အိန္ဒု-ကော့ကရိတ် အရှေ့အနောက် စီးပွားရေးစကြင်္န်လမ်း ဖောက်လုပ်သည့်အခါ ဒေသခံအတွက် ထိခိုက်နစ်နာနိုင်မည့် အခြေအနေ၊ ဖောက်လုပ်သည့် ကုမ္ပဏီဘက်က တာဝန်ယူမှု တာဝန်ခံမှုရှိရမည့်အပိုင်းနှင့်ပတ်သက်ပြီး စီမံကိန်း မစတင်ခင်ကတည်းက ယခုအချိန်ထိ ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်နေသည့် “သွီး” လူထုအခြေပြုဖွံ့ဖြိုးရးကွန်ယက် ဒါရိုက်တာလည်းဖြစ်၊ ၂၄ ရွာကော်မတီ ချိန်ဆက်ညှိနှှိုင်းရေးမှူးဖြစ်သူ မန်းသိဏ်းဇော်အား ဆက်သွယ်မေးမြန်းထားသည် များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ အာရှလမ်းမစီမံကိန်းမှာ ထိခိုက်နစ်နာတာတဲ့ ဒေသခံတွေအနေနဲ့ လျော်ကြေး၊ နစ်နာကြေး ရရှိမှုအခြေအနေနဲ့ပတ်သက်ပြီး သိပါရစေ။
ဖြေ။ ။ CRBC( China Road and Bridge Corporation ) ကုမ္ပဏီက ဖောက်လုပ်တဲ့ အာရှဟိုင်းဝေးလမ်းနဲ့ပ တ်သက်ပြီးတော့ ထိခိုက်နစ်နာတဲ့ ပြည်သူ တွေကို ပထမအကြိမ် ၊ ဒုတိယအကြိ်မ်မှာတော့ ADB (အာရှဖွံ့ဖြိုးရေးဘဏ်) ရဲ့ ချေးငွေနဲ့ ပေးတယ်။ အခု ဒီတတိယအကြိမ်မှာကျတော့ လုပ်ငန်းရဲ့ လိုအပ်ချက်အရ CRBC ကုမ္ပဏီကနေပြီးတော့မှ အစိုးရကိုယ်စား သူတို့ရဲ့ ကုမ္ပဏီပိုင်ငွေကြေးနဲ့ လွန်းညရွာသား ထိခိုက်နစ် နာတဲ့ ပြည်သူ ၄ ဦးကို ကုမ္ပဏီငွေနဲ့ လောလောဆယ် သူတို့ကြိုပေးထားတယ်။ ဒီလမ်းပိုင်းကို သူတို့ပြီးအောင် လုပ်ချင်တာ လဲပါတာပေါ့နော်။ အဲဒီ ၄ ယောက်ပိုင်ဆိုင်တဲ့မြေတွေက နည်းနည်လေး ကပ်သီးကပ်သပ် ဖြစ်နေတာပေါ့။ အဲဒါတစ်ပိုင်း ရှိတယ်။
သို့သော် လျော်ကြေးပေးအပ်တဲ့အပေါ်မှာတော့ အပြည့်အဝ ရလားလို့မေးတဲ့အပေါ်မှာ ကျနော်တို့ အဓိက လိုက်ပါလုပ်ဆောင်ပေးကူညီပေးနေတဲ့ အဖွဲ့အစည်းအနေနဲ့တော့ အပြည့်အဝရယ်လို့တော့မဟုတ်ဘူး။ ငွေရဲ့တန်ဖိုးကို အပြည့်အဝရ သလားလို့မေးရင်တော့ လိုအပ်တဲ့လူရဲ့ အတိုင်းအတာပေါ်မှာ မူတည်တယ်။ ဒီလူက ၁ဝ လိုချင်ရင် ၁ဝ ပေးရင်တော့ သူတို့ လိုချင်တာ ပြည့်ဝတယ်လို့ခံယူတယ်။ ဒီလူက ၂ဝ လိုချင်လို့ ၁ဝ ပဲ ပေးတယ်ဆိုရင်တော့ ဒါက သူကမပြည့်ဝဘူးလို့ ဖြေမှာပဲ။ ကျနော်တို့ ဒီဘက်ကြားလူအနေနဲ့ ပြောရမယ်ဆိုရင်တော့ လက်ရှိ ADB ရဲ့ သတ်မှတ်တဲ့ စံချိန်စံညွှန်းတိုင်း လျော်ကြေးနစ်နာကြေးကို ပေးတာကတော့ လူထုတွေအတွက် အဆင်ပြေတယ်လို့ ကျနော်တို့က ယူဆတယ် ။
