ဩဂုတ် ၁ရက်၊ ၂၀၁၈ ခုနှစ်။ စောထွန်းလင်း
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်ကာ ဩဂုတ် ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ပြုလုပ်မည့် တိုင်းချည်ဖြူဖွဲ့ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် အားလုံးပူးပေါင်း ပါဝင်ကူညီ ကြရန် တိုင်းအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ်ဇာမျိုးက ပြောသည်။
အဆိုပါ ချည်ဖြူဖွဲ့ပွဲတော်ကို ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ဩဂုတ် ၁၈ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကာ ပွဲတော်ကျင်းပရေး ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၃၁ ရက်နေ့တွင် တိုင်းအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် ဝန်ကြီးက ယခုလို တိုက်တွန်းပြောဆိုသည်။
“အကုန်လုံးတာဝန်တွေခွဲပေးပြီပြီး အကုန်လုံးတာဝန်ကျေဖို့ပဲလိုတော့တယ်။ ကျမလည်း ကျမတာဝန် ကျေ အောင် အစွမ်းကုန် ကြိုးစားရမယ်။ ဒါအားလုံးရဲ့ အမျိုးသားရေးပွဲတစ်ပွဲလည်းဖြစ်တယ်။ ကျမတို့ လူမျိုးဂုဏ်ကို ဖော်ဆောင်တဲ့ပွဲ တစ်ပွဲလည်း ဖြစ်တယ်။ တိုင်းအဆင့်ဆိုပေမယ့်လည်း နိုင်ငံတော်အဆင့် ပွဲတစ်ပွဲ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အားလုံးပူးပေါင်း ပါဝင်ကူညီကြဖို့ တိုက်တွန်းလိုတယ်” ဟု ဝန်ကြီး နော်ပန်းသဉ်ဇာမျိုးက ပြောသည်။
အဆိုပါ ချည်ဖြူဖွဲ့ပွဲတော်သို့ တက်ရောက်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြား မည်ဖြစ်သလို တစ်နိုင်ငံလုံးရှိ တိုင်းရင်းသား ရေးရာဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း လွှတ်တော် တာဝန်ရှိသူများ၊ နိုင်ငံခြား သံတမန်များနှင့် ပြည်တွင်းပြည်ပ မီဒီယာများ စသည်တို့ကိုလည်း ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးဦးဆောင်စီစဉ်နေသူများက ပြောသည်။
ထို့အပြင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး(ဗဟို) တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီး ကရင် စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များကိုလည်း ဖိတ်ကြားသွားမည်ဖြစ်ကာ အခမ်းအနားတွင် ဧည့်ခံဖျော်ဖြေ ရေးနှင့် ယဉ်ကျေးမှုပြခန်းများဖွင့်လှစ် သွားရန် စီစဉ်ထားကြောင်းလည်း ပွဲတော်ကျင်းပရေးကော်မတီဝင်များထံမှ သိရသည်။
ဇူလိုင် ၃၁ ရက်နေ့ ညနေပိုင်းတွင် ပြုလုပ်သည့် ပွဲတော်ကျင်းပရေး အကြိုညှိနှိုင်း အစည်းအဝေးတွင် အခမ်း အနားပြင်ဆင်ရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ ဖိတ်ကြားရေး၊ ဧည့်ခံဖျော်ဖြေရေး၊ အခမ်းအနားအတွက် အပြန် အလှန် အကျိုးပြု ပါဝင်မည့် ကုမ္ပဏီများ စသည့် အထွေထွေကိစ္စရပ်တို့ကို ဆွေးနွေးကာ တာဝန်အသီး သီးခွဲဝေ ပေးခဲ့ကြသည်။
ကော့မှူးမြို့နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် မန်းတင်ဝင်းက “ ကျနော်တို့ရဲ့ အမျိုးသားရေး ဂုဏ်ကို ဆောင်တဲ့ ဒီပွဲကို သူ့တာဝန် ကိုယ့်တာဝန် မခွဲခြားပဲ လိုအပ်တဲ့နေရာဝိုင်းကူဖို့ လိုတယ်။ ပေးအပ်တဲ့ တာဝန်အပြင် အသိစိတ်ဓါတ်နဲ့ ဝိုင်းဝန်းလုပ်ဖို့လိုတယ်။ လူငယ်တွေကို ဝိုင်းအားပေးဖို့တိုက်တွန်းလိုတယ်”ဟု ပြောသည်။
အဆိုပါ ပွဲတော်ကျင်းပရန် ပွဲတော်ကျင်းပရေးကော်မတီကို ဇူလိုင် ၁ဝ ရက်နေ့တွင် မျက်နှာသစ် ကရင်လူငယ် များဖြင့် ဖွဲ့စည်းခဲ့ပြီး တိုင်းအဆင့်ပွဲဖြစ်သည့်အတွက် လူငယ်များအား ယခုလိုဝိုင်းဝန်းကူညီကြရန် အသီးသီး တိုက်တွန်းပြောနေခြင်းဖြစ်သည်။ ၎င်းအပြင် ပွဲတော်အတွက် ကျပ်သိန်း ၄၀ဝ ကျော်ကုန်ကျမည်ဟု ခန် ့မှန်း လျာထားသလို တိုင်းအစိုးရက ကျပ် ၂၉၇ သိန်း ကျခံမည်ဖြစ်ကာ ကျန်လိုငွေများကို အလှူခံရရှိငွေဖြင့် ပေါင်း စပ်သုံးစွဲသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး တာဝန်ရှိသူများထံမှ သိရသည်။