မောင်ကျော်စွာ
(၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၂၁ရက်)
လူပုဂ္ဂိုလ်သုံးဦးရဲ့ ပြောဆိုချက်တွေကို ကောက်နုတ်တင်ပြပြီး အဲဒီပြောဆိုချက်တွေကို ဝေဖန်ဆန်းစစ်ပါရစေ။
ပြောကြားတဲ့နေ့ရက်ကို တည်ပြီး အစဉ်လိုက်ဖော်ပြပါ့မယ်။ ဒါ့အပြင် ပြောကြားချက် တစ်ခုချင်းစီအလိုက် ဝေဖန်ဆန်း စစ်သွားမှာဖြစ်ပြီး နိဂုံးမှာတော့ အားလုံးကို ခြုံငုံသုံးသပ်သွားမှာဖြစ်ပါတယ်။
ပထမဦးစွာဖော်ပြမယ့် အချက်ကတော့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးရဲ့ ပြောကြားချက် ဖြစ်ပါတယ်။ ဒီကောက်နုတ်ဖော်ပြချက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ၂၀၁၈ခုနှစ်၊ စက်တင်ဘာ ၈ရက်မှ ၁၁ရက် နေ့အထိကျင်းပတဲ့ (3rdNCA– S EAO Summit) NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များ၏ ခေါင်းဆောင်များ တတိယအကြိမ် အစည်းအဝေး နိဂုံးချုပ်အမှာစကားထဲက ကောက်နုတ်ထားတာပါ။
– [“ကျွန်တော်တို့ ၁ဝဖွဲ့က NCA လမ်းကြောင်းအတိုင်း ဥမကွဲ သိုက်မပျက်၊ သဘောထားကြီးကြီး အမြင်ကျယ်ကျယ်နဲ့ ညီညွတ်မှု ကို အခြေခံပြီး ရည်မှန်းထားတဲ့ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကိုသွားကြဖို့ ကျွန်တော်တောင်းဆိုပါတယ်။ ကျွန် တော်တို့ လူမျိုးစုတွေဟာ ဒီတိုင်းပြည်ကြီးက ခွဲထွက်ဖို့ သဘောထား၊ ဆန္ဒ လုံးဝမရှိပါဘူး၊ ပင်လုံစာချုပ်မှာ ဗိုလ်ချုပ်အောင်ဆန်း က ဗမာတွေနဲ့ပေါင်းကြည့်ပါ။ ပေါင်းပြီးမကြိုက်ရင် ခွဲထွက်ပါလို့ ၁၉၄၇ ပင်လုံစာချုပ်မှာ ရေးဆွဲထားပေမယ့် ကျွန်တော်တို့က စစ်မှန်တဲ့ဖက်ဒရယ်ရဖို့ တောင်ကြီးမှာ ဆွေးနွေးကြတယ်။ တောင်ကြီးဆွေးနွေးချက်ကို ဖတ်ကြည့်ပါ။ ပြည်ထောင်စု မပြိုကွဲရေး၊ ပြည်ထောင်စုစစ်စစ်ဖြစ်လာရေးကိုပဲ မျှော်မှန်းပြီး လှုပ်ရှားခဲ့ပါတယ်။ အဲဒါကျွန်တော်တို့ လူမျိုးစုတွေရဲ့သဘောထားပါပဲ။ ဒီနေ့အ ထိလည်း ဒါပါပဲ”]
ဒီကောက်နုတ်ချက်မှာ ပထမဦးစွာ ပြောချင်တဲ့အချက်က “လွဲနေတဲ့ သမိုင်းအချက်အလက်ကိစ္စ” ဖြစ်ပါတယ်။
“ပေါင်းပြီးမကြိုက်ရင် ခွဲထွက်ပါလို့ ၁၉၄၇ ပင်လုံစာချုပ်မှာ ရေးဆွဲထားပေမယ့်” ဆိုတဲ့ကိစ္စပါ။ “ပင်လုံစာချုပ်”ထဲမှာ ဒီအ ချက် မပါ ပါဘူး။