သို့သော် လူထုဘက်ကကြည့်ရင်တော့ လက်ရှိ ၂၀၁၂ လယ်ယာမြေ ဥပဒေ သော်လည်ကောင်း ၊ လျော် ကြေးနစ်နာကြေး သတ်မှတ်တဲ့နေရာမှာ LARC (Land Acquisition and Resettlement Committee)ကော်မတီနဲ့ သက်ဆိုင်ရာ အာဏာရှိ ပုဂိ္ဂုလ်တွေကသာလျှင် လျော်ကြေးနစ်နာကြေးကို တွက်ချက်သတ်မှတ်တာဖြစ်ပြီးတော့ လက်ရှိမြေပြင်အနေအထား မြေယာပိုင်ရှင်တွေရဲ့ သဘောထားရယူမှု ၊ အတူအကွဆုံးဖြတ်မှု မပါတဲ့အတွက်တော့ အဲဒီအပေါ်မှာတော့ ဒေသခံတွေက စိတ်ကျေနပ်မှုတော့ မရှိဘူး။ အဲလိုပဲ ကျနော်တို့ ဒီ ၂၄ ရွာ ကော်မတီအနေနဲ့ ကျနော်တို့ ပါဝင် လုပ်ဆောင်နေတဲ့ ပုဂိ္ဂုလ်တွေနဲ့လည်း ဒီအချက်ကို ပြန်လည်ပြင် ဆင်ပေးဖို့ တောင်းဆိုထားတာ ၂၀၁၇-၁၈ ကတည်းက လက်ရှိအချိန်ထိ တော့ ပြန်လည်ပြင်ဆင်ပေးတာမျိုး လိုက်လျောပေးတာမျိုးတော့မရှိသေးဘူးလို့ အဲလိုပဲဖြေချင်ပါတယ်။
မေး။ ။ လျော်ကြေးသတ်မှတ်တဲ့နေရာမှာ ဘယ်လိုပုံစံမျိုးသတ်မှတ်ပြီး ပေးနေသလဲ။
ဖြေ။ ။ သူတို့လျော်ကြေးသတ်မှတ်တဲ့နေရာမှာ ဥယျာဉ်ခြံမြေ၊ လယ်ယာမြေ လူနေမြေဆိုပြီး ၃ မျိုးရှိတယ်။ အဲဒီမှာ အထောက်အထားပြနိုင်တဲ့ သူတွေကို မြေယာအမျိုးအစား လျော်ကြေးသတ်မှတ်ပေးတာပေါ့နော်။ နောက်တစ်ခုက မြေယာအထောက်အထား စုံလင်စွာ မပြနိုင်ဘူးဆိုရင် အဆောက်အဦးရဲ့ တန်ဖိုးကိုပဲပေးတယ်။ ၂၀၁၄ မတိုင်ခင်က ဆောက်ထားတဲ့ အဆောက်အဦးကိုပဲလျော်ကြေးပေးတယ် ။ ၂၀၁၄ နောက်ပိုင်း ဆောက်ထားတဲ့ အဆောက်အဦးတွေက လျော်ကြေးမပေးဘူး။ ဘာဖြစ်လို့မပေးလဲဆိုတာက လမ်းတိုးချဲ့မယ်၊ လမ်းနဲ့ မလွတ်နိုင်တဲ့နေရာ ထိခိုက်နိုင်တဲ့ လယ်တွေမှာ အဆောက်အဦးတွေ မတိုးချဲ့ဆောက်ဖို့ ၂၀၁၃ ခုနှစ်ကတည်း သူတို့ နို့တစ်စာ(အသိပေးကြောင်းကြားစာ) တွေထုတ်ထားတာရှိတယ်။
နောက်တစ်ခုပြောချင်တာက ADB ရဲ့ Guide line မှာ ပြည်သူတွေရဲ့ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာတွေကို လေးစား လိုက်နာရမယ်ဆိုတာ အချက်ပါတယ်။ သို့သော် လျော်ကြေးသတ်မှတ်တဲ့နေရာမှာ ဒေသခံတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ အစဉ်လာအရ လှေဦးတိုက်၊ လှည်းဦးတိုက်၊ လမ်းဦးတိုက် နေလို့မရဘူး။ အိမ်က တစ်ခြမ်းဖြိုတာနဲ့ တစ်လုံးလုံးဖြိုရတဲ့ရိုးရာဓလေ့ ထုံးတမ်းအစဉ်အအလာရှိပါတယ်။ ဒါပေမယ့် သူတို့သည် တစ်ခြမ်းထိ တစ်ခြမ်းဖိုးပဲ လျော်တယ်။ တစ်အိမ်လုံးအတွက် မပေးပါဘူး။ အဲဒီအပေါ်မှာ ကျနော်တို့ စောဒက တက်စရာရှိတယ်။ အကြံပြုစရာတွေ ရှိပါတယ်။ ဒါဟာ ADB က ထောက်ပြထားသော်လည်း လက်ရှိ ကျနော်တို့ နိုင်ငံတော်က လျော်ကြေး ပေးအပ်တဲ့အခါမှာ ဒီအချက်ကို ထည့်သွင်းစဉ်းစားတာ အားနည်းတယ်ဆိုတာ ကျနော်တို့ ထောက်ပြချင်ပါတယ်။
အထောက်အထားရှိမှ မြေတန်ဖိုးကိုပေးတယ်ဆိုတာက အထောက်အထားဆိုတာဘာလဲပေါ့။ ကျနော်တို့ နိုင်ငံမှာ လာယှဉ်ရင်တော့ ကျနော်တို့နိုင်ငံမှာ လယ်သမားက ဘာအထောက်အထားမှ မပြနိုင်ဘူး။ ဆိုလိုတာက ကျနော်တို့နိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုနည်းသေးတယ်။ ဌာနဆိုင်ရာ တစ်ခုချင်းစီရဲ့ လုပ်ဆောင်ချက်တွေက အားနည်းတယ်။ ဒီကြားထဲ အကျင့်ပျက်ခြစားမှုတွေ ရှိနေတယ်။ ဒေသခံပြည်သူလူထုတွေက တတ်သိနားလည်မှု ဗဟုသုတ အားနည်းတယ်။ ဒီအပိုင်းတွေကြောင့် ဒေသခံပြည်သူလူထုလက်ထဲမှာ ဘာအထောက်အထားမှ မရှိဘူး။ အဲဒီတော့ လယ်ပိုင်သော်လည်း မြေယာအထောက်အထား ပုံစံ ၇ ပြီးတော့ ပုံစံ ၁၀၅၊ လယ ၃၉ ဒါတွေ တစ်ယောက်မှမရှိဘူး။ မရှိတဲ့အပေါ်မှာ အထောက် အထားတောင်းဆိုပြီးရမှ လျော်ကြေးပေးမယ်ဆိုတာက ပြည်သူအတွက် တအားနစ်နာတယ်တယ်လို့ ပြောချင်ပါတယ်။
မေး။ ။ ၂၀၁၈ မှာ လုပ်လက်စ လမ်းစီမံကိန်းကို ကုမ္ပဏီဘက်က ဆက်မလုပ်တော့ဘဲ ခဏရပ်ဆိုင်းထားတာရှိတယ်။ အဲဒါဘာကြောင့်လဲ။
ဖြေ။ ။ လမ်းဖောက်လုပ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရပ်လိုက်တာက ရှင်းပါတယ်။ ကျနော်တို့ ကရင်ပြည်နယ်ရဲ့ မိုးရေချိန် လက်မက အနည်းဆုံး ပုံမှန် ၆ဝ ကနေ ၇ဝ ရှိတယ်။ သူတို့ လုပ်တဲ့ လမ်းလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ကရင်ပြည် နယ်ရဲ့ မိုးရေချိန်ကို အထင်သေးတယ်။ ကျနော်တို့ ၂၄ ရွာကော်မတီရဲ့ ကောက်ခံထားတဲ့ စစ်တမ်းတွေနဲ့ ပတ်သက်ပြီးတော့ တင်ပြထားတာတွေရှိတယ်။ ကရင်ပြည်နယ်သည် မိုးရေချိန်အများဆုံး ပြည်နယ် တစ်ခုထဲမှာရှိတယ်။ အဲဒီအတွက် လမ်းကို မိုးရာသီမှာလုပ်ရင် ဒါဟာ အန္တရာယ်ရှိတယ်။ လမ်းသွားလမ်းလာတွေ ကားသွားကားလာတွေ လုံခြုံမှုမရှိဘူး။ လုပ်ငန်းလုပ်တာလည်း ကြန့်ကြာမှု ရှိနိုင်တယ်။ အဲဒီအတွက် ၂၄ ရွာ ကော်မတီက တင်ပြထားပြီးသား ထောက်ပြ ထားပြီးသား အကြုံပြုပြီးသားဖြစ်ပါတယ်။ ဒီအပေါ်မှာလည်း မလေးစားမလိုက်နာတာက တစ်ချက်ပါတယ်။
ဒုတိယတစ်ချက်က လမ်းခင်းဖို့အတွက် လွန်းညတောင်ကနေပြီး ADB ကျောက်မိုင်းထုတ်တဲ့ကိစ္စနဲ့ပတ် သက်ပြီးတော့ ဒေသခံနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ အပြင်းအထန် ကန့်ကွက်တဲ့အတွက် အဲဒီမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ပွင့်လင်းမြင်သာ မရှိမှုတွေ၊ ပြီးလို့ရှိရင် တာဝန်ယူမှု တာဝန်ခံမှု အားနည်းတဲ့ အပိုင်းတွေ၊ ပြီးရင် လွန်းညရွာမှာ ကျောက်ထုတ်တဲ့ကိစ္စ ဖောက်တဲ့လမ်းတွေ လယ်ယာသုံး လမ်းဖောက်လုပ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး လယ်သမားတွေကို တရားစွဲတဲ့ ကိစ္စနဲ့ အပြင်းအထန် တစ်ဖက်နဲ့တစ်ဖက် ညှိလို့မရအောင် ပြဿနာကြီးသွားတာ တစ်ချက်ပါတယ်။
ဒီလုပ်ငန်းကြီးရပ်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ADB က လာရောက်ပြီး ကွင်းဆင်းစစ်ဆေးတဲ့အ ပေါ်မှာ ADB ပိုက်ဆံချေးတဲ့အစိုးရသည် သူ့ရဲ့ ငွေချေး စည်းမျဉ်းစည်းကမ်းအရ လူ့အခွင့်အရေး ချိုးဖောက်မှုမရှိရဘူး။ ပြီးရင် လက်နက် ကိုင်တွေ ပါဝင်ပတ်သက်မှုမရှိရဘူး။ သဘာဝပတ်ဝန်းကျင်ကိုလည်း အနည်းဆုံး ထိခိုက်နစ်နာမှုမျိုးပဲ ဖြစ်ရမယ်။ ဒေသခံလူနည်းစု အခွင့်အရေးကို လေးစားလိုက်နာရမယ်။ လယ်ယာမြေလမ်းဖောက်တဲ့အတွက် ထိခိုက်နစ်နာတဲ့ ပြည်သူတွေကို သူတို့တွေရဲ့ပူးပေါင်းပါဝင်မှုနဲ့ အပြန်အလှန်လေးစားမှု ပေးရမယ်ဆိုတာ ပါပါတယ်။ အဲဒီတော့ အဲဒီစည်း ကမ်းချက်တွေက ကျနော်တို့ ၂၄ ရွာကော်မတီနဲ့ အရပ်ဖက်အဖွဲ့က ADB ကို အီးမေးလ်ပို့တယ်။ အစီရင်ခံစာပို့ တယ်။ စစ်တမ်းတွေပို့တယ်။ အဲဒီတော့ ADB ကွင်းဆင်း စစ်ဆေးတဲ့အပေါ်မှာ ကျနော်တို့ ပို့တာတွေ အမှန်ဖြစ်နေတဲ့ အတွက် သူတို့ဘက်ကနေပြီးတော့ ငွေကြေးထုတ်ချေးဖို့တွက် ရပ်ဆိုင်းလိုက်တဲ့ အကြောင်းပါပါတယ်။
မေး။ ။ ၂၄ ရွာ ကော်မတီမှာဆိုရင် ဘယ်သူကတွေပါဝင်ပြီး ဘာကြောင့်ဖွဲ့စည်းထားသလဲ။
ဖြေ။ ။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နဲ့ ဖားအံအထိ ဖောက်မယ့် အာရှဟိုင်းဝေး စီးပွားရေး စကြင်္န်လမ်း ကြီးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ “သွီး”နဲ့ အရပ်ဖက်အဖွဲ့အစည်း-CSO ပေါင်း ၆ဝ ကျော်က ၂၀၁၄ ထဲက ADB နဲ့ မဲ ဆောက်(ထိုင်းနိုင်ငံ) အကြိမ်ကြိမ်အခါခါ ကျနော်တို့ဆွေးနွေးခဲ့တယ်။ ဒီအရှေ့အနောက် အာရှစီးပွားရေးဇုန် ပတ်လမ်းကြီး ဟာ အခြားအာဆီယံနိုင်ငံတွေမှာ ဖောက်ပြီးသွားပြီ မြန်မာနိုင်ငံ ကရင်ပြည်နယ်ထဲမှာပဲ ကျန်တော့တယ်။ အဲဒီ တစ်ပိုင်းပြီး ရင် အားလုံးက ပြီးသွားပြီ။ အဲဒီတော့ ADB ရဲ့ ချေးငွေနဲ့ အရှေ့တောင်အာရှဟိုင်းဝေး စီးပွားရေးဇုန်ပတ်လမ်း ဖောက်တဲ့ အခါမှာ ပြုမူပုံတွေကို ကျနော်တို့ လေ့လာတယ်။ ADB ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ကျနော်တို့လေ့လာတယ်။ လမ်း ဖောက်လုပ်ခြင်းကို တာဝန်ယူတဲ့ ကုမ္ပဏီတွေရဲ့ လူ့အခွင့်အရေးလေးစားလိုက်နာမှု နိုင်ငံမှာရှိတဲ့ ဥပဒေတွေ သဘာဝပတ် ဝန်းကျင်ကို လေးစားလိုက်နာမှု၊ ကုမ္ပဏီတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှုဘယ်လောက်ရှိလဲဆိုတာ ကျနော်တို့လေ့လာတယ်။ အဆိုးဆုံးက ဗီယက်နမ်တို့ ကမ္ဘောဒီးယားတို့မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံးရှိတာ ကျနော်တို့ တွေ့ရတယ်။
မြန်မာနိုင်ငံထဲမှာ ADB ပိုက်ဆံထုတ်ချေးပြီး အာရှဟိုင်းဝေးလမ်းကို လုပ်မယ်ဆိုရင် ဘယ်လိုပုံစံနဲ့ လုပ်ရင် အဆင်ပြေမလဲ၊ ငြိမ်းချမ်းရေးရှုထောင့်တွေနဲ့ ကျနော်တို့ သုံးသပ်တယ်။ ဖွံ့ဖြိုးရေးရှုထောင့်လည်း ကျနော်တို့ သုံးသပ်တယ်။ ပြီးရင် တိုင်းရင်းသားအများစု နေထိုင်တဲ့အတွက် တိုင်းရင်းသားတွေရဲ့ ထုံးတမ်းအစဉ်အလာဓလေ့တွေကိုလည်း ကျနော်တို့ တိုင်းတာတယ်။ အရပ်ဖက်လူမှုအဖွဲ့အစည်းထဲက တတ်သိပညာရှင်တွေက လမ်းနဲ့ပတ်သက်ပြီး နိုင်ငံတကာ ဟိုင်းဝေး လမ်းဖြစ်တဲ့အတွက် လမ်းဘေးဝဲယာမှာ မြောင်းတွေပါရမယ်။ ပြီးရင်လူသွားတဲ့ ပလက်ဖောင်းတွေပါရမယ်။ ဒီလမ်းပြီးရင် နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်းမောင်းမှာဖြစ်တယ်။
