Home သတင်း ပထမဆုံး ကရင်ရိုးရာအစားအ‌သောက်ပြပွဲနှင့် ကရင်ရိုးရာတာလ‌ပေါ့ဟင်းချက်ပြိုင်ပွဲ ကျင်းပမည်

ပထမဆုံး ကရင်ရိုးရာအစားအ‌သောက်ပြပွဲနှင့် ကရင်ရိုးရာတာလ‌ပေါ့ဟင်းချက်ပြိုင်ပွဲ ကျင်းပမည်

3836

ဇွန်လ ၂၇ ရက်၊ ၂၀၁၈ခုနှစ်။ နန့်ဘွားခလိန်

ကရင်ပြည်နယ်၏ ပထမဆုံး‌သော ကရင်ရိုးရာ အစားအ‌သောက်ပြပွဲ နှင့် ကရင်ရိုးရာတာလ‌ပေါ့ ဟင်းချက် ပြိုင်ပွဲကို ဇူလိုင်လ (၈) ရက်‌နေ့တွင် ကရင်ပြည်နယ် ဖားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပမည်ဟု သိရသည်။

အဆိုပါ ပွဲကို ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ စား‌သောက်ဆိုင်လုပ်ငန်းရှင်များ အသင်း (ကရင်ဇုန်)နှင့် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ကရင်ဇုန်) တို့မှ စု‌ပေါင်း၍ ကြီးမှူးကျင်းပခြင်း ဖြစ်သည်။

ယခုလိုပွဲကျင်းပရခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စား‌သောက်ဆိုင်လုပ်ငန်းရှင်များ အသင်း (ကရင်ဇုန်) ဥက္ကဌ ကို‌အောင်မျိုးသန့်က“ယိုးဒယား အစားအစာ‌တွေက မြန်မာနိုင်ငံကို ထိုး‌ဖောက်ဝင်‌ရောက်လာ ပြီး ‌တော့ တာလ‌ပေါ့‌တွေ‌တောင် ‌ပျောက်ကွယ်လုနီးဖြစ်‌နေပြီ။ တိမ်မြှုပ်‌ပျောက်ကွယ်‌နေတဲ့ ကရင်ရိုးရာ အစား အစာ‌တွေကို ပြန်လည်‌ဖော်ထုတ်တာ ရတာ‌ပေါ့‌နော်။ အဲ့ဒါ‌ကြောင့် ရိုးရာအစားအစာ‌တွေကို ထိန်းသိမ်းတဲ့ အ‌နေနဲ့ ဒီပွဲကို ရည်ရွယ်ပြီး ကျင်းပတာဖြစ်တယ် ” ဟု ‌ပြောသည်။

ကရင်ရိုးရာတာလ‌ပေါ့ဟင်းချက်ပြိုင်ပွဲကို စား‌သောက်ဆိုင်လုပ်ငန်းရှင်အသင်းဝင်များအပြင် နီးစပ်ရာ တာလ‌ပေါ့‌ရောင်းချသည့် စား‌သောက်ဆိုင်များ၊ ကရင်‌ဘော်ဒါ‌ဆောင်များ ကိုပါ ဖိတ်‌ခေါ်ထားသည့်အတွက် စုစု‌ပေါင်း ပြိုင်ပွဲဝင် ၁၆ ဖွဲ့ မှ ဝင်‌ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်‌ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ပြိုင်ပွဲတွင် မျှစ်၊ ပန္နဲသီး၊ မဲဇလီ၊ ဆိတ်ဖူး၊ ပိတ်ချင်း စသည့် တာလ‌ပေါ့အမျိုးအစား (၅)မျိုးကို ယှဉ်ပြိုင်‌စေမည်ဖြစ်ပြီး ပြိုင်ပွဲအချိန် မိနစ်(၄၀)၊ အချိုမှုန့်၊ ဆန်မှုန့်မသုံးရ စသည့်စည်းကမ်းချက်များအပြင် ကြက်၊ ဝက်၊ ဖား၊ ခရု၊ ငါးအသား(၅)မျိုးသာ သုံးရမည် စသည့် စည်းကမ်းသတ်မှတ်ချက်များ ပါရှိ‌ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

အကဲဖြတ်ဒိုင်လူကြီးများအဖြစ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု နာယကများဖြစ်‌သော ဦးခင်‌မောင်မြင့်၊ ဦး‌စောကြည်လင်း၊ ဗိုလ်မှူးသိန်း‌ဇော်မြင့် (ဇွဲကပင် သဘာဝဥယျာဉ် အပန်း‌ဖြေစခန်း)၊ နန်း‌စေအွာ ၊ ဦးမြင့် စန်း(စားသုံးသူ‌ရေးရာဦးစီးဌာန)၊ ဦးဝင်း‌ကျော်‌ကျော် (ပြည်နယ်ယဉ်‌ကျေးမှု) နှင့် နန်းမြင့်တင် တို့က အကဲဖြတ် အမှတ်‌ပေးသွားမည် ဖြစ်သည်။

အနိုင်ရရှိသူများကို ပထမဆု ကျပ် ၂ သိန်း၊ ဒုတိယဆု ကျပ် ၁သိန်းခွဲ၊ တတိယဆု ကျပ်၁ သိန်း အပြင် ပြိုင်ပွဲဝင်များအား လိုအပ်‌သော ဟင်းခပ်ပစ္စည်းများဝယ်ရန် ကျပ်တစ်‌သောင်း နှင့် ဆုမရရှိသည့် ပြိုင်ပွဲဝင်များအား နှစ်သိမ့်ဆုအဖြစ် ကျပ်နှစ်‌သောင်းချီးမြှင့်သွားမည်ဟု သိရသည်။

ထို့အပြင် ကရင်ရိုးရာ အစားအ‌သောက်ပြပွဲတွင် မုန့်ပဲသွားရည်စာများဖြစ်သည့် ကဒက်မုန့်၊ ထန်းသီးမုန့်၊ များအပြင် အခြားရိုးရာ အစားအ‌သောက်များဖြစ်သည့် ဝက်ဝါးကျည်‌တောက် အစာသွပ်၊ ခရမ်းက‌စော့ ငါးပိ‌ထောင်း၊ တာလ‌ပေါ့ဟင်း စိတ်ကြိုက်၊ ကရင်ငါးဆုပ်ဟင်း၊ ကရင်စ‌ကောထမင်း၊ ကရင်ရိုးရာ‌ခေါင်ရည် စသည့် ရိုးရာအစားအ‌သောက် ၁၃မျိုး‌ကျော် ကို ‌ဖော်ထုတ်ပြသမည်ဖြစ်သည်ဟု သိရသည်။

ကရင်စား‌သောက်ဆိုင်လုပ်ငန်းရှင် အသင်းဝင်ဆိုင်များမှလည်း ကရင်ဝက်သားချက်၊ ဆိတ်သားကရင်ချက်၊ ကြက်ဖက်ထုပ်၊ ကဒက်ဟင်းချို၊ ကြက်ကင်ချက်စသည့် ကရင်ရိုးရာဟင်းလျာများကို ‌ကျွေး‌မွေး ဧည့်ခံသွားမည်ဖြစ်သည့်အတွက် မည်သူမဆို အခမဲ့ လာ‌ရောက်‌လေ့လာ စားသုံးနိုင်‌ကြောင်း လည်းပြိုင်ပွဲကျင်းပ‌ရေး တာဝန်ရှိသူများထံမှသိရသည်။