အောက်တိုဘာ ၂ဝ ရက်၊ ၂၀၁၈ ခုနှစ်။ စောထွန်းလင်း
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တိုက်ကြီး၊ ထန်းတပင်၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များတွင် ကရင်စာပေ နှင့် ယဉ်ကျေးမှုကော်မတီရုံးများ တည်ဆောက်ဖွင့်လှစ်နိုင်ရေးအတွက် တစ်မြို့နယ်လျှင် ကျပ်သိန်း ၃ဝ နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း ၁၂ဝ ကို ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက မတည်ငွေပေးအပ် ခဲ့သည်။
ဝန်ကြီး နော်ပန်းသဉ်ဇာမျိုးက “တချို့မြို့နယ်တွေက စာယဉ်ရုံးဖွင့်ဖို့ မြေနေရာရှိပြီး တချို့မြို့နယ်တွေက မြေနေရာ မရသေးဘူး။ စာယဉ်အဆောက်အဦး ဖြစ်မြောက်ရေးအတွက်ပေးလိုက်တာ ဖြစ်လာတာမဖြစ်လာတာ အဲ့မြို့ နယ်တွေရဲ့ သမိုင်းပဲ”ဟု အောက်တိုဘာ ၁၉ ရက်နေ့တွင် ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် တိုင်းစာယဉ်အစည်းအဝေးတွင် ပြောခဲ့သည်။
ထို့အပြင် ရန်ကုန် စည်ပင်သာယာ နယ်နိမိတ် အပြင်ဘက်ရှိ မြို့နယ်များအနေဖြင့် စာ/ယဉ် ရုံးများကို မြို့နယ် အလိုက်ဖွင့်လှစ်ရန် အခက်အခဲရှိပါက ပူးပေါင်းဖွင့်လှစ်ကြရန်၊ စည်ပင်သာယာ နယ်နိမိတ်အတွင်း မြို့နယ်များ အနေဖြင့်လည်း တိုက်ခန်းခ ဈေးကြီးသည့်အတွက် စုပေါင်းဖွင့်လှစ်သင့်က ဖွင့်လှစ်ရန်နှင့် ပုံမှန်တွေ့ဆုံလှုပ်ရှား မှုရှိရေးကို အဓိက ထားလုပ်ဆောင်ရန် ဝန်ကြီးက အစည်းအဝေး၌ ဆွေးနွေးပြောဆိုခဲ့သည်။
ကော့မှူးမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ မန်းတင်ဝင်းက “ ကော့မှူးမြို့နယ်က စာယဉ် အ ဆောက်အဦးကို ဝါးနဲ့ ဆောက်ထားတယ်။ အဲ့အဆောက်အဦးကို ပွင့်လင်းရာသီရောက်ရင် ခရိုင်အသီးသီးက စာယဉ်တွေကို ဖိတ်မယ်။ ဖိတ်ပြီးတော့ တွေ့ဆုံပွဲတစ်ခုကို လုပ်ချင်တယ်။ အခုရရှိတဲ့ မတည်အလှူငွေကိုလည်း သင့်တော်သလို ရုံးတည်ဆောက်ရေးမှာသုံးမယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြောင်ပိုင်းခရိုင်နှင့် တောင်ပိုင်းခရိုင်မြို့နယ်များတွင် ကရင်လူမျိုးများ အများစု နေထိုင်လျက်ရှိပြီး ယခုလို မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီပိုင်ရုံးများ တည်ဆောက် ဖွင့်လှစ် နိုင်ရေးအတွက် တိုင်းစာယဉ်နှင့် မြို့နယ်စာယဉ်များချိတ်ဆက်လုပ်ဆောင်လျက်ရှိသည်ဟု ကော်မတီဝင်များထံ မှသိရသည်။



