အဲဒီတော့ တိုင်းရင်းသားဒေသမှာ ပညာရေးကော၊ ဗဟုသုတအပိုင်းရော အားနည်းတယ်။ ပြီးရင် ကျနော်တို့ နိုင်ငံမှာလည်း ဌာနဆိုင်ရာတွေရဲ့ ပြည်သူအပေါ် အသိပညာပေး၊ သတင်းဖြန့်ဝေမှုအားနည်းတယ်။ အဲဒီအပေါ်မှာ ယာဉ်စည်းကမ်းလမ်း စည်းကမ်းကို လူတိုင်းက သိမနေဘူး။ ဟိုင်းဝေးလမ်း ဥပဒေဆိုတာဘာလဲ၊ အဲဒီအတွက်ကြောင့် လူသားတွေရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ အရာတွေပါတယ်။ လမ်းဒီဇိုင်းနဲ့ ပတ်သက်ပြီး ကျနော်တို့ ဆွေးနွေးတာ တွေရှိတယ်။ ပြီးရင် လျော်ကြေး နစ်နာကြေး သတ်မှတ်တဲ့နေရာမှာလည်းဘဲ ဒေသခံ မြေယာပိုင်ရှင်တွေရဲ့ သဘောထား မှတ်ချက်တွေကို ပြန်ပြီးတော့မှ အတူတကွ ဆွေးနွေးဆုံးဖြတ်ဖို့ အဲဒီတုန်းက ကျနော်တို့ ဆွေးနွေးတိုင်ပင်ခဲ့တယ်။ သဘောတူညီခဲ့တာတွေရှိပါတယ်ပေါ့။ အကောင်အထည်မဖော်ခင် အချိန်ကပေါ့။ သို့သော် ဒီဘက်လမ်းအကောင်အထည် ဖော်တဲ့အချိန်ရောက်တော့ လျော်ကြေး နစ်နာကြေးပေးတဲ့အခါမှာ မူလမြေယာပိုင်ရှင်တွေရဲ့ သဘောထား ရယူတာတွေမယူဘဲနဲ့ သူတို့ဖွဲ့ထားတဲ့ LARC ကော်မတီရဲ့ ဆုုံးဖြတ်ချက်နဲ့ပဲ မြေယာလျော်ကြေးတွေကို သတ်မှတ်တာတွေကို ကျနော်တို့ တွေ့ရတယ်ပေါ့။
ဒုတိယအချက်ကတော့ လမ်းဒီဇိုင်းဟာ ကျနော်တို့ ၂၀၁၄ တုန်းက ဆွေးနွေးထားတဲ့ လမ်းဒီဇိုင်း အတိုင်းမဟုတ်ဘဲနဲ့ တော်တော်များများပြောင်းလဲသွားတာကိုလည်း တွေ့ရတယ်။ တတိယအချက်ကတော့ ပြည်သူတွေမှာက အကြောက် တရားရှိတယ်။ သတင်းအချက်အလက်ရရှိဖို့ နည်းပညာပိုင်းအားနည်းတယ်။ ဥပဒေပိုင်း တတ်သိမှု အားနည်းတယ်။ ဒီအပေါ်မှာ ဌာနဆိုင်ရာရဲ့ အားပေးကူညီဖေးမမှုကလည်း အားနည်းတာကိုတွေ့ရတယ်။ အဲဒီအတွက်ကြောင့် အရပ်ဖက် အစည်းကလည်း အာရှဟိုင်းဝေးလမ်းဖောက်လုပ်တဲ့နေရာမှာ ဒေသခံပြည်သူတွေဘက်က ကူညီဖို့ ၂၄ ရွာကော်မတီဖွဲ့ တယ်။ ၂၄ ရွာကော်မတီမှာ ဒေသခံ ထိခိုက်နစ်နာတဲ့ ပြည်သူပါတယ်။ ဒေသအတွင်း တက်ကြွလှုပ်ရှားတဲ့ ပုဂိ္ဂုလ်တွေပါတယ်။
ကျနော်တို့ အရပ်ဖက်အဖွဲ့စည်းနဲ့ တတ်သိပညာရှင် ဝင်ပါရတဲ့ အကြောင်းရင်းက ကျနော်တို့ နိုင်ငံတော် အစိုးရရဲ့ဂုဏ်သိက္ခာ ပြည်နယ်အစိုးရရဲ့ ဂုဏ်သိက္ခာ သက်ဆိုင်ရာ ဌာနဆိုင်ရာ အာဏာရှိသူတွေရဲ့ လူ့ဂုဏ်သိက္ခာ သူတို့ယူထားတဲ့ တာဝန်ပေါ်မှာ ဒေသခံပြည်သူတွေရဲ့ကြားမှာ အချင်းချင်းသဟဇာတရှိစေဖို့ ဂုဏ်သိက္ခာတက်စေဖို့ ရည်ရွယ်ချက်တွေနဲ့ ဝင်ပါရခြင်းဖြစ်တယ်။ မဖောက်ရဘူး၊ မလုပ်ရဘူး၊ ကျနော်တို့ ကန့်ကွက်တာမဟုတ်ဘူး။ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ လိုက်နာရတဲ့ ဥပဒေ တွေကို နိုင်ငံတကာ ကုမ္ပဏီကလည်း လေးစားလိုက်နာစေချင်တာပါ။
