မတ်လ ၁၄ ရက်၊ ၂ဝ၁၈ ခုနှစ်။ စောမြတ်ဦးသာ
ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံးနှင့် မွန်ပြည်သစ် ပါတီတို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက သစ်ထုတ်လုပ်မှုကိစ္စနှင့် ပတ်သက်၍ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့စဉ်က မွန်ပြည်