Home သတင်း ၂၁ ပင်လုံတွင် ဖက်ဒရယ်အ‌ခြေခံမူများကို ‌ဆွေး‌နွေးရန်မရှိ‌သေး

၂၁ ပင်လုံတွင် ဖက်ဒရယ်အ‌ခြေခံမူများကို ‌ဆွေး‌နွေးရန်မရှိ‌သေး

2085

ဇူလိုင် ၁၁ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

‌နေပြည်‌တော်ရှိ MCC -2 ခန်းမ၌ ယ‌နေ့ စတင်ကျင်းပ‌နေသည့် တတိယအကြိမ် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ (၂၁ ရာစု ပင်လုံ) တွင် ဖက်ဒရယ်အ‌ခြေခံ မူများကို ‌ဆွေး‌နွေးရန် မရှိ‌သေး‌ကြောင်း ‌ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံး ဗဟိုဌာနချုပ်မှ ဇူလိုင် ၁ဝ ရက်‌နေ့ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

အဆိုပါ ညီလာခံတွင် အ‌ရေးကြီးသည့် ဖက်ဒရယ်အခြခံမူများကို ‌ဆွေး‌နွေးရန် မရှိ‌သေး‌သော်လည်း၊ ယုံကြည်မှု တည်‌ဆောက်‌ရေးဆိုင်ရာ အ‌ထောက်အကူပြုရန် ကွဲပြား‌နေသည့် အ‌ခြေခံယူဆချက်များကို သ‌ဘောထား ကြီးကြီးနှင့် အပြန်အလှန်အသိအမှတ်ပြုရင်း ‌ဆွေး‌နွေးသွားမည်ဟု ‌ကေအဲန်ယူက ‌ပြောသည်။

အလားတူ နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်က “ဖက်ဒရယ်ကို အ‌ကောင်အထည်‌ဖော် ရာမှာ အဓိကကျတဲ့ အ‌ခြေခံသ‌ဘောတရား‌တွေဖြစ်တဲ့ ပြည်‌ထောင်စုမှ မခွဲထွက်‌ရေးမူ၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပတ်သက်တဲ့အမြင်‌တွေ ညှိဖို့က အင်မတန်အ‌ရေးကြီးသလို အင်မတန်နက်နဲ သိမ်‌မွေ့တဲ့ကိစ္စ ဖြစ်ပါတယ်။ အခုအစည်းအ‌ဝေးမှာ ဒီကိစ္စ‌ဆွေး‌နွေး‌ရေး အစီအစဉ်ထဲမှာ မပါ‌ပေမဲ့ ဒီကိစ္စရဲ့ ကြီးမားတဲ့ အ‌ရေးပါမှုကို ကျမတို့ အားလုံး သတိရှိ‌နေကြမယ်ဆိုတာ ယုံမှား သံသယရှိစရာမလိုပါဘူး” ဟု ညီလာခံ အဖွင့်မိန့်ခွန်းတွင် ‌ပြောကြားခဲ့ သည်။

ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်‌နေ့ထိ ကျင်းပမည့် ညီလာခံတွင် ဖက်ဒရယ်ဆိုင်ရာ အ‌ခြေခံမူများကို ‌ဆွေး‌နွေးရန် မရှိ‌သော်လည်း နိုင်ငံ‌ရေး၊ လုံခြုံ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေးနှင့် ‌မြေယာ၊ သဘာဝပတ်ဝန်းကျင် စသည့် ကဏ္ဍကြီး ငါးခုကို ‌ဆွေး‌နွေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

အဆိုပါညီလာခံသို့ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၊ ဖားအံခရိုင် ၊ ‌လောခီးလာ (‌လေးဝါး) စခန်း၌ ပြီးခဲ့သည့် ဇွန်လ ၁ဝ ရက်မှ ၁၂ရက်‌နေ့ အထိပြုလုပ်ခဲ့သည့် ကရင့်အမျိုးသား နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲမှ ‌ရွေးချယ် ထားသည့် ကိုယ်စားလှယ် ၁၅ ဦးတက်‌ရောက်ကာ ‌လောခီးလာ အစည်းအ‌ဝေးတွင် အတည်ပြုထားသည့် စာတမ်းများကို ‌ဆွေး‌နွေးသွားမည်ဖြစ်သည်။ ထို့အပြင် တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံသို့ ‌ရွေး‌ကောက်ပွဲ အနိုင်ရ ကရင်ပြည့်သူ့ ပါတီမှ ကိုယ်စားလှယ်များလည်းတက်‌ရောက်ကာ ‌ဆွေး‌နွေးသွား မည်ဖြစ် ‌ကြောင်း ပါတီတာဝန်ရှိသူများက ‌ပြောသည်။