မေး။ ။ ဒီ စီမံကိန်းကြောင့် ဒေသခံပြည်သူတွေအတွက် ထိခိုက်နစ်နာမှု ဘာတွေရှိပါသလဲ။
ဖြေ။ ။ ဒီစီမံကိန်း လမ်းစလုပ်ကတည်းက လမ်းဘေးဝဲယာမှာရှိတဲ့ ကျနော်တို့ ပြည်သူတွေ၊ ဒီလမ်းကို မှီခိုနေတဲ့ ဆိုင်ရှင်တွေ နွေရာသီမှာ နေ့တိုင်းဖုံရှူရတယ်။ ဖုံကြောင့် ဆိုင်ပိတ်လိုက်ရပြီး ယနေ့အထိ သူတို့တွေ ပြန်ပြီး မဖွင့်နိုင်တဲ့ ဆိုင်ရှိသလို အခြားသောနေရာမှာ ပြောင်းရွှေ့ပြီး ဖွင့်ရတဲ့ဆိုင်လည်း ရှိတယ်။ ဒါကို ADB စည်းမျဉ်းစည်းကမ်းနဲ့ ပြန်တိုင်းတာမယ်ဆိုရင် ဒါဟာ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုပဲ ပြောလို့ရတယ်။
ကျနော်တို့အခု ဖုန်ရှူနေရတယ်။ ကလေးတွေ၊ ကိုယ်ဝန်မိခင်တွေ ရောဂါသည်တွေ ရတယ်။ အသက်မွေး ဝမ်းကျောင်းနဲ့ ပတ်သက်ပြီးတော့ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး အားလုံးထိခိုက်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ADB ရဲ့ လျော်ကြေးနစ်နာကြေးသတ်မှတ်တဲ့ နေရာမှာ ပါပါတယ်။ သို့သော် လျော်ကြေး၊ နစ်နာကြေး သတ်မှတ်တာမျိုး ၊ စာရင်းဇယားကောက်တာမျိုး ကျနော်တို့ ခုထိမတွေ့သေးဘူး။ ကျနော်တို့ ၂၄ ရွာကော်မတီက တင်ပြတောင်း ဆိုထားတာရှိတယ်။ လုပ်ပေးမယ်၊ လုပ်ပေးမယ်ဆိုပြီး ယနေ့အချိန်ထိ တာဝန်ယူမှု တာဝန်ခံမှု အကောင်ထည်ဖော်တာမရှိဘူး။
နောက်တစ်ခု ဒီလမ်းပိုင်းကို တာဝန်ယူနေတဲ့ CRBC ကုမ္ပဏီကို ကြည့်ရှုလမ်းညွှန်ရမှာက ပြည်နယ်အစိုးရ ပြည်နယ် ဆောက်လုပ်ရေးမှာ တာဝန်ရှိတယ်။ အဲဒီအပိုင်းမှာလည်း အားနည်းတာကို တွေ့ရတဲ့အတွက်ကြောင့် ကျနော်တို့ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူလူထုတွေနဲ့ပေါင်းပြီး ၂၄ ရွာကော်မတီကိုဖွဲ့ပြီး အရပ်ဖက် အဖွဲ့အစည်းအနေနဲ့ ဒေသခံတွေကို ကူညီလမ်းညွှန်ပေးတာဖြစ်တယ်။ ဒါကိုဖွဲ့စည်းတာ မိမိရဲ့အခွင့်အရေးကို ကာကွယ်ဖို့ဖြစ်တယ်။ နိုင်ငံတော်ကို ပုန်ကန်တာလည်းမဟုတ်ဘူး။ ယခုလက်ရှိလည်း ပြီးခဲ့တဲ့လ ၃ လပိုင်းက သာယာကုန်းကျေးရွာနဲ့ ရိုးမဟာကျေးရွာတွေမှာ မြေပြန်လည်တိုင်းတာဖို့ ကျနော်တို့ ၂၄ ရွာကော် မတီက တောင်းဆိုထားတာရှိတယ်။ အဲဒါကို သူတို့သွားတို်င်းတာတယ်။ တိုင်းတာတဲ့နေရာမှာ သစ်ပင်ခုတ်လှဲတာရှိတယ်။ သစ်ပင်ခုတ်လှဲတယ်ဆိုတာ ဌာနဆိုင်ရာတွေ လာခဲ့ရင် ဒီနေ့ ဒီရက် ဘယ်မှာလာ တွေ့မလဲ၊ ဘာတွေလာလုပ်မလဲဆိုရင် ကျနော်တို့ ၂၄ ရွာကော်မတီကို အနည်းဆုံး ၃ ရက်အကြောင်းကြား ထားပေးပါ။ ကျနော်တို့ ၂၄ ရွာကော်မတီနဲ့ အတူတကွ ကွင်းဆင်းပါ၊ ဆောင်ရွက်ပါဆိုတာ တောင်းဆိုထားတယ်။
