Home သတင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ် တရားဝင်‌ဆွေး‌နွေးပွဲများ ပြန်စနိုင်ရန် လုပ်‌ဆောင်မည်ဟု အရပ်ဘက်အဖွဲ့များ‌ပြော

ငြိမ်းချမ်း‌ရေးဖြစ်စဉ် တရားဝင်‌ဆွေး‌နွေးပွဲများ ပြန်စနိုင်ရန် လုပ်‌ဆောင်မည်ဟု အရပ်ဘက်အဖွဲ့များ‌ပြော

2772

‌ဖေ‌ဖော်ဝါရီ ၇ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

ငြိမ်းချမ်း‌ရေးဖြစ်စဉ် တရားဝင်‌ဆွေး‌နွေးပွဲများ ပြန်လည်စတင်နိုင်‌အောင် စည်းရုံးလုပ်‌ဆောင်သွားမည်ဟု ‌ဖေ‌ဖော် ဝါရီ ၇ ရက်(ယ‌နေ့)တွင် ရန်ကုန်မြို့၊ ပုဇွန်‌တောင်မြို့နယ်ရှိ Orchid ဟိုတယ်၌ ပြုလုပ်သည့် ၂၁ ကြိမ်‌မြောက် အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်၊ သတင်းစာရှင်းလင်းပွဲတွင် ဖိုရမ်အလုပ်အမှု‌ဆောင်အဖွဲ့မှ ဦးသွင်လင်း ‌အောင်က ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ရဲ့ ရည်ရွယ်ချက်ထဲမှာ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို ပိုမိုပြီး‌တော့ ထိ‌ရောက်‌အောင် ပံ့ပိုးဖို့ ဆိုတာ ပါတယ်။ အဲ့အတွက်‌ကြောင့်မို့လို့ ‌ဆွေး‌နွေးမှု‌တွေရပ်သွားပြီးဆိုလို့ရှိရင် အလွတ်သ‌ဘော ‌ဆွေး‌နွေးမှု ‌တွေကတစ်ဆင့် ‌ဆွေး‌နွေးမှု‌တွေ ပြန်စသွား‌အောင်လို့၊ ပြန်ပြီး‌တော့ ဆက်ဖြစ်သွား‌အောင် လုပ်မယ်ဆိုတဲ့ ရည် ရွယ်ချက် ရှိပါတယ်”ဟု ‌ပြောသည်။

၂၁ ကြိမ်‌မြောက် အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်း‌ရေးဖိုရမ်ကို ‌ဖေ‌ဖော်ဝါရီ ၄ မှ ၅ ရက်‌နေ့ထိ ရန်ကုန်မြို့၊ ပန်ဒါဟိုတယ်၌ ကျင်းပခဲ့ပြီး ဖိုရမ်မှ ငြိမ်းချမ်း‌ရေးဆိုင်ရာ အိတ်ဖွင့်‌ပေးစာ တစ်‌စောင်ထုတ်ပြန်ခဲ့သည်။ အဆိုပါ အိတ်ဖွင့် ‌ပေးစာကို NRPC (အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး ဗဟိုဌာန)ဥက္ကဌ ‌ဒေါ်‌အောင်ဆန်း စုကြည်၊ ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်တို့ထံ‌ပေးပို့သွားမည် ဖြစ်သည်။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် NCA ထိုးထားသည့် အပစ်ရပ်အဖွဲ့‌ခေါင်း‌ဆောင်နှင့် ကရင်နီ အမျိုးသားတိုးတက်‌ရေးပါတီ၊ FPNCC (Federal Political Negotiation Coordination Committee) ဥက္ကဌတို့ထံလည်း ‌ပေးပို့သွားမည်ဟု ဖိုရမ်တာ ဝန်ရှိသူများက ‌ပြောသည်။

“အိတ်ဖွင့်‌ပေးစာကို ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်တဲ့ သက်ဆိုင်သူ‌တွေဆီကို ပို့သွားမယ်။ အဲ့ဒါ အပြင် သူတို့နဲ့ ‌တွေ့ဆုံပြီး‌တော့မှ စည်းရုံးလုပ်‌ဆောင်တာ‌တွေလုပ်ပြီး‌တော့ သူတို့ကို ပြည်သူလူထု‌တွေက‌တော့ ဒီလို‌တွေ ခံစား‌နေရတယ်။ ဒီလို‌တွေအကြံပြုတယ်။ အဲ့အတွက် ငြိမ်းချမ်း‌ရေးစကား‌ပြောတာ‌တွေ ဆက်ပြီးလုပ်ပါ ဆိုတဲ့ဟာမျိုး‌တွေ ကျ‌နော်တို့ ဆက်ပြီးလုပ်‌ဆောင် သွားမှာ ဖြစ်ပါတယ်”ဟု ဦးသွင်လင်း‌အောင်က ဆက်‌ပြော သည်။

အဆိုပါ အိတ်ဖွင့်‌ပေးစာတွင် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ NCA စာချုပ်ပါ ကြားကာလအစီအစဉ်များ ကို အပစ်ရပ်‌ဒေသတွင် တိကျ‌သေချာစွာ
‌ဆောင်ရွက်ရန်၊ နှစ်ဖက်သ‌ဘောတူလက်မှတ်ထိုးထားသည့် စာ ချုပ်များကို ‌လေးစားလိုက်နာရန်၊ တစ်နိုင်ငံလုံးအပစ်ရပ်‌ရေး ဆက်‌ဆောင်ရွက်ရန်၊ ငြိမ်းချမ်း‌ရေးနှင့် ပတ်သက်၍ ‌ဒေသအဆင့်တွင် အရပ်ဘက်အဖွဲ့များလုပ်‌ဆောင်‌နေမှုများကို အသိအမှတ်ပြု ကူညီရန်နှင့် ဥပ‌ဒေထက် ‌ကျော်လွန်‌သော အမိန့် ညွှန်ကြားချက်များအား ပြန်စိစစ်ရန် တိုက်တွန်းထားသည်။

အပစ်ရပ် တိုင်းရင်းသား‌ဒေသများတွင် နယ်‌မြေအငြင်းပွားမှုတို့‌ကြောင့် ပစ်ခတ်မှုအချို့ ဖြစ်‌ပေါ်ခဲ့ပြီး NCA စာချုပ်ပါ ကြားကာလအစီအစဉ်များကို လိုက်နာမှုအားနည်း‌နေသည်ကို‌တွေ့ရသည့်အတွက် NCA စာချုပ်ပါ ကြားကာလအစီအစဉ်များကို အပစ်ရပ်‌ဒေသတိုင်းအတွက် တိကျ‌သေချာစွာ ‌ဆောင်ရွက်သွားရန်တိုက်တွန်းရ ခြင်းဖြစ်သည်ဟု ဖိုရမ် အလုပ်အမှု‌ဆောင်‌ကော်မတီဝင် ဦးခင်‌မောင်ဝင်းက ‌ပြောသည်။

အရပ်ဘက်လူ့အဖွဲ့အစည်းငြိမ်းချမ်း‌ရေး ဖိုရမ်ကို ၂၀၁၂ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ယခု ကျင်းပခဲ့သည့် ၂၁ ကြိမ်‌မြောက် ဖိုရမ်သို့ ပြည်နယ်နှင့် တိုင်း‌ဒေသကြီး ၁၄ခုမှ အရပ်ဘက်အဖွဲ့အစည်း ၁၀၇ ဖွဲ့မှ ကိုယ်စားလှယ်များ၊ တသီး ပုဂ္ဂလများအပါအဝင် စုစု‌ပေါင်း ၁၈၈ ဦးတက်‌ရောက်ခဲ့‌ကြောင်း ဖိုရမ်တာဝန်ရှိသူများထံမှ သိရသည်။