကြီးပါ။ ကျန်နေတဲ့သူတွေကို ကျနော်မှာချင်ပါတယ်။
မေး။ ။ အောင်မြင်ဖို့အတွက် ဘယ်လိုစာအုပ်မျိုးတွေကို ဖတ်သင့်လဲ။
အဓိက စာစဖတ်ဖို့လိုတယ်။ ကြိုက်တဲ့စာအုပ်ကိုဖတ်၊ ကိုယ်အရင် စာဖတ်ဖို့လိုတယ်။ ကျနော်က ဒါကို မကောင်းဘူးလို့ပြောရင် စာဖတ်တာပျက်သွားမယ်။ ကျနော် စာစဖတ်တုန်းကဆို ကျနော့်သူငယ်ချင်းက သိုင်းဝတ္ထုစာအုပ် လာပေးတယ်။ ကျနော် မကြိုက်ဘူး။ အဲတုန်းက နာမည်ကြီးတဲ့ ဝတ္တုအများကြီးရှိတယ်။ ကျနော် ဖွင့်ကြည့်တော့ ဘာမှအနှစ်သာရမရှိဘူးဆိုတော့ မင်း စုံထောက်ဝတ္ထုဖတ်ကြည့်ဆိုတော့ ကျားဆရာ ကြောင် ဆိုတဲ့ စာအုပ်လာပေးတာ ဖတ်ကြည့်တယ်။ မဆိုးဘူးဖတ်လို့ ကောင်း တယ်။
အဲတော့ စာဖတ်ဝါသနာပါသွားတယ်။ နောက်ဘာဖြစ်လဲဆိုတော့ ဖတ်ရင်းနဲ့ စာအုပ်ကိုရွေးလာတယ်။ ကိုယ့်အတွက် အကျိုးမ ရှိတဲ့စာအုပ်ကို မဖတ်ချင်တော့ဘူး။ နောက်ဆုံး ဘာသွားရွေးဖြစ်လဲဆိုတော့ အတ္ထုပ္ပတ္တိစာအုပ်ကို နံပါတ်(၁) ဖတ်ဖြစ်တယ်။ ဘာသာပြန်စာအုပ်တွေ ဖတ်တယ်။ နောက်ပိုင်းကျတော့ ဂန္ဓဝင်စာအုပ်တွေ ဖတ်ဖြစ်လာတယ်။ ဘာသာရေးစာတွေလည်း ဖတ် ဖြစ်တယ်။ အဲလိုလေးတွေ တစ်ဆင့်ချင်း ပြောင်းလဲဖို့ လိုတာပေါ့။ အဲတော့ စာဖတ်အားကောင်းလာပြီး စာဖတ်တာ အကျိုးရှိလာ ပြီဆိုတဲ့လမ်းစကို ကောင်းကောင်း ရောက်နေပြီးလို့ ပြောလို့ရတယ်။