ဇူလိုင် ၁၈ ရက်၊ ၂ဝ၁၉ ခုနှစ်။ နေနော်
ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်တွင် ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက အဖမ်းခံရပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ ပြန်လည်ပို့ဆောင်စဉ် မော်တော်ယာဉ်မီးလောင်မှုကြောင့် အသက်ဘေးမှ လွတ် မြောက်ခဲ့ သည့် မြန်မာနိုင်ငံသား ၆၄ ဦးသည် ယနေ့(ဇူလိုင်လ ၁၈ရက်)အထိ မဲဆောက်မြို့ ၊ နယ်ခြားစောင့်ရဲ စခန်း တွင် ထိန်းသိမ်းခံနေဆဲဖြစ်ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်တွင် ဇွန်လ ၂၉ ရက်နေ့က အထောက်အထားမဲ့ ဖမ်းဆီးရမိသော မြန်မာနိုင်ငံသား ၆၄ဦးအား နဝသီခရိုင်လူဝင်မှုကြီး ကြပ်ရေးအချုပ်မှ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ ပြန်လည်ပို့ဆောင်စဉ် ဇွန် ၃ဝ ရက်၊ နေ့လည်၂ နာရီချိန်ခန့်က မဲဆောက်မြို့အဝင် မိုဆယ်ဈေးအနီး
အာရှလမ်းမကြီး မိုင်တိုင်အမှတ် 60. KM ခန့်တွင် နှစ်ထပ်ယာဉ်မှာ အပူရှိန်လွန်ကဲမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၎င်းယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသော မြန်မာနိုင်ငံသား ကျား ၅၃ ဦး၊ မ ၁၁ ဦးနှင့် ကလေးငယ် ၁ ဦး တို့မှာ တစုံတရာ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့သော်လည်း ယနေ့ (ဇူလိုင် ၁၈ ရက်)ထိ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ လေယာဉ်ကွင်းအနီးရှိ နယ်ခြားစောင့်ရဲစခန်းတွင် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း မဲဆောက်-မြဝတီ အမှတ်(၁) ချစ်ကြည်ရေးတံတားအနီးရှိ အထွေထွေလူမှုကူညီရေး(KTG)ရုံး မန်နေဂျင်းဒါရိုက်တာ ကိုသား ကြီးက ပြောသည်။
KTG ရုံး မန်နေဂျင်း ဒါရိုက်တာ ကိုသားကြီးက“အထောက်အထားမစုံလို့ အပိုင်နယ်မြေ လဝကမှ ဖမ်းဆီးပြီး နယ်စပ်ကို ပြန်လည်ပို့ဆောင်ခဲ့တဲ့ မြန်မာနိုင်ငံ သားများဟာ ကားမီးလောင်မှုကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ပေမယ့်လည်း အခုလို ရက်ပေါင်း ၂ဝ နီးပါး ထိန်းသိမ်းခံရတာကတော့ လူ့အခွင့်အရေးရှုထောင့်က ကြည့်မယ်ဆိုရင် ဒါက မဖြစ်သင့်တဲ့ကိစ္စပါ။”ဟု ပြောသည်။
ပြည်တော်ပြန် မြန်မာနိုင်ငံသားများကို ယခုကဲ့သို့ ထိုင်းဘက်ခြမ်းတွင် ကာလအားဖြင့် ရက်ရှည်ကြာစွာ ထိန်းသိမ်းထားခြင်းကို ဆက်လက်မပြုလုပ်ဘဲ လျင်မြန်စွာ လွှဲပြောင်းဆောင်ရွက်နိုင်စေရန် နှစ်နိုင်ငံ တာဝန်ရှိသူများက ပူးပေါင်း ဆောင်ရွက်သင့်သည်ဟုလည်း ကိုသားကြီးက သုံးသပ်သည်။
ယခုကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့ လူဝင်မှု ကြီးကြပ်ရေး ရဲဗိုလ်ကြီး Mr.Phi Chon က အဆိုပါ မြန်မာနိုင်ငံသား ၆၄ ဦးကို လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန်အတွက် ယာယီထိန်း သိမ်းထားခြင်းဖြစ်ကြောင်း၊ ထိုအထဲတွင် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်မှ မလေးရှားနိုင်ငံသို့ တရားဝင် ဗီဇာဖြင့် လာရောက်ကာ ဗီဇာသက်တမ်းကုန်ဆုံး၍ ထိုင်းနယ်စပ်သို့ ဝင်ရောက်လာရင်း ဖမ်းဆီးရမိသူများ ပါဝင်ကြပြီး ၎င်းတို့ကို ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းနိုင်ရန် စီစဉ်လျက်ရှိသည်ဟု ပြောသည်။



















