ဧပြီ ၂၉ ရက်၊ ၂၀၁၉ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့ နယ် မဲကနယ်ကျေးရွာ ကုန်သွယ်ရေးဇုန်အနောက်ဘက်ရှိ အငြင်းပွားဖွယ် ရွှေမြစန္ဒီ အိမ်ရာစီမံကိန်းအတွင်းရှိ နေအိမ်အဖျက်ခံရသူများမှာ အကူအညီမဲ့နေကြောင်း နေအိမ်အဖျက်ခံရသူများ ဘက်က ယနေ့(ဧပြီ ၂၉ ရက်)တွင် ကေအိုင်စီသို့ ပြောသည်။
ယခုလ ဧပြီလ ၂၅ရက်နေ့ကစ၍ ယနေ့အထိ အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းများပါဝင်သော အဖွဲ့စုံ တာဝန်ရှိသူများ သည် ဘူဒိုဇာများသုံး၍ လူနေအိမ်များကို စတင်ဝင်ရောက်ဖြိုဖျက်ကြရာ နေအိမ်ပြောင်းရွှေ့မှုအတွက်အပြင် မဲကနယ် ဧရိယာအတွင်း၊ အပြင်ဘက်သို့ ဝင်ထွက်သွားလာခွင့်မပြုကြောင်း နေအိမ် အဖြိုဖျက်ခံရမှုတွင် ပါဝင်သည့် အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။
၎င်းက“ပြည်သူလူထုတွေ ညဖက်ဆိုလမ်းမှာ အိပ်ရတယ်။ အခုဆို နေပူထဲမှာ တဲထိုးပြီး နေတယ်။ တချို့ဆို တဲ ထိုးစရာ ပလပ်စတစ်ဝယ်ဖို့မရှိလို့ အရိပ်ကလေးတွေရှာပြီး စစ်ပြေး ဒုက္ခသည်ထက်တောင် ဆိုးပါတယ်။ အိမ်မဖျက်ဘဲ အထဲမှာ နေတဲ့သူတွေကိုလည်း အတင်းဆွဲချတယ်။ ဒဏ်ရာရတဲ့သူက ရနဲ့ အပြင်ကလည်း ဒီကို ဝင်မရ ဒီကလည်း အပြင်ထွက်မရနဲ့ ဒုက္ခတွေရောက်ကြရပါတယ်။ သူတို့ အိမ်တွေဖျက်ခိုင်းပြီး ပြန်ဆောက်ခိုင်းတယ်။ ဆောက်စရာလည်း ပိုက်ဆံမရှိကြဘူး။ မုဆိုးမတွေ ကလေးအမေတွေ ဒီမှာအများကြီး”ဟု ပြောသည်။
လက်ရှိတွင် နေအိမ် (၃၈၆)လုံးကို ဖြိုဖျက်သွားမည်ဖြစ်ပြီး ကျန်သည့် အပိုင်းများရှိ နေအိမ်များကိုလည်း အပိုင်းလိုက် ဖြိုဖျက်သွားရန်ရှိကြောင်းနှင့် နေအိမ်များကို အိမ်ရှင်များ ကိုယ်တိုင်ဖျက်ခိုင်းထားပြီး အစားထိုးပေးထားသည့် မြေနေရာပေါ်တွင် နေအိမ်များကို ပြန်လည်ဆောက်ခိုင်းသော်လည်း နေအိမ်အတွက် နစ်နာကြေး များမပေးသည့်အပြင် ၎င်းအစားထိုးပေးထားသည့်မြေနေရာများရှိ မြေပိုင်ရှင်များက လက်မခံခြင်းကြောင့် နေစရာ သွားစရာမရှိဘဲ အကူအညီမဲ့နေကြရသည်ဟုလည်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။
ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် သစ်တောဌာနပိုင်မြေ (၈၈) ဧကမှ လူနေအိမ်များကို ၁၄ ရက်အတွင်း ဖယ်ရှားရှင်းလင်းရန် ယခုလ ဧပြီ ၄ ရက်နေ့က အသိပေးစာပေးပို့ထားကာ ပြီးခဲ့သည့် ၂၄ ရက်နေ့အထိ မိမိနေအိမ်များကို ကိုယ်တိုင်ဖျက်ရန် အချိန်ပေးထားပြီး ကိုယ်တိုင်မဖျက်သည့် နေအိမ်များကို နေ့တစ်ပိုင်းထပ်မံ အ ချိန်ပေးကာ ညနေ ၆ နာရီလောက်တွင် စတင်၍ ဘိုဒိုဇာများဖြင့် ဝင်ရောက် ဖြိုဖျက်ကြသည်ဟု နေအိမ်အဖြို ဖျက်ခံရသည့် ဒေသခံများက ပြောသည်။
ရွှေမြစန္ဒီအိမ်ရာရှိ နေအိမ်ဖယ်ရှား ရှင်းလင်းမှုကိစ္စကို ကျေနပ်မှုမရှိကြသည့် ဒေသခံ (၃,၀၀၀) ခန့်မှ ပြီးခဲသည့် ဧပြီလ ၂၂ရက် နေ့က မြဝတီမြို့အတွင်း လမ်းလျှောက်ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ယင်းဆန္ဒဖော် ထုတ်မှုကြောင့် ဦးဆောင်သူ (၄) ဦးအပါအဝင် တက်ကြွလှုပ်ရှားသူ နော်အုန်းလှတို့ကို ဧပြီလ ၂၂ရက်တွင်၊ မြဝတီ မြို့မရဲစခန်းက ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဥပဒေပုဒ်မ (၁၉/၂၀)ဖြင့် အမှုဖွင့် ဖမ်းဆီးပြီး အာမခံပေးထားသည်ဟု သိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး မြဝတီခရိုင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ကို ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုန့်ပြန် ဖြေကြားခြင်းမပြုခဲ့ပေ။