သို့သော် သူတို့လာရင် ၂၄ ရွာကော်မတီကို အကြောင်းကြားတာ တစ်ခါမှမတွေ့ရဘူး။ အဲဒီအတွက်ကြောင့် အောက်ခြေမှာ ပြည်သူတွေနဲ့ ထိပ်တိုက်တွေ့တဲ့အခါကျတော့ မလိုလားအပ်တဲ့ ပြဿတွေ ဖြစ်ပေါ်လာတာကို ကျနော်တို့ သိရတယ်ပေါ့။ ဒါက သူတို့လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်ပေါ်မှာ အားနည်းချက်တစ်ချက်လို့ ပြောချင်ပါတယ်။
အဲဒီတော့ ၂၄ ရွာကော်မတီနဲ့ ယုံယုံကြည်ကြည် သူတို့ဘက်က တာဝန်ရှိပုဂိ္ဂုလ်တွေနဲ့ ဌာနဆိုင်ရာတွေနဲ့ လက်တွဲပြီး လုပ်ဆောင်လိုက်မယ်ဆိုရင် ကျနော်တို့ အာရှဟိုင်းဝေးလမ်းနဲ့ပတ်သက်ပြီးတော့မှ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင် သာမှုက ဒီထက်ပိုအားကောင်းပြီးတော့ လျင်လျင်မြန်မြန်နဲ့ ဒီလမ်းကြောင်းကြီး ပြီးဆုံးသွားမယ်လို့ ကျနော်တို့က မြင်တယ်။
မေး။ ။ ၂၄ ရွာကော်မတီမှ တင်ပြတဲ့အကြောင်းအရာတွေဆိုရင် သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က ဘယ်လောက်လိုက်လျောပေးမှုတွေ ရှိသလဲ။
ဖြေ။ ။ ရှင်းရှင်းပြောရမယ်ဆိုရင် ၂၀၁၇-၁၈မှာတုန်းက ကျနော်တို့ သွီးလူမှုအဖွဲ့ ကနေ ဦးဆောင်ပြီးတော့မှ ကောက်ယူထားတဲ့ စစ်တမ်းတွေရှိတယ်။ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာ အစိုးရတို့ဆီမှာ ကျနော်တို့ အရောက်ပို့တာရှိတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးခန်းမမှာလည်း အပေါ်ကချမှတ်ထားတဲ့ စည်းမျဉ်းစည်း ကမ်းတွေနဲ့ အောက်ခြေမှာလုပ်ဆောင်တာတွေနဲ့ လွှဲမှားနေတယ်ဆိုတာမျိုး ၂ ကြိမ်တိုင်တိုင် ကျနော်တို့ ထောက်ပြပြောဆို တာရှိတယ်။ သို့သော် ဒေသခံတွေနဲ့ သဟဇာတဖြစ်မယ့် အချက်တော်တော် များများကိုတော့ သူတို့ လုပ်ဆောင်တာတွေ လိုက်လျောပေးတာတွေ မတွေ့ရဘူး။ မဖြစ်စလောက်အချက် ကလေးတွေကိုပဲ လိုက်လျောတာကို ကျနော်တို့တွေ့ရတာပေါ့။
မေး။ ။ ပြီးခဲ့တဲ့နှစ်က ဒီလမ်းဆောက်လုပ်တာနဲ့ပတ်သက်ပြီး စီမံကိန်းရပ်ဆိုင်းလိုက်တဲ့နောက် လက်ရှိ လမ်းဖောက်လုပ်မှု နောက်ဆုံးအခြေအနေ ဘယ်လိုရှိလဲ။
ဖြေ။ ။ ADBက သူတို့ငွေချေးပေါ်လစီကို ချိုးဖောက်တဲ့အတွက် ချေးငွေဆက်မပေးတော့ဘူး။ မထုတ်ပေးတော့တဲ့အတွက် ဘာဆက်လုပ်လဲဆိုတော့ ကျနော်တို့ ပြည်ထောင်စုဘတ်ဂျက်၊ အစိုးရဘတ်ဂျက်နဲ့ ဒီလမ်းကို ဆက်လုပ်တာဖြစ်တယ် လုပ်တော့ သူတို့စီမံကိန်းက ၂၀၁၉မှာ ပြီးမယ်လို့ ရေဘုုယျအားဖြင့် ခန့်မှန်းထားပေမယ့်လည်း ADBက ချေးငွေမထုတ်ပေးတဲ့အတွက် စီမံကိန်းက အနောက်ကို ၂၀၂၂ လောက်အထိ ရွှေ့သွားမယ်လို့ ကျနော်တို့ အရပ်ဖက်လူမှုအဖွဲ့အနေနဲ့ မြင်တယ်။
