ဧပြီ ၂ဝရက်၊ ၂ဝ၁၉ ခုနှစ်။ နေနော်
မြန်မာ့နှစ်ကူး သကြင်္န်အချိန်အခါသမယတွင် နေရပ်မြန်မာပြည်သို့ ပြန်လာကြသည့် မြန်မာအလုပ်သမားများသည် မြန်မာ-ထိုင်းနယ်စပ် မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှတဆင့် ထိုင်းနိုင်ငံရှိ မူလလုပ်ငန်းခွင်သို့ ပြန်ရန် အလုံးအရင်းဖြင့် နေ့စဉ် ပြန်လည်ထွက်ခွာလျက်ရှိသည်ဟု သိရသည်။
မဲဆောက်မြို့အခြေစိုက် KTG လူမှုကူညီရေးရုံး မန်းနေဂျင်း ဒါရိုက်တာ ကိုသားကြီးက “ပြန်လာတဲ့သူတွေက ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့အနီးတဝိုက်ရှိ မူလလုပ်ငန်းခွင်ကို ပြန်မယ့်သူတွေများပါတယ်။ ဧပြီလ (၁၇)ရက်နေ့ကတော့ ဒီတံ တားကနေတဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်သွားတဲ့သူ နှစ်ထောင်ကျော်လောက်ပဲရှိမယ်။ နောက်ပိုင်းရက်တွေမှာ တဖြည်းဖြည်းနဲ့များလာပြီး ဒီနေ့ ဧပြီလ ၂ဝ ရက်နေ့မှာတော့ နှစ်သောင်းကျော်လောက်ရှိမယ်”ဟု ပြောသည်။
ယခုလို အလုံးအရင်းဖြင့် ဝင်ရောက်လာမှုကြောင့် တံတားတွင် တုံးထုရရန် နေပူထဲတွင် တစ်နေကုန် စောင့်ဆိုင်းရ သလို မဲဆောက်-ဘန်ကောက် ပြေးဆွဲသည့် မော်တော်ယာဉ်များ မလုံလောက်မှုကြောင့် ထောင်နှင့်ချီသော အလုပ် သမားများမှာ ကားမရဘဲ ဒုက္ခရောက်ကြရသည်ကို တွေ့ရှိရကြောင်းလည်း ကိုသားကြီး ဆက်ပြောသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စမွတ်ဆခွန်ခရိုင် မဟာချိုင်သို့ လုပ်ငန်းခွင်ဝင်ရန်ပြန်မည့် ကိုဝင်းစိုးက“မနက်ကတည်းက တံတားပေါ်မှာ တန်းစီနေတာ နေ့လည် (၃)နာရီလောက်ရှိပြီး အခုထိ အလှည့်မကျသေးဘူး။ ပြန်တက်တဲ့လူတွေက တအားများသလို ထိုင်းဘက်အခြမ်းမှာ တုံးထုရတာ Form တွေလည်း ဖြည့်နေရတော့ အချိန်ကြာသလို စောင့်ရတဲ့သူ အဖို့လည်း နေပူကြီးထဲမှာ ဒုက္ခရောက်ရတယ်။”ဟု ပြောသည်။
သကြင်္န်ပွဲတော်ကာလ နေရပ်မြန်မာပြည်သို့ ပြန်လာကြသော မြန်မာလုပ်သားများအနေဖြင့် (Re.Entry Visa Free) အခမဲ့ ခွင့်ပြုထားသော ကာလနောက်ဆုံးနေ့ဖြစ်သည့် ဧပြီလ ၃ဝရက်နေ့အမီ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရ မည် ဖြစ်သည်။ သတ်မှတ်ရက်အတွင်း ပြန်လည်မဝင်ရောက်နိုင်ဘဲ လာမည့် မေလ ၁ရက်မှ ၃၁ရက်နေ့အထိ ပြန်လည်ဝင် ရောက်ပါက ဒဏ်ကြေး (၂,၀၀၀) ဘတ်ပေးဆောင်ရမည်ဖြစ်ပြီး ထိုကာလထက်နောက်ကျမှ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင် ရောက်မည်ဆိုပါက မူလ Passport နှင့် Visa ပျက်ပြယ်ပြီး MoU စနစ်ဖြင့် အသစ်ပြန်လည်ဝင်ရောက်ရမည်ဟု ထိုင်း နိုင်ငံရှိ မြန်မာသံရုံး၏ သတင်းထုတ်ပြန်မှုအရ သိရသည်။
မဟာသကြင်္န်ကာလ နေရပ်သို့ပြန်နိုင်ရန် မြန်မာအလုပ်သမားများအတွက် ဧပြီ ၅ ရက်မှ ၃ဝရက်နေ့အထိ ထိုင်းနိုင်ငံမှ Re. Entry Visa အခမဲ့ ပေးထားပြီး နေရပ်ပြန်သူ နှစ်သိန်း(၂ဝဝ,ဝဝဝ)ကျော်ရှိခဲ့ရာ ယခုအခါ သကြင်္န်ကာလပြီးဆုံး၍ ခွင့်ပြုသည့်ကာလအတွင်း ထိုင်းနိုင်ငံရှိ မူလလုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်ရန် ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲ ဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှတဆင့် ထိုင်းနိုင်ငံသို့ ယခုလို နေ့စဉ် ပြန်လည်ထွက်ခွာ နေကြခြင်းဖြစ်သည်။