၁၉၄၇ အခြေခံဥပဒေ၊ အခန်း ၁၀။ “ခွဲထွက်နိုင်သော အခွင့်အရေး” ဆိုတဲ့ အခန်းလိုက်ခေါင်းစဉ်အောက်မှာ ပုဒ်မ ၂၀၁ မှ ၂၀၆ အထိ ပုဒ်မပေါင်း (၆)ခု ပါရှိပါတယ်။ ဒီနေရာမှာ ပုဒ်မ ၂၀၁နဲ့ ပုဒ်မ ၂၀၂ တို့ကို မူရင်းအတိုင်း ဖော်ပြပါရစေ။
ပုဒ်မ ၂၀၁။ ဤအခြေခံဥပဒေ၌သော်လည်း၎င်း၊ ပုဒ်မ ၁၉၉ အရ ပါလီမန်က ပြုသော အက်ဥပဒေ၌သော်၎င်း၊ အခြား ပြဋ္ဌာန်းချက် ပြုထားခြင်းမရှိလျှင်၊ အောက်၌ပြဋ္ဌာန်းထားသော စည်းကမ်းချက်များနှင့်အညီ၊ ပြည်ထောင်စုနိုင်ငံမှ ခွဲထွက်နိုင်ရန် ပြည်နယ်တိုင်း၌ အခွင့်အရေးရှိရမည်။
ပုဒ်မ ၂၀၂။ ဤအခြေခံဥပဒေ အာဏာတည်သည့်နေ့မှ ဆယ်နှစ်အတွင်း ခွဲထွက်နိုင်သော အခွင့်အရေးကို အသုံးမပြုရ။
ဖော်ပြပါပုဒ်မ နှစ်ခုမှာပါရှိတဲ့ ဖော်ပြချက်တွေဟာ ဖြည့်စွက်ရှင်းလင်းစရာမလိုအောင် အင်မတန်မှ ရှင်းလင်းလှပါတယ်။
ဒီနေရာမှာ သတိပြုစရာအချက်က ၁၉၄၇ အခြေခံဥပဒေမှာ ပြည်နယ်ဆိုလို့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီ ပြည်နယ်တို့သာ ပါရှိပါတယ်။ ချင်းကိုတော့ ချင်းဝိသေသေတိုင်းအဖြစ် ဖော်ပြထားပြီး ကရင်ပြည်နယ်ဖွဲ့စည်းရေးအတွက်လည်း လမ်းညွန်ထားတဲ့ ပုဒ်မတွေ ပါရှိပါတယ်။ ဒါ့အပြင် “ပြည်နယ်သစ်များ” ပါဝင်လာနိုင်ရေးအတွက် ပုဒ်မ ၁၉၉ မှာ လမ်းဖွင့်ပေးထား ပါတယ်။
ဒီတော့ ၁၉၆ဝခုနှစ်များနောက်ပိုင်း ပထစအစိုးရခေတ်မှာ လူမျိုးစုတွေတောင်းဆိုတဲ့ “တန်းတူတဲ့ ပြည်ထောင်စု” ဥပ ဒေအရ ညီညွတ်တဲ့တောင်းဆိုချက်၊ တရားမျှတဲ့တောင်းဆိုချက်ဖြစ်တယ်။ ခွဲထွက်မယ်ဆိုရင်တောင် ၁၉၄၇ အခြေခံဥပဒေအရ တရားဝင် အခွင့်အရေးဖြစ်ပါတယ်။
ဒါပေမယ့် အာဏာငမ်းဖမ်းနေပြီဖြစ်တဲ့ ဗိုလ်နေဝင်းစစ်အုပ်စုက “ဖက်ဒရယ်မူ/ခွဲထွက်ရေး” ဆိုတာကို သရုပ်ဖျက် ဖော် ပြပြီး အာဏာသိမ်းပိုက်ခဲ့တာ ဖြစ်တယ်။ အဲဒီတုန်းက ရန်ကုန်အသံလွှင့်ရုံကြီးထဲမှာ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ တိုင်းရင်း သားခေါင်းဆောင်တွေဟာ တန်းတူတဲ့ ပြည်ထောင်စုဖြစ်ပေါ်လာရေးအတွက် နှီးနှောဆွေးနွေးနေကြတာဖြစ်ပါတယ်။ ဒါတွေက သမိုင်းအချက်အလက်နဲ့ သက်ဆိုင်တာတွေပါ။
