ဧပြီ ၂၄ ရက်၊ ၂ဝ၁၈ခုနှစ်။ စောသိန်းမြင့်
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတရော်(ဖာပွန်)ခရိုင်အတွင်း စစ်ရေးတင်းမာမှုကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည့် ဒေသခံ စစ်ရှောင်ပြည်သူများအခြေအနေကို မီးမောင်းထိုးပြထားသည့် “တကျော့ပြန် အိပ်မက်ဆိုး”ခေါင်းစဉ်ဖြင့် အစီရင်ခံစာကို ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်(KPSN)မှ နံနက်ဖြန် (ဧပြီ ၂၅ရက်)တွင် ထုတ်ပြန်မည်ဖြစ်သည်။
အဆိုပါ အစီရင်ခံစာ ထုတ်ပြန် မိတ်ဆက်ပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ Chaing Mai University, RCSD Building, 3rd Floor ၌ ပြုလုပ်မည်ဖြစ်ပြီး အစီရင်ခံစာ ထုတ်ပြန်ရခြင်းနှင့်ပတ်သက်၍ KPSN ပြောခွင့်ရသူ နော်ဆာမူးက ယခုလို ပြောသည်။
“အစီရင်ခံစာအတွက် ကျမတို့ အားလုံး စီစဉ်ပြီးပါပြီ။ အပစ်အခတ်ရပ်စဲရေးလုပ်လို့ ပြည်သူတွေဟာ ဒီငြိမ်း ချမ်းရေးကို ယုံကြည်ကြတဲ့အတွက် သူတို့ဘဝကို ပြန်လည်စတင်ရုံသာရှိသေးတယ်။ ပဋိပက္ခပြန်လည် စတင်ဖြစ်ပွားတဲ့အတွက် သူတို့တွေဟာ ဒီအိပ်မက်ဆိုးကို တစ်ခါ ထပ်ကြုံရပြန်ပြီး။ အခုထိ ထွက်ပြေးနေ ရတုန်းပါပဲ အိမ်မပြန်နိုင်သေးဘူး။ အဲဒါကို မီးမောင်းထိုးပြချင်တာဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ယနေ့တွင် ပြောဆိုသည်။
စာမျက်နှာ ၂ဝ ကျော်ပါရှိပြီး ကရင်၊ အဂင်္လိပ်၊ မြန်မာနှင့် ထိုင်းဘာသာတို့ဖြင့် ရေးသားထားသည့် ၎င်း အစီရင်ခံစာထဲတွင် မူတရော်(ဖာပွန်) ဒေသရှိ ကရင်ပြည်သူများသည် စစ်မှန်သည့် ငြိမ်းချမ်းရေး ပေါ်ပေါက် လာပြီး မိမိတို့ နေရပ်ကို အတည်တကျ ပြန်လည် အခြေချနေထိုင်နိုင်ရန် မျှော်လင့်ထားသော်လည်း မြန်မာ စစ်တပ်၏ တစ်ဖန် ပြန်လည်လှုပ်ရှားလာမှုတို့ကြောင့် ၎င်းတို့၏ မျှော်မှန်းချက်များ လုံးဝပျက်စီးသွား သည့်အခြေအနေများကို အဓိကထား ဖော်ပြထားသည်ဟု နော်ဆာမူးက ဆက်ပြောသည်။
အဆိုပါ အစီရင်ခံစာ ထုတ်ပြန်မိတ်ဆက်ပွဲတွင် ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ပါဝင်နေသူများ၊ တတ်သိ ပ ညာရှင်များ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် သတင်းမီဒီယာသမားများကို ဖိတ်ကြားထားပြီး အစီအစဉ် နံနက်ပိုင်းတွင် ထွက်ပြေးပုန်းရှောင်နေရသည့် ဒေသခံရွာသားများ၏ အခြေအနေကို ရိုက်ကူးထားသည့် ဓာတ်ပုံပြပွဲ၊ ရုပ်သံမှတ်တမ်းပြပွဲနှင့် ဖာပွန်စစ်ရေးတင်းမာမှုအတွင်း အသက်ဆုံးရှုံးသွားသည့် ဌာနေ ကရင် တိုင်းရင်းသားခေါင်းဆောင် စောအိုမူး၏ ဘဝပုံရိပ်မှတ်တမ်း ဓာတ်ပုံ စုစည်းမှုများကို တင်ဆက် ပြသသွားမည်ဖြစ်သည်။
၎င်းအပြင် ညနေပိုင်းတွင် မူတရော်(ဖာပွန်)ခရိုင်၏ လက်ရှိအခြေအနေအပေါ် ဦးတည်ဆွေးနွေးပွဲ အစီအစဉ် တွင် ဒေသခံ ကိုယ်စားလှယ် စောညကီထူး၊ မူတရော်အရေးပေါ် အကူအညီပေးရေးအဖွဲ့ (MEAT)မှ နော်က ညောဖော နီးမရော့နှင့် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့ဝင် စောမဘူထူးတို့ ဆွေးနွေးသွား ကြမည် ဖြစ်သလို ဆွေးနွေးပွဲ ဒုတိယပိုင်း အစီအစဉ်ဖြစ်သည့် ကရင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများနှင့် ဒုက္ခ သည်များ၏ အခြေအနေနှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် အခြေအနေများကို The Regional Center for Social Science and Sustainable Development (RCSD)ဥက္ကဌ ဒေါက်တာ ချရန်ဗတ်ဟာနဖွတ်၊ KNU ဒုတိယ ဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန်၊ ဥပဒေ အထောက်အကူပြုကွန်ယက် ဥက္ကဌ ဦးအောင်ထူး၊ ကရင် ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်မှ စောဟေစိုးတို့က ဆွေးနွေးသွားကြမည်ဟု သိရသည်။
ယခုနှစ် မတ်လ ၄ ရက်မှစ၍ ကေအဲန်ယူ မူတရော်(ဖာပွန်)ခရိုင်၊ လူသောမြို့ နယ်ရှိ ခေးပူနှင့် လယ်မူပ လောကြား ကားလမ်းဟောင်းကို မြန်မာ့တပ်မတော်ဘက်မှ ဆက်လက် ပြုပြင်ဖောက်လုပ်မှုများ ပြုလုပ် ရာတွင် သတ်မှတ်နယ်မြေကို ကျူးကျော်လာသည်ဟုဆိုကာ ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် ကားလမ်း အနီးအနားရှိ ကျေးရွာ ၁၆ ရွာမှ ဒေသခံ ၂,၃ဝဝ ကျော်မှာ အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ရာမှာ ယခုအချိန်ထိဖြစ်သည်။
KPSN ကို (ကေအဲန်ယူ)နှင့် အစိုးရတို့ကြား ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်ကို အထောက်အကူပြုရန် ရည်ရွယ်ပြီး ၂၀၁၂ခုနှစ်၊ ဇူလိုင်လတွင် စတင်တည်ထောင်ခဲ့ရာ လက်ရှိ မြန်မာပြည်တွင်းနှင့် နယ်စပ်ဒေသရှိ ကရင်လူထုအခြေပြုအဖွဲ့အစည်းပေါင်း ၂၉ ဖွဲ့ပါဝင်သည်။