Home သတင်း ကွယ်လွန်သူ ဘိုးဘွားမိဘများ ‌အောက်‌မေ့ခြင်းရိုးရာပွဲ အစဉ်အလာမပျက်ကျင်းပ

ကွယ်လွန်သူ ဘိုးဘွားမိဘများ ‌အောက်‌မေ့ခြင်းရိုးရာပွဲ အစဉ်အလာမပျက်ကျင်းပ

3108

ဧပြီလ ၂ဝ ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတ‌နော်မြို့နယ်၊ စံကျ‌ကျေးရွာတွင် ၄၆ နှစ်‌မြောက် ‌ဒေသတွင်း ကရင်ရိုးရာအရ ကွယ်လွန်သူ ဘိုး ဘွားမိဘများအား ‌အောက်‌မေ့ခြင်းပွဲ အစီအစဉ်ကို ယမန်‌နေ့က ‌ကျေးရွာ‌ပေါင်း ၁၄ ရွာစု‌ပေါင်း၍ အစဉ်အလာမပျက် ကျင်းပခဲ့ကြသည်။

ကရင်ရိုးရာတစ်ခုအ‌နေဖြင့် အ‌ခြေခံယူဆထားသည့် အဆိုပါ ‌အောက်‌မေ့ခြင်းအစီအစဉ်ကို ကွဲပြားသည့် ယုံကြည်ကိုး ကွယ်မှုနှင့် ဆင်းရဲချမ်းသာကွာခြားမှုအ‌ပေါ် ခွဲခြားမှုမရှိဘဲ တူညီ‌သောဆန္ဒဖြင့် ကွဲကွာ‌နေ‌သော ‌ဆွေမျိုးသားချင်းများ ပြန်လည်စုစည်းနိုင်ရန် ရည်ရွယ်၍ ပြုလုပ်သည့် ပွဲဖြစ်‌ကြောင်း ပွဲ၏ စု‌ပေါင်းကျင်းပ‌ရေး ‌ကော်မတီဝင် မန်းသန်း‌အောင်က ယခုလို‌ပြောသည်။

၎င်းက “ ဒီပွဲ‌တော်ဟာ ကျ‌နော်တို့ မိဘဘိုးဘွားများရဲ့ စိုက်ထူထားတဲ့ မှတ်တိုင်ကို မ‌ရွေ့နိုင်‌အောင် လာမဲ့သားစဉ်‌မြေး ဆက်‌တွေကို လက်ဆင့်ကမ်းနိုင်‌အောင်ရည်ရွယ်တာပါ။ ‌သေလွန်သွားတဲ့ မိဘ‌တွေက ဘာသာ‌ရေး မခွဲပဲနဲ့ ဗုဒ္ဓဘာသာရှိ သလို ခရစ်ယာန်လည်းရှိတဲ့အတွက် တူညီတဲ့အရာ‌တွေကို ပူး‌ပေါင်း‌ဆောင်ရွက်ပြီး စည်းရုံး‌ရေးပုံစံ ‌ခေတ်နဲ့‌လျော်ညီစွာ ပူး‌ပေါင်း‌ဆောင်ရွက်နိုင်ဖို့ ကျ‌နော်တို့ ကြိုးစားကြတာပါ” ဟု‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌အောက်‌မေ့ခြင်းပွဲအစီအစဉ်တွင် ‌ကျေးရွာ‌ပေါင် ၁၄ရွာမှ ကွဲကွာ‌နေသည့် ‌ဆွေမျိုးသားချင်းများ ပြန်လည်စုစည်းပြီး ကွယ်လွန်သွားသည့် မိဘဘိုးဘွားများကို ‌ဆွေမျိုးသားချင်းများတွင် ဘာသာ‌ရေး အယူဝါဒ ကွဲပြား ‌နေမှုအ‌ပေါ် ဗုဒ္ဓဘာသာကိုးကွယ်သူများအ‌နေဖြင့် သံဃာ‌တော်များကို ပင့်ဖိတ်၍ ဆွမ်းကပ်လှူဒါန်း အမျှ‌ပေး‌ဝေခြင်းနှင့် ခရစ်ယာန်ဘာသာဝင်များအ‌နေဖြင့် သိက္ခာ‌တော်ရ ဓမ္မဆရာကြီးများကို ဖိတ်ကြား၍ သတိရ ‌အောက်‌မေ့ဖွယ်ဝတ်ပြုဆု‌တောင်းခြင်းဖြင့် ပြုလုပ်ခဲ့ကြသည်။

ကရင်အမျိုးသမီးအစည်းအရုံး(KWU) ဒါရိုက်တာ ‌နော်အုန်းလှက “ဒီပွဲကို ကျမ ၂၀၁၂ ခုနှစ်ကတည်းက လာဖြစ်ခဲ့တာ ‌ထောင်ထဲဝင်ရတဲ့အချိန်ကလွဲရင် နှစ်တို်င်းလာဖြစ်တယ်။ ကျမတို့ နိုင်ငံမှာ ဒီလိုပွဲမျိုးကို လုပ်တာ ဒီ‌နေရာပဲရှိတယ်။ ဒီပွဲကို ကြည့်လိုက်ရင် ရိုးရိုး‌လေးပါပဲ။ ဒါ‌ပေမဲ့ အနှစ်သာရ အများကြီးပါတယ်။ ကျမအမြင်နဲ့ ‌ပြောရရင် သူတို့ရည်ရွယ်ချက်က အရင်လူကြီး‌တွေ အ‌မြော်အမြင်ကြီးစွာ သူတို့ရတဲ့နည်းနဲ့ ကရင်‌တွေစုစည်းနိုင်‌အောင် လုပ်တဲ့ပွဲလို့ ကျမမြင်တယ်” ဟု ‌ကေအိုင်စီသို့ိ ‌ပြောသည်။

ကွယ်လွန်သူ ဘိုးဘွားမိဘများ‌အောက်‌မေ့ခြင်းပွဲကို ၁၉၇၂ခုနှစ်မှ စ၍ ‌ကျေးရွာ (၄)ရွာဖြင့် စတင်စု‌ပေါင်း ပြုလုပ်ကျင်းပလာ ခဲ့ပြီး ယခုနှစ်ပြုလုပ်သည့်ပွဲတွင် ဘိုးဘွားများ‌အောက်‌မေ့ခြင်းအပြင် ကရင့်ရိုးရာအရိုး‌ကောက်ခြင်း၊ ရဟန်းခံ ရှင်ပြုပွဲ၊ ငြိမ်းချမ်း‌ရေး‌တေးဂီတ‌ဖျော်‌ဖြေပွဲနှင့် ကရင့်ရိုးရာ ဒုံးအက‌ဖျော်‌ဖြေခြင်းစသည့် အစီအစဉ်များ ပါဝင်ခဲ့သည်။