သမိုင်းအချက်အလက်တွေကို ခေတ္တခဏထားပြီး KNU-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး ပြောတဲ့ အထဲမှာပါတဲ့ “ပြည်ထောင်စု မပြိုကွဲရေး၊ ပြည်ထောင်စုစစ်စစ် ဖြစ်လာရေးကိုပဲ မျှော်မှန်းပြီး လှုပ်ရှားခဲ့ပါတယ်။ အဲဒါကျွန်တော် တို့ လူမျိုးစုတွေရဲ့သဘောထားပါပဲ။ ဒီနေ့အထိလည်း ဒါပါပဲ”လို့ ဆိုတဲ့ မျက်မှောက်ကာလကိစ္စတွေကို ပြန်ကြည့်ကြပါစို့။
ဒီအပိုင်းထဲမှာပါတဲ့ အဓိကအချက်ကတော့ “ပြည်ထောင်စုစစ်စစ်ဖြစ်ရေး” ဆိုတဲ့ ဦးတည်ချက်ပါပဲ။ စစ်စစ်လို့ ပြောရ တာက ၁၉၄၈ခုနှစ်ကနေ ဒီနေ့အထိ (လွတ်လပ်ရေးရပြီးနောက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ၃ခုစလုံး)မှာ ပြည်ထောင်စု အစစ်အမှန် တခါမှ မရှိခဲ့ဖူးတဲ့အတွက် “စစ်စစ်”လို့ အထူးပြု သုံးနေကြရတာပါ။
ကချင်၊ ကရင် လှုပ်ရှားမှုတွေဟာ “တိုင်းပြည်ထူထောင်ရေး”အထိ ဦးတည်လှုပ်ရှားခဲ့ဖူးတယ် ဆိုတဲ့အချက်နဲ့ အခုတော့ အဲဒီကနေ ပြောင်းလဲရွှေ့လျားလာကြပြီး တန်းတူတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်ထောင်စုစစ်စစ် (ဝါ) ဖက်ဒရယ် ပြည်ထောင်စုဘက်ကို ဦးတည်နေကြပြီ ဆိုတဲ့အချက်ကို အသိအမှတ်မပြုလု့ိ မဖြစ်ပါဘူး။
ဒီနေရာမှာ မေးခွန်းထုတ်စရာရှိတာတစ်ခုက ဒီပြောဆိုချက်ဟာ “၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေး” ကာလအတွင်း မှာ “အစိုးရ၊ လွှတ်တော်၊ တပ်မတော်” တစ်သဘောထဲ ကိုင်စွဲထားတယ်ဆိုတဲ့ (Package deal) ဆိုတာကို သဘောတူတယ်လို့ ဆိုလိုပါသလား ဆိုတဲ့မေးခွန်း ဖြစ်ပါတယ်။ NCA စာချုပ် လက်မှတ်ထိုးထားတာ ၁ဝဖွဲ့ထဲမှာ တိုင်းရင်းသားအဖွဲ့အစည်းက ကရင်၊ ရှမ်း၊ ရခိုင်၊ မွန်၊ ပအိုဝ်းနဲ့ လားဟူ တို့ပဲ ဖြစ်ပါတယ်။
ဒီတော့ ဥက္ကဋ္ဌစောမူတူးစေးဖိုးပြောတဲ့ သဘောထားအတိုင်း NCA လက်မှတ်ရေးထိုးထားတဲ့ ကျန်အဖွဲ့အစည်းတွေက ရော တညီတညွတ်တည်း သဘောထားနိုင်ပါရဲ့လားဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ အခုဖြစ်နေတဲ့ ပြဿနာက
“ခွဲမထွက်ဘူး” ဆိုတာ အရင်ဆုံး ထုတ်ဖော်ပြောဆိုမှသာ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးမယ်” ဆိုတာနဲ့ ပြည်ထောင်စုစစ်စစ်၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝရှိရင် ခွဲထွက်စရာမရှိဘူးဆိုတဲ့ ထိပ်တိုက်တွေ့မှု ဖြစ်ပါတယ်။
နောက်ထပ် မေးစရာတစ်ခုက ဥက္ကဋ္ဌ စောမူတူးစေးဖိုးပြောတဲ့ သဘောထားအတိုင်း ကရင်အမျိုးသားအစည်းအရုံး-KNU ကရော တခဲနက် သဘောတူနိုင်ပါ့မလား ဆိုတာပါပဲ။