သို့သော် မြေရာစီမံကိန်းကိစ္စအပေါ် မြဝတီခရိုင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိ သူများက ကျူးကျော်နေထိုင်သူများကို ကွင်းဆင်းစိစစ်၍ အစားထိုးမြေနေရာများ ပေးအပ်သည့် အစီအစဉ်များ အား ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းက စတင်ဆောင်ရွက်ပေးခဲ့ပြီး ယာယီမြေမိန့်(မြေနေရာ အသိအမှတ်ပြုလွှာ) ကိုပေးအပ်ခဲ့သည်ဟု ကျူးကျော်အိမ်ရာများအား စိစစ်အကြံပြုရေး အထောက်အကူပြုအဖွဲ့ခေါင်းဆောင် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၏ ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။
ဧပြီလ ၅ ရက်နေ့က ပြုလုပ်ခဲ့သည့် မဲကနယ်ကျေးရွာအုပ်စုအတွင်းရှိ ကျူးကျော်အိမ်ရာများ စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ ကျူးကျော်နေထိုင်သူများသည် ဧပြီလ ၈ ရက်မှ ၂၁ရက် နေ့အထိ ရက်သတ္တပတ် နှစ်ပတ်အတွင်း မဲကနယ်ကျေးရွာအုပ်စုအတွင်းရှိ သတ်မှတ်ချထားပေးသော မြေကွက် အတွင်းသို့ မိမိအစီအစဉ်ဖြင့် စနစ်တကျ ပြောင်းရွှေ့နေထိုင်ပြီးပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ခရိုင်ထွေအုပ် ထံသို့ ယာယီမြေမိန့် (မြေနေရာ အသိအမှတ်ပြုလွှာ)ကို တင်ပြလျှောက်ထားရန်အတွက် အသိပေးအကြောင်း ကြားစာများ ပေးပို့ခဲ့သည်။
လက်ရှိတွင် လူနေအိမ် တစ်ထောင်(၁,ဝဝဝ)ကျော် ကျန်ရှိရာ ပြည်နယ်အစိုးရ၏ စီမံခန့်ခွဲမှုဖြင့် စစ်တမ်းများ ကောက်ယူပြီး ဖယ်ရှားရှင်းလင်းရေးနှင့်အတူ အမှန်တကယ် မရှိနွှမ်းပါးသူတို့အား (ပေ၂၀´×၆၀´) နေရာချထားပေးရေး အစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်းလည်း အစိုးရ တာဝန်ရှိသူဘက်က ဆိုသည်။
ရွှေမြစန္ဒီအိမ်ရာ စီမံကိန်းအကြောင်းပြချက်ဖြင့် ဒေသခံရွာသားများ၏ လယ်ယာမြေများကို အကွက်ချရောင်းချ ခြင်းအပေါ် ဖြေရှင်းပေးရန် တောင်းဆိုမှုအရ ပြည်နယ်အစိုးရ ဦးဆောင်၍ KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ KNU/KNLA –PC (ငြိမ်းချမ်းရေး ကောင်စီ) နှင့် နယ်ခြားစောင့် တပ် (BGF)တို့က အိမ်ရာကွက်ပေါင်း (၃,၂၀၉)ကွက်မှ လူမနေသော ဆောက်လုပ်ဆဲခြံကွက်များနှင့် မြေကွက် လွတ်(၈၀၀) ခန့်အား ယခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဖယ်ရှားရှင်းလင်းမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။
၂၀၁၃ ခုနှစ်မှ စတင်၍ အစိုးရ၏ အိမ်ရာစီမံကိန်း အကြောင်းပြချက်ဖြင့် ယခင် မဲကနယ်ရွာဟောင်း မြေဖြစ် သည့် မြေဧကပေါင်း ၃၁၇ ဒသမ ၇၁ ဧကခန့် သိမ်းဆည်းခံခဲ့ရပြီးနောက် မြေကွက်တစ်ကွက်အား ကျပ်ငွေ ၁ဝဝ,ဝဝဝ (တစ်သိန်း)မှ ၅၅ဝ,ဝဝဝ (ငါးသိန်းခွဲ)ဈေးနှုန်းဖြင့် အကွက်ချရောင်းချခဲ့ခြင်းဖြစ်သည်။ ဒေသခံများ ကောက်ခံထားသည့် စာရင်းများအရ မြေရာသိမ်းဆည်းခံရသူ ဒေသခံရွာသား ၁၇ ဦးရှိသည်ဟု ဆိုသည်။