ဧပြီလ ၄ ရက်၊ ၂၀၁၉ခုနှစ်။ စအိုင်ဆူး
ဒေသခံဌာနေတိုင်းရင်းသား၊ လူမှုအဖွဲ့အစည်းများနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU စသည့် ကိုယ်စား လှယ်များပါဝင်သည့် သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်၏ ပထမဦးဆုံးအကြိမ် အထွေထွေညီလာခံကို ဧပြီလ ၃ရက်မှ ၅ရက်နေ့အထိ ဖာပွန်ခရိုင်၊ လူသောမြို့ နယ်၊ ပေးကေးအုပ်စု ၊ ဒေ့ပူနိုကျေးရွာတွင် ပြုလုပ်ကျင်းပလျက်ရှိသည်။
အဆိုပါ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ကို ယခင်နှစ် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့က တရားဝင် ကြေ ညာခဲ့ပြီးနောက် နောက်ဆက်တွဲလုပ်ငန်စဉ်ဖြစ်သော သံလွင်ငြိမ်းချမ်းရေး အုပ်ချုပ်ရေး ကော်မတီကို ဖွဲ့စည်း နိုင်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရန်အတွက် ညီလာခံ ကျင်းပရခြင်းဖြစ်သည်ဟု ကရင်သဘာဝ ပတ်ဝန်း ကျင် နှင့် လူမှုရေးဆိုင်ရာလှုပ်ရှားမှုကွန်ယက်(KESAN)ပြောခွင့်ရ နော်ဆာမူးက ပြောသည်။
“အဖွဲ့အစည်းတစ်ခုမှာဆိုရင် ဖွဲ့စည်းအုပ်ချုပ်မှုပုံစံနဲ့ရှိရမယ်မဟုတ်လား။ အဲ့လိုမျိုးပဲ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ကို ဗဟိုချုပ်ကိုင်မှုပုံစံမဟုတ်ဘဲ ဒေသခံ အောက်ကနေ အထက်ကို သွားတဲ့ပုံစံမျိုး ပူးပေါင်းလုပ် ဆောင်မှု ပုံစံနဲ့သွားဖို့အတွက် ဒေသခံလူထု၊ အရပ်ဖက်တွေ နဲ့ ဒေသအာဏာပိုင်တွေပါဝင်တဲ့ အုပ်ချုပ်ရေး ကောင်မတီကို ရွေးချယ်တင်မြောက်နိုင်ဖို့အတွက်ဖြစ်တယ်”ဟု နော်ဆာမူးက ကေအိုင်စီသို့ပြောသည်။
အဆိုပါ အုပ်ချုပ်ရေးကော်မတီကို ဖွဲ့စည်းနိုင်ရန် ကျေးရွာအုပ်စု ၂၆အုပ်စုမှ ဒေသခံ ကိုယ်စားလှယ် ၅၂ဦး၊ ကရင်အမျိုးသမီးအစည်းအရုံး-KWO၊ ကရင်လူငယ်အစည်းအရုံး-KYO၊ ကရင်ကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေးရုံး-KORD၊ ကရင်ပြည်တွင်း နေရပ်ရင်းစွန့်ခွာရသူများကော်မတီ-CIDKP၊ ကရင်လူအခွင့်အရေးအဖွဲ့-KHRGနှင့် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ယက်-KESAN စသည့် အရပ်ဖက်ကိုယ်စားလှယ် ၁၂ဦးနှင့် ကေအဲန်ယူမှ ကျေးရွာ၊ မြို့နယ်၊ ခရိုင်အဆင့်နှင့် ဌာန(၅)ခုမှ ကိုယ်စားလှယ်(၄၂)ဦးစုစုပေါင်း (၁၀၆) ဦးကို ယခင်က ရွေးချယ်သတ်မှတ်ထားပြီးဖြစ်သည်။
ထိုသို့ နယ်ပယ်အသီးအသီးမှ ရွေချယ်ထားသော ကိုယ်စားလှယ် (၁၀၆) ဦးမှတစ်ဆင့် ရပ်ရွာလူထု ကိုယ်စားလှယ် (၅)ဦး၊ ကေအဲန်ယူ ကိုယ်စားလှယ်(၄)ဦးနှင့် လူမှုအဖွဲ့ အစည်းကိုယ်စားလှယ်(၂)ဦးပါဝင်သော အုပ်ချုပ်ရေး ကော်မတီဝင် (၁၁)ဦးကို ယမန်နေ့ကစ၍ မဲပေးရွေးချယ်သောစနစ်ဖြင့် စတင်ရွေးကောက်နေပြီး ဖြစ်ကြောင်း သိရသည်။
သုံးရက်တာ ပြုလုပ်မည့် အဆိုပါ အထွေထွေညီလာခံသို့ ယခင်ရွေးချယ်ထားသည့် ကိုယ်စားလှယ်များ အပါ အဝင် မဲကော်မရှင်များ၊ တက်ရောက်လေ့လာသူများနှင့်ဒေသခံ လူထုများ စုစုပေါင်း လူဦးရေး ၂၀ဝနီးပါး တက်ရောက်နေပြီး အုပ်ချုပ်ရေး ကော်မတီ ရွေးချယ်မှုအပြင် သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်အတွက် လုပ်ဆောင် သွားမည့် ရှေ့လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးချမှတ်သွားမည်ဟု ဦးဆောင်ပါဝင်သူများက ဆိုသည်။
သံလွင် ငြိမ်းချမ်းရေး ဥယျာဉ်သည် မြန်မာနိုင်ငံ အရှေ့တောင်ဘက်ခြမ်း၊ သံလွင်မြစ်၏ အနောက်ဘက်ကမ်း တွင် တည်ရှိပြီး အကျယ်အဝန်း (၁,၃၅၅,၅၈ဝ) ဧကရှိသည်။ ငြိမ်းချမ်းရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ သဘာဝ ပတ်ဝန်းကျင် ရေရှည်ရပ်တည်ရေးနှင့် ဓလေ့ရို်းရာ ယဉ်ကျေးမှု ထိန်းသိမ်းနိုင်ရေး စသည့် မျှော်မှန်းချက် သုံးချက်ဖြင့် ကေအဲန်ယူနှင့်မြန်မာအစိုးရတို့ကြား ငြိမ်းချမ်းလုပ်ငန်းစတင်လာခဲ့သည့် ၂ဝ၁၂ ခုနှစ်ကတည်းက ကြိုးပမ်းလုပ်ဆောင်လာခဲ့ပြီး ၎င်းဥယျာဉ် နှင့် ဥယျာဉ်အခြေခံ ဥပဒေ ပြဌာန်း အတည်ပြုခြင်းကို ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၁၈ရက်နေ့တွင် တရားဝင်ကြေညာခဲ့သည်။



