နောက်တစ်ခုက လျော်ကြေးနစ်နာကြေးကို အစိုးရဘတ်ဂျက် အရ ဒီနှစ်တင်မှ နောက်နှစ်ကျတာဖြစ်တဲ့အတွက် လမ်းပိုင်းအကောင်အထည်ဖော်မှုအပိုင်းက အများကြီး ကြန့်ကြာသွားဖို့ ရှိပါတယ်။ ပြောချင်တာက ကျနော်တို့ ၂၄ ရွာကော် မတီနဲ့ ဒေသခံများကြားမှာ လိုအပ်နေတဲ့ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတည်ဆောက်တဲ့ အစည်းအဝေးတွေ မလုပ်နိုင်ဘူးဆိုရင်တော့ ပြည်ထောင်စု အစိုးရ ဘတ်ဂျက်နဲ့ပဲ ဆက်ပြီး လုပ်ဆောင်ရမှာဖြစ်တယ်။ ကျနော်တို့ အရပ်ဖက်အဖွဲ့အစည်းမြင်တာကတော့ လက်ရှိနောက်ပိုင်းမှာလည်းဘဲ မလိုလားအပ်တဲ့ ပြဿနာတွေ ဆက်ပြီးဖြစ်ပေါ်လာဖို့ရှိသေး တယ်လို့ကြို တင်ပြီးတော့ ပြောချင်ပါတယ်။
စီမံကိန်းမစတင်ခင်ကာလမှာလည်း ကျနော်တို့ ထဲထဲဝင်ဝင်ပါတယ်။ စီမံကိန်းလုပ်ဆောင်နေစဉ်ချိန်မှာလည်း ကျနော်တို့ထဲထဲဝင်ဝင်ပါတယ်။ စီမံကိန်းပြီးဆုံးသွားတဲ့ နောက်ပိုင်းမှာလည်း အများကြီး စကားဆက်ပြောဖို့ ရှိလာပါအုံး မယ်။
မေး။ ။ ဘာများ ဖြည့်စွက်ပြောဆိုချင်လဲ။
ကျနော်တို့ ပြောချင်တာက CRBC ကုမ္ပဏီသည် ဒေသခံလူမှုအဖွဲ့အစည်း တတ်သိပညာရှင်ဒေသခံတွေနဲ့ ပူးပေါင်းပါဝင် လုပ်ဆောင်မှု အခန်းကဏ္ဍမှာ အရမ်းအားနည်းတယ်။ တရုတ်အစိုးရပိုင် ကုမ္ပဏီဖြစ်ပြီးတော့မှ ကျနော်တို့ နိုင်ငံမှာလာပြီး တော့ ဒီလိုမျိုး ဆောက်လုပ်ရေးငန်းတွေလုပ်တဲ့နေရာမှာ သူ့ရဲ့ကုမ္ပဏီမှာ ဘာပစ္စည်းမှ ပါမလာဘူး။ လုံလောက်တဲ့ ပစ္စည်း တွေမရှိဘူး။ ဥပမာ-ဖုံထတာ ရေဖြန်းဖို့ လာတုန်းက ရေကား၂ စီး ကျနော်တို့ တွေတောင်း ဆိုလွန်းလို့၊ တိုက်တွန်းလွန်းလို့ ၄ စီး၊ ၆ စီး၊ ၈ စီး အဲလိုဖြစ်လာတယ်။
အဲလိုစက်ပစ္စည်းယန္တရားတွေမလုံလောက်တဲ့အပေါ်မှာ ဘာဖြစ်လို့ကုမ္ပဏီထောင်လဲ ကုမ္ပဏီတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းရှိတယ်။ ကျနော်တို့နိုင်ငံမှာက ရင်နှီးမြှုပ်နှံတဲ့ လူတွေလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ ဒီစည်းမျဉ်းစည်းကမ်းတွေအရဆိုရင် ကုမ္ပဏီတစ်ခုသည် ကျနော်တို့နိုင်ငံမှာ အလုပ်လာလုပ်မယ်ဆိုရင် သူ့ဆီမှာ ပြည့်စုံလုံလောက်သော အတိုင်းအတာ တစ်ခုထိပြည့်စုံသော စက်ယန္တရားတွေ၊ နည်းပညာတွေ ပါဝင်လာရမှာဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ပြောချင်တာက ဖွံ့ဖြိုးရေးလုပ်တာက အသံပဲနားထောင်လို့ကောင်းတာ တကယ်တမ်းလက်တွေ့ အကောင်အထည်ဖော်မယ်ဆိုရင် အရင်ဦးဆုံး ထိခိုက်နစ်နာတာက ဒေသခံပြည်သူလူထုနိုင်ငံသားတွေ ဖြစ်ပါတယ်။
ဖွံ့ဖြိုးရေးလုပ်ဆောင်တဲ့နေရာမှာ တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ လုပ်ဆောင်ပါလို့ ကျနော်တို့တိုက်တွန်း ချင်ပါတယ်။ ကောင်းမွန်သော စီမံအုပ်ချုပ်မှု စနစ်ကောင်းဖြစ်လာဖို့အတွက်ဆိုရင် ဒေသခံပြည်သူလူထုတွေ တတ်သိပညာရှင်တွေ အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်မှု အခွင့်အလမ်းကိုလည်း ယုံယုံကြည်ကြည်နဲ့ လက်တွဲလက်ခံပေးဖို့လိုပါတယ်လို့ ကျနော် အကြံပြုချင်ပါတယ်။