ဒုတိယပြောဆိုချက်ကို ကြည့်ကြပါအုံးစို့။
ဒီအချက်ကိုပြောဆိုတဲ့သူက လက်ရှိ တပ်မတော်ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောတာပါ။ ဒီပြောကြား ချက်က ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၁ရက် ကယားပြည်နယ်၊ ဘောလခဲတပ်နယ်ရှိ အရာရှိစစ်သည်မိသားစုများ တွေ့ဆုံပွဲမှာ ပြောကြားတဲ့အထဲကနေ ကောက်နုတ်ဖော်ပြလိုက်တာပါ။
– [“မိမိတို့မြန်မာနို်င်ငံအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးရှိဒေသတိုင်းတွင် တိုင်းရင်းသားလူမျိုးစုတစ်ခုတည်းသာ နေထိုင်သည်မဟုတ်ဘဲ အားလုံးပေါင်းစည်း နေထိုင်ကြကြောင်း၊ တိုင်းရင်းသားလူမျိုးစု တစ်ခုတည်းကိုသာ အခွင့်အရေးပေး ထားသည့်နေရာများမရှိဘဲ အားလုံး တန်းတူအခွင့်အရေး ရရှိအောင် ဆောင်ရွက်ပေးထားပြီး တိုင်းရင်းသားရေးအရ ခွဲခြားမှု မရှိ ကြောင်း”]
ဒီပြောကြားချက်ကို အပိုင်း ၂ပိုင်း ခွဲသုံးသပ်ပြပါရစေ။
ပထမပိုင်းက ဒီပြောကြားချက်ဟာ အဆက်ဆက်သော စစ်အုပ်စုအုပ်စိုးသူတွေ (တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ၊ နအဖ၊ ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ) ကိုင်စွဲပြောကြားခဲ့တဲ့ သဘောထားရပ်တည်ချက်ကို ပဲ့ထင်ထပ်ခြင်းမျှသာဖြစ်ပြီး ဒီအ ချက်ကို လက်ရှိ စစ်တပ်ကို ဦးစီးချုပ်ကိုင်ထားသူတွေက ဆက်လက်ကိုင်စွဲထားကြောင်း အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
ဒုတိယပိုင်းက “တိုင်းရင်းသားလူမျိုးစု တစ်စုတည်းကိုသာ အခွင့်အရေးပေးထားသည့် နေရာများမရှိဘဲ အားလုံး တန်း တူအခွင့်အရေးရရှိအောင် ဆောင်ရွက်ပေးထားပြီး တိုင်းရင်းသားရေးအရ ခွဲခြားမှုမရှိကြောင်း” ဆိုတဲ့အချက်ကိုတည်ပြီး ပြောချင် တာပါ။ ဒီအချက်က တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတွေဟာ အကြောင်းမဲ့သက်သက် ဆူပူသောင်းကျန်းမှု ဖြစ်သ ယောင်ယောင် အဓိပ္ပာယ်ထွက်အောင် လျှာနှစ်ခွနဲ့ လီဆယ်ပြောတဲ့အပြောမျိုး ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အားလုံး တန်းတူအခွင့်အရေး ပေးထားပြီးတာမို့ တောင်းစရာမလိုတော့ဘူး ဆိုတဲ့သဘော သက်ရောက်နေပါတယ်။ ချုပ်လိုက်တော့ ဗြောင်ကျတဲ့ လိမ်ညာပြောဆိုမှုသာ ဖြစ်တယ်။
“၂၀၀၈ အခြေခံဥပဒေ”ကို နဲနဲမှ အထိပါးမခံလိုတဲ့သဘောထားဖြစ်တယ်လို့ တဆင့်တိုး သုံးသပ်လို့ ရပါတယ်။ ဒါ့အ ပြင် “လူမျိုး ပြည်နယ်”ဆိုတာမျိုးကို နောက်ထပ် ခွင့်မပြုနိုင်ဘူးဆိုတဲ့ အထိလည်း အဓိပ္ပာယ်သက်ရောက်နေတယ်။ ဒါကလည်း လူမျိုး ၁၃၅မျိုးဆိုတဲ့ သူတို့ဆင်ထားတဲ့ ထောင်ချောက်ထဲထည့်ဖို့ အကွက်ဆင်တာဖြစ်တယ်။ လူမျိုးတစ်မျိုးကို ပြည်နယ်ပေး လိုက်ရင် “လူမျိုး ၁၃၅မျိုး”ရှိနေတာ “ပြည်နယ် ၁၃၅ခု” ဖြစ်သွားမှာပေါ့ဆိုတဲ့ နလဗိန်းတုန်းဆင်ခြေပေးဖို့ဖြစ်တယ်။ ဒါ့အပြင် ဒီနေ့ကာလမှာ ဦးတည်ချက်မျိုးစုံနဲ့ “လူမျိုးတွေ၊ အမျိုးသားနေ့တွေ” ဖော်ထုတ်လာနေကြတယ်။ တဖက်မှာလည်း လူမျိုးတမျိုးနဲ့ တမျိုး၊ ဒေသတစ်ခုနဲ့တစ်ခု၊ ဘာသာတစ်ခုနဲ့တစ်ခု သွေးခွဲသပ်လျှိုရန်တိုက်ပေးနေတယ်။ ဒါတွေ ဖန်တီးပေးထားနိုင်ပြီဆိုရင် “တပ်မတော်”မရှိလို့ မဖြစ်ဘူးဆိုတဲ့ ဆင်ခြေပေးနိုင်မှာ မဟုတ်လား။
တစ်နည်းအားဖြင့် ဗမာဟာ တိုင်းရင်းသားတမျိုးဖြစ်တယ်၊ ဗမာလည်း ပြည်နယ်ဖွဲ့ရမယ်။ “ပြည်မ (ဝါ) တိုင်းဒေသကြီး ၇ခု” ဆိုပြီးလုပ်ထားတာ တန်းတူညီမျှမှု မရှိဘူး။ ဗမာပြည်နယ် ဖွဲ့စည်းရမယ် (ဝါ) ရှစ်ပြည်နယ်လို့ ဖွင့်ဟတောင်းဆိုနေကြသူတွေ ကို ဗမာပြည်နယ်ဖွဲ့မှာမဟုတ်ဘူးလို့ အကြောင်းပြန်လိုက်တဲ့ သဘောလည်း ဖြစ်နိုင်ပါသေးတယ်။
တတိယပြောဆိုချက်ကို ကြည့်ကြပါအုံးစို့။
တတိယပြောဆိုချက်ကိုတော့ အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေရဲ့ ပြောကြားချက်ထဲ ကနေ ကောက်နုတ်ထားတာပါ။ ဒီပြောဆိုချက်က ၂၀၁၈ခုနှစ် စက်တင်ဘာလ ၁၉ရက်နေ့၊ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ် တော် နဝမ ပုံမှန် အစည်းအဝေး ၂၃ရက်မြောက်နေ့မှာ “နိုင်ငံတော်၏ အရပ်ရပ်အခြေအနေနှင့်စပ်လျဉ်း၍” ပြည်ထောင်စု အစိုးရ အဖွဲ့ကိုယ်စား ပြည်ထောင်စုလွှတ်တော်ထံ တင်ပြအစီရင်ခံတာထဲကနေ ကောက်နုတ်ထားတာ ဖြစ်ပါတယ်။
– “ခွဲမထွက်ရေးက အရေးကြီးသလို ခွဲမထွက်ချင်တဲ့၊ ခွဲထွက်စရာ မလိုတဲ့ ပြည်ထောင်စုကြီးဖြစ်လာအောင် အားလုံးလက်တွဲပူး ပေါင်းပြီး အကောင်အထည်ဖော်ဖို့ကလည်း အင်မတန် အရေးကြီးပါတယ်”
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ရဲ့စကားဟာ “အစိုးရအဖွဲ့ကိုယ်စား” ဆိုတဲ့အပြင် ဒီစကားဟာ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကိုပါ တပြိုင်နက်ထဲ တိုက်ရိုက် ထင်ဟပ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီစကားဟာ တချိန်က ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့ဖူးတဲ့ [ခွဲထွက်ခွင့်ပေးရမယ်၊ ခွဲမထွက်ချင်အောင် လုပ်ပြရမှာက ကျုပ်တို့ရဲ့ (ဗမာတွေ)တာဝန်] စကားကို စကားလုံးတွေပြောင်းလဲပြီး တဖန် ပြန်လည်ပဲ့တင်ထပ်လိုက်တာ ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ တစ်နည်းအားဖြင့် လက်တွေ့မှာ တန်းတူရည်တူ ဘယ်လိုပေါင်းစည်းနိုင်မလဲ ဆိုတဲ့အချက်ကိုသာ အကျေအလည်ရှာဖွေကြဖို့ ညွန်ပြထားတဲ့ သဘောထားဖြစ်လိမ့် မယ်လို့ ယူဆပါတယ်။ ဒီအချက်က နှစ်ဖက်အကြား “ကြားချ”ပြီး ရပ်ထားတဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ သင့်မြတ်ရေးသဘောထားလို့ ဆိုရင်လည်း သိပ်ပြီး လွှဲမှားသွားနိုင်လိမ့်မယ်လို့ မထင်ပါဘူး။ ဒီသဘောထားက လက် တွေ့မှာ တကယ်တမ်း အလုပ်ဖြစ်နိုင်ပါ့မလား။
ခြုံငုံသုံးသပ်ရသော် လူမျိုးပေါင်းစုံပြည်သူတွေ တစ်လျှောက်လုံး ရင်ဆိုင်ခံစားခဲ့ရတဲ့ ခါးသီးတဲ့သမိုင်းရဲ့ အရသာက တော့ အကြမ်းဖက် ဖိနှိပ်အုပ်စိုးမှုကိုသာ ခံလာခဲ့ကြရတယ်ဆိုတဲ့ အချက်ပါပဲ။ “ဒီမိုကရေစီကင်းမဲ့မှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရှိမှု” ဆိုတာဟာ တခုစီ တပိုင်းစီ သီးခြားခွဲထုတ်ပစ်လို့ ဘယ်လိုမှ မရနိုင်တဲ့ “ပြည်တွင်းစစ်”ဆိုတဲ့ ဒဂင်္ါးပြားရဲ့ “ခေါင်းနဲ့ ပန်း”ပဲ ဖြစ်ပါ တယ်။
ဒါကြောင့် “ပြည်တွင်းစစ်” ဆိုတာ ဒီမိုကရေစီအခွင့်အရေးကင်းမဲ့နေတာနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရှိမှုတို့ကို အထင်အ ရှား ထင်ဟပ်ပြနေတဲ့ ပကတိသရုပ်မှန်ပဲ မဟုတ်ပါလား။ ဒီပြည်တွင်းစစ်ရှည်ကြာမှုရဲ့ လက်တွေ့အကျိုးဆက်က အုပ်စိုးသူ စစ် အုပ်စုဝင် ထိပ်သီး စစ်ဗိုလ်ချုပ်ကြီးတွေ မတန်တဆ ချမ်းသာကြွယ်လာကြပြီး တိုင်းပြည်နဲ့ လူမျိုးပေါင်းစုံ ပြည်သူလူထုက ဘက် ပေါင်းစုံ ဆင်းရဲမွဲပြာကျမှု ဆိုတဲ့ ကြာလေကြာလေ နက်ရှိုင်းဝေးကွာလာလေလေဖြစ်နေတဲ့ အစွန်းနှစ်ဖက်ကွာဟမှုပဲ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်တွင်းစစ်ရပ်စဲရေးလို့ပြောရင် စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ကြွယ်ဝချမ်းသာရေးကို ပိတ်ပင်တားဆီးတဲ့သဘော ဖြစ်နေပါတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေကလည်း ပြည်တွင်းစစ်နဲ့ ကြွယ်ဝလာကြတာဆိုတော့ လက်ငုတ်ကို လက်လွှတ်ချင်ဟန် မတူပါဘူး။ ပြည်တွင်းစစ်ကို ရှည်ကြာစေချင်ပုံရပါတယ်။ ဒီမိုကရေစီ၊ တန်းတူမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိသမျှ ပြည်တွင်းစစ်ဟာ ရပ်စဲနိုင်မယ့် လက္ခဏာ မရှိပါဘူး။ ဒီအချက် မှန်ကန်ကြောင်း ဖြတ်သန်းခဲ့တဲ့ လွတ်လပ်ရေးသက်တမ်းနဲ့အမျှ ရှည်ကြာခဲ့တဲ့ ယနေ့အထိ မပြီးဆုံးနိုင်သေးတဲ့ ပြည်တွင်းစစ်က သက်သေခံနေပြီပဲ မဟုတ်ပါလား။
ပြည်ထောင်စုလွှတ်တော်ထံ ဦးကျော်တင့်ဆွေရဲ့ ရှင်းလင်းတင်ပြချက်ထဲမှာပါသလို “နိုင်ငံရေးတရားမျှတမှု၊ စီးပွားရေး တရားမျှတမှု၊ လူမှုရေးတရားမျှတမှု စတဲ့ အခွင့်အရေး သာတူညီမျှဖြစ်တဲ့ ဝါဒဖြူစင်တဲ့၊ အားလုံး အမြတ်တနိုးပိုင်ဆိုင်ထားတဲ့ ပြည်ထောင်စု တည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ်”လို့ဆိုရင် “၂၀၀၈ အခြေခံဥပဒေ”ဟာ တကယ့်ကို အကုန်အစင် ဖျက်သိမ်းပစ်ရမှာပါ။
အားလုံး နေထိုင်ပိုင်ဆိုင်တဲ့ တိုင်းပြည်ရဲ့အရေးအရာတွေ ဒီမိုကရေစီနည်းအရ ဆုံးဖြတ်ရာမှာ အများစု(၇၅%)က ဆုံး ဖြတ်တာကို အနည်းစု (၂၅%)က မလိုရင်မလိုသလို၊ သူတို့အကျိုးနဲ့ မကိုက်ညီရင် ကန့်ကွက်ပယ်ချနိုင်တဲ့ တချက်လွှတ်အာဏာ ကို စစ်အုပ်စုက စစ်တပ်ကို ချုပ်ကိုင်ပြီး မောင်ပိုင်စီးထားတယ် မဟုတ်ပါလား။
ဒီအချက်ဟာ “ဒီမိုကရေစီ၊ တန်းတူမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်”တို့ကို ဗြောင်အကျဆုံး ချိုးဖောက်နေတဲ့အချက် ဖြစ်ပါ တယ်။ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းမှာပဲဖြစ်ဖြစ်၊ စစ်မြေပြင်မှာပဲဖြစ်ဖြစ် အကုန်အစင် ဖျက်သိမ်းပစ်ရမယ့်အချက်ဟာ ဒီအချက် ပါပဲ။
ကိုးကား –
(၁၂-၉-၂၀၁၈) မြန်မာ့အလင်းသတင်းစာ
(၁၂-၉-၂၀၁၈) မြဝတီသတင်းစာ
(၂၀-၉-၂၀၁၈) မြန်မာ့အလင်းသတင်းစာ
ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ပုံနှိပ်ရေးနှင့် စာရေးကိရိယာ ဌာန၊ ရန်ကုန်မြို့၊ ၁၉၅၇ခုနှစ်ပုံနှိပ်မူ)