ခေါင်ဆူလိုင့်
ဩဂုတ် ၂၀၊ ၂၀၁၈။
မိုးဖြိုင်ဖြိုင်ရွာပြီး စိုစွတ်တဲ့ရာသီမှာ ထွက်ပေါ်တဲ့ ရာသီစာ ကတတ်ဥကို လူတိုင်း မြင်ဖူးကြမယ် ထင်ပါတယ်။
အဖျားမှာ ဖြူဖွေးပြီး လုံးလုံးတုတ်တုတ်အရွယ်က တမျိုး၊ သွယ်လျလျပုံစံက တဖုံ ဆိုပေမယ့် တူညီတာကတော့ ကတတ်ဥရဲ့ အရင်းကနေ နုဖတ်တဲ့ အဖျားဘက် မရောက်ခင်နားအထိ အမွှေးအမျှင်တွေ အပြည့်ပါနေတာပါပဲ။
သူ့ရဲ့ အမွှေးအမျှင်တွေကို ခြစ်ထုတ်ပြီး ရေဆေးလိုက်ရင် လက်ဖဝါး ယားယံတတ်တာမို့ သတိထားပြီး ကိုင်တွယ် ချက်ပြုတ် စား သောက်ကြရတဲ့ သဘာဝ သစ်မြစ်သစ်ဥလေးတစ်မျိုး ဖြစ်ပါတယ်။
ဒီကတတ်ဥ ထွက်ပေါ်တဲ့ နေရာဒေသတွေက ဒေသခံလူမျိုးစုတွေဟာ သူတို့ရဲ့ မတူတဲ့နည်းတွေနဲ့ ချက်စား၊ လုပ်စားကြမှာ ဖြစ် ပေမယ့် ကရင်ပြည်နယ်ဘက်မှာတော့ အရည်သောက်ဟင်းလိုဖြစ်စေ၊ သရေစာမုန့်သဖွယ်ဖြစ်စေ ချက်ပြုတ်၊ လုပ်စားလေ့ရှိကြ ပါတယ်။
ဦးဆုံးအနေနဲ့ ထမင်းဝိုင်းအတွက် အရည်သောက် ဟင်းကောင်းတစ်ခွက်အဖြစ် ချက်ပြုတ်ကြည့်ကြပါစို့။
ဒီဟင်းရည်အတွက် လိုအပ်တာတွေက ကတတ်ဥ၊ ရေချို(ချောင်း)ပုဇွန်၊ ပင်စိမ်းရွက်၊ ငါးငပိ(ငပိရည်ကျို)နဲ့ ကြက်သွန်နီတို့ပဲ ဖြစ် ပါတယ်။
စောစောက ပြောထားသလို အမွှေးခြစ်ထုတ်ပြီးသား ကတတ်ဥကို အဖျားကနေ မထူမပါး အကွင်းလိုက် တစ်ကွင်းချင်း လှီးဖြတ် ပြီး ပန်းကန်ထဲထည့် ရေစိမ်ဆေးထားပါ။ ပင်စိမ်းရွက်ကိုလည်း ခြွေထားပြီး အခွံခွာထားတဲ့ ကြက်သွန်နီကို မထူမပါး လှီးထားပါ။ တစ်ဆက်တည်းမှာ ဟင်းရည်ထဲ ထည့်ချက်မယ့် ပုဇွန်ကို ခေါင်းခွံနဲ့ အမွှေးသာ ဖယ်ရှင်း ဆေးကြောထားပြီးတာနဲ့ ဟင်းရည်အိုး ကို မီးဖိုပေါ် စတည်ထားလိုက်ပါ။
ဟင်းရည်အလွတ် ဆူပွက်လာတဲ့အခါ ငါးငပိ အနည်းငယ်ကို ဟင်းရည်ပူနဲ့ခပ်ဖျော်ပြီး ငပိအရည်လေးကိုပဲ ဟင်းရည်ထဲထည့်ရပါ မယ်။ ပြီးတဲ့အခါ အသင့် ဆေးထားပြီးသား ပုဇွန်၊ ရေစိမ်ဆေးထားတဲ့ ကတက်ဥ အကွင်းတွေကို ဇွန်းနဲ့ခပ်ပြီး လှီးထားပြီးသား ကြက်သွန်နီနဲ့အတူ ဟင်းအိုးထဲထည့်လိုက်ပါ။ ဟင်းရည်က ဆက်ပြီး ဆူနေပါလိမ့်မယ်။ ဒီလို ဟင်းရည်ဆူနေရင်းမှာပဲ ဆား၊ အချိုမှုန့်ကို လိုအပ်သလောက်လေး ထည့်ပါ။ အရည်သောက်ဟင်းမို့လို့ အရည်ကိုလည်း ခပ်များများတည်ရပါမယ်။
ဟင်းရည် စတည်ချိန်ကနေ ၁၅မိနစ်ကျော်လောက် ကြာအောင် ဆူပွက်ပြီးရင် ဆေးထားပြီးသား ပင်စိမ်းရွက်ကို ထည့်၊ အနည်း ငယ်မွှေပြီးတာနဲ့ ဟင်းရည်အိုးကို မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။ ဒီအခါ ပင်စိမ်းနဲ့ ကတတ်ဥအနံ့ မွှေးနေတဲ့ ကတတ်ဥဟင်းရည် ကို မျှင်ငပိထောင်းစပ်စပ် သို့မဟုတ် ငပိကျက် အပါအဝင် တို့စရာ အသီးအရွက်တွေ၊ အခြားဟင်းလျာတွေနဲ့အတူ မြိန်ယှက်စွာ ပူးတွဲ သုံးဆောင်လို့ရပါပြီ။
ကတတ်ဥကို အခြားအမယ်တွေထည့်ပြီးမှ ထည့်ရင်ရပေမယ့် ဟင်းရည်က အရမ်းချွဲသွားနိုင်တာမို့ အရင်ထည့်ခြင်းအားဖြင့် အချွဲ ဓာတ်ကို သက်သာစေပါတယ်။ ဒါ့အပြင် ကတတ်ဥနဲ့ အလိုက်ဖက်ဆုံး တွဲချက်စရာကလည်း ပုဇွန် သို့မဟုတ် ပုဇွန်စိပ်သာ ဖြစ်ပါ တယ်။
ဟင်းအနေနဲ့ တင်ဆက်ပြီးတော့ မုန့်ပဲသရေစာအဖြစ်လည်း ဆက်လက် မျှဝေချင်ပါတယ်။
အချို့မြို့နယ်၊ အချို့ဒေသတွေမှာတော့ ကတတ်ဥကို ဟင်းလျာအဖြစ်ပဲ စားဖူးကြတယ်လို့ သိရပါတယ်။ ကတတ်(ဥ)မုန့်လို့ ဆိုလိုက်ရင်တော့ ကရင်ပြည်နယ်ထဲမှာ စားဖူးကြမယ့်သူတွေများမှာပါ။ များသောအားဖြင့် မြင်ဖူးကြမယ့် ကတတ်မုန့်ကတော့ ဖက်နဲ့ထုပ်ပေါင်းပြီး ထိပ်နားလေးမှာ အုန်းသီးဖြူဖြူကို အုပ်ထားတဲ့ မုန့်လို့သာ မြင်ယောင်ကြမှာပါ။
ကတတ်မုန့် လုပ်တော့မယ်ဆိုရင် ဆန်ထောင်း၊ အုန်းသီး၊ ထန်းလျက်၊ ဆားအနည်းငယ်၊ နွယ်တန်းရွက်နဲ့ ပေါင်းအိုးတစ်အိုးတော့ မဖြစ်မနေ လိုအပ်ပါတယ်။ နွယ်တန်းရွက်ဟာ အနံ့သင်းသင်းလေး ရှိနေတော့ မုန့်လုပ်စားရာမှာ အရသာနဲ့ လိုက်ဖက်လှပါ တယ်။ နွယ်တန်းရွက်ကို ရှာရခက်တဲ့အခါ အလွယ်တကူဖြစ်အောင် ငှက်ပျောရွက်နဲ့ပေါင်းပြီး လုပ်စားကြပါတယ်။ မိသားစုအတွင်း သို့မဟုတ် နေအိမ်မှာ စားဖို့အတွက်ပဲဆိုရင် ဆန် ၄ဗူးလောက်ထောင်းပြီး ကတတ်ဥ စင်းထားပြီးသား တစ်ဇလုံ စာလောက်ဆို ရပါတယ်။ ဒါ့အပြင် ထန်းလျက်ကို လိုအပ်သလောက် အချိန်အဆလေးနဲ့ မပျစ်မကျဲ အရည်ကျိုထားရပါတယ်။
အရင်ဆုံး ရေစိမ်ထားပြီးသား ဆန်ကို သစ်သားဆုံကြီးမှာ ထည့်ပြီး ကြေလုနီးနီး ဆန်ကွဲတွေဖြစ်သွားတဲ့အထိ မောင်းထောင်းတံ နဲ့ ထောင်းပါ။ (ဒီနေရာမှာ ရယ်ဒီမိတ် ဆန်မှုန့်သုံးရင် စားမကောင်းပါဘူး) အမှုန့်လုံးလုံး ဖြစ်သွားတာမဟုတ်ဘဲ ဆန်စေ့သေး သေးလေးကျန်ပြီး ဆန်ကွဲဖြစ်တဲ့အထိ ထောင်းပြီး ဇလုံကြီးတစ်ခုထဲ ထည့်ထားရပါတယ်။ ဒီနေရာမှာ အုန်းသီးကို ထည့်ပုံထည့် နည်းက နှစ်မျိုးရှိပါတယ်။ တစ်နည်းက ခွဲထားတဲ့ အုန်းသီးရင့်ကို အုန်းခြစ်နဲ့ခြစ်ထားတာမျိုး ရှိသလို အုန်းသီးရင့်ကိုခွဲ အခွံမာထဲ က အုန်းသားကို တစ်ပိုင်းချင်းစီကနေ ခပ်ပါးပါးလေး လွှာလှီးထားတာမျိုးဖြစ်ပါတယ်။
အလားတူ ကတတ်ဥကို အမွှေး ရှင်းထုတ်၊ သစ်သားစင်းနီတုံးပေါ်တင်ပြီး ထိပ်ပိုင်းကနေ အရင်းပိုင်း ရင့်တဲ့နေရာ မရောက်ခင်အ ထိ ဓားနဲ့ မွမ်းကာ ကြေနေအောင် တောက်တောက်စင်းရပါတယ်။ ကြေသွားတဲ့ ခပ်ချွဲချွဲ ကတတ်ဥအဖတ်ကို ထောင်းထားတဲ့ ဆန်မှုန့်ဇလုံထဲထည့်၊ ဆားလေး သင့်သလောက်ထည့်ပြီး ကတတ်ဥ၊ ထန်းလျက်နဲ့ အသေအချာ ရောသမအောင် လက်နှစ်ဖက် နဲ့ အားရပါးရ နယ်ဖတ်ရပါတယ်။
မုန့်ဖတ်ကို တစ်ခါနယ်ပြီးရင် နယ်ထားပြီးသား မုန့်ဖတ်ထဲ ခပ်ပါးပါး လွှာလှီးထားတဲ့ အုန်းသီးဖတ်လေးတွေ ထည့်ပြီး ထပ်နယ်ရ ပြန်ပါတယ်။ အားလုံး သမကုန်ပြီဆိုတဲ့အခါ ခွက်ကတော့လေးလို လုပ်ထားတဲ့ သစ်ရွက်ခွက်လေးထဲ အဲဒီနီညိုချွဲပျစ်နေတဲ့ နယ်ပြီးသား မုန့်ဖတ်ကို မပြည့်တပြည့်လေး ထည့်၊ သစ်ရွက်ဖက်ကိုခေါက်ပိတ်ပြီး နှီးပြားလေးနဲ့ခိုင်အောင် ထုပ်ထားရပါတယ်။
အဲသလို သစ်ရွက်ဖက်နဲ့ ထုပ်ထားတဲ့ မုန့်ထုပ်လေးတွေကို ပေါင်းအိုးအဆင့်ထဲမှာ ထည့်စီထားကာ အသင့်တည်ထားတဲ့ ပေါင်း အိုးပေါ်တင်ပြီး အဖုံးကိုအုပ်ထားရပါမယ်။ မိနစ် ၂ဝနီးပါး ကြာလို့ မုန့်ပေါင်းအိုးကိုဖွင့်လိုက်တဲ့အခါ ခပ်ပွပွဖောင်းဖောင်းနဲ့ ကျက် နေပြီဖြစ်တဲ့ ကတတ်မုန့် ပူပူနွေးနွေးကို ရရှိမှာဖြစ်ပါတယ်။ အကယ်၍ အုန်းသီးလွှာကို မထည့်ဘဲ ပေါင်းပြီး၊ မုန့်ကျက်သွားတဲ့အ ခါမှသာ ခြစ်ထားပြီးသား အုန်းသီးနဲ့ ဖြူးပြီးစားလို့လည်း ရပါတယ်။
ဒီတော့ ထန်းလျက်နဲ့ အုန်းသီးအနံ့ မွှေးနေတဲ့ ပူပူနွေးနွေး ကျက်ပြီးခါစ ကတတ်မုန့်ကို ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက် ခြောက်ရေနွေးကြမ်းနဲ့ဖြစ်စေ သုံးဆောင်ခြင်းဟာ ထူးကဲတဲ့ အရသာရှိပြီး ကျန်းမာစွာနဲ့ ဝမ်းဝစေပါကြောင်း တင်ပြလိုက်ရပါ တယ်။