ဖေဖော်ဝါရီ ၆ရက်၊ ၂၀၁၉ခုနှစ်။ နန့်ဖောင်မွီးရှာ
ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြည့်မြောက်သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်း အရုံးအထွေထွေအ တွင်းရေးမှူးဟောင်း ဖြစ်သူ ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်း ၁၁ နှစ် ပြည့်အောက်မေ့ဖွယ်ကို ၎င်း၏ မွေးရပ်ဇာတိ ဖြစ်သော ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာ၌ ကျင်းပမည်ဟု ပဒိုမန်းရှာ၏ အစ်ကိုဖြစ်သူ မန်းတင်ရွှေက ပြောသည်။
၎င်းက “မနက်စောစောမှာ ဘုန်းကြီးဆွမ်းကပ်ပြီး တရားနာ ကုသိုလ်လုပ်မယ်။ ပြီးတော့ ရပ်ဝေးရပ်နီးကနေ သူ့ ကို ချစ်ခင်လေးစားတဲ့ သူတွေလာကြတဲ့အခါ သူတို့ကို ဧည့်ခံကျွေးမွေးပြီးတော့ သူနဲ့ပတ်သက်တဲ့ အကြောင်း တွေ ပြောပြပြီး လက်ဖက်ရည်ဝိုင်းလေးနဲ့စကားဝိုင်းလေးလုပ်မယ်”ဟု ကေအိုင်စီသို့ ယနေ့ ပြောသည်။
အောက်မေ့ဖွယ် နှစ်ပတ်လည် ဆွမ်းကျွေးအပြင် ရှာထုဝေါင်း ပရဟိတကျန်းမာရေးအဖွဲ့အတွက် ဖန်းဖောင်ဒေး ရှင်းမှ လှူဒါန်းထားသည့် ကားတစ်စီးအား ရေစက်ချ အမျှဝေခြင်း၊ ရောက်ရှိ လာသူများမှ ပဒိုမန်းရှာလားဖန်း၏ ရုပ်ထုရှေ့တွင် အလေးပြုပြီး လွမ်းသူ့ပန်းခွေချသည့် အစီအစဉ်များ ပြုလုပ်မည်ဟုလည်း မန်းတင်ရွှေက ဆက် ပြောသည်။
ပဒိုမန်းရှာလားဖန်း အောက်မေ့ဖွယ် အခမ်းအနားကို မွေးရပ်ဇာတိတွင်သာမက ကျန်ရစ်သူသားသမီးများ၊ လုပ်ဖော်ကိုင်ဖက်များ၊ လေးစားချစ်ခင်သူများမှ KNU နယ်မြေတစ်ခုဖြစ်သည့် ဖားအံခရိုင် သေ့ဘေ့ထာ့နေရာ တွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ရောက်တိုင်း အစဉ်အလာ မပျက် နှစ်စဉ်ကျင်းပနေကြခြင်း လည်း ဖြစ်သည်။
ပဒိုမန်းရှာလားဖန်းသည် ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့၊ ညနေ ၄ နာရီခွဲ အချိန်တွင် အမည်မသိ သေနတ်သမားနှစ်ဦး၏ လုပ်ကြံပစ်ခတ်မှုကြောင့် ၎င်းနေထိုင်ရာ ထိုင်းနိုင်ငံ မဲဆောက်မြို့၊ နေအိမ်၌ ကျဆုံးသွား ခဲ့ခြင်း ဖြစ်သည်။ သူကွယ်လွန်ချိန်တွင် KNU အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်နေပြီး အသက် ၆၃ နှစ်ရှိသည်။



















