ဖေဖော်ဝါရီ ၂၇ ရက်၊ ၂၀၁၉ ခုနှစ်။ နန့်ဖောင်မွီးရှာ
မအူပင်မြို့နယ်၊ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ၏ ဦးစီးမှုဖြင့် တိုင်းရင်းသူအမျိုးသမီးများ၏ လူမှုဘဝ တိုးတက်မြင့်မားစေရန် ရည်ရွယ်ပြီး သုံးလကြာ
အခမဲ့သင်ကြားပေးမည့် အမျိုးသမီး စက်ချုပ်အတတ်သင် တန်းတစ်ခုကို လာမည့် မတ်လ ၆ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဟု သိရသည်။
ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်ပေးမည့် အဆိုပါသင်တန်းကို ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် ၊ မှန်ပင် ပရိယတ္တိ စာသင်တိုက်၌ မတ်လ ၆ ရက်မှ ဇွန်လ ၆ ရက်နေ့အထိ စာတွေ့ လက်တွေ့သင်ကြားမှုများဖြင့် တတ်မြောက်သည်အထိ သုံးလတာ သင်ကြားပေးသွားမည် ဖြစ်သည်။
မအူပင်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဌ မန်းအောင်မင်းနိုင်က “ ကရင်လူမျိုးတွေကတော့ အများစုပါတာပေါ့နော်။ ဗမာတွေလည်း ပါပါတယ်။ ဒီကလေးတွေ တကယ်တတ်သွားပြီးတော့ အလုပ်အကိုင် အဆင်ပြေရင် ပီတိဖြစ်တာပေါ့။ ကိုယ့်ကရင်လူမျိုးတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ အဆင်ပြေဖို့၊ ရဖို့ အတွက် ရည်ရွယ်တာဘဲ ” ဟု ပြောသည်။
အဆိုပါသင်တန်းအတွက် သင်တန်းသူဦးရေကို ယမန်နေ့ (ဖေဖော်ဝါရီလ ၂၆ ရက်) တွင် အပြီးသတ် စာရင်း ပိတ်သိမ်းလိုက်သည့်အတွက် လက်ရှိတွင် သင်တန်းတက်ရောက်ရန် လာရောက် စာရင်းပေးထားသူ အမျိုးသမီး ၆၂ဦးကိုသာ လက်ခံသင်ကြား ပေးမည်ဖြစ်သည်ဟု သင်တန်းတာဝန်ရှိသူများက ပြောသည်။
စက်ချုပ်သင်တန်းအတွက် ဆရာမ ၅ ဦးမှ အနီးကပ်သင်ကြားပြသပေးသွားမည် သင်တန်းချိန်ကို မနက် ၈ နာရီခွဲမှ ညနေ ၄နာရီခွဲအထိ တစ်ပတ်လျှင် ၆ရက်နှုန်းဖြင့် အခြေခံမှ စပြီး တစ်ဆင့်ချင်း တတ်မြောက်အောင် သင်ကြားပေးသွားမည်လည်း ဖြစ်သည်။
ယခုသင်တန်းကို မအူပင် ကရင်စာပေ ယဉ်ကျေးမှု ရံပုံငွေများဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး နောင်နှစ်များတွင် လည်း ဆက်လက် ဖွင့်လှစ် သင်ကြားပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ကရင်စာပေ နှင့် ယဉ်ကျေးမှု ကော်မတီဝင်များက ပြောသည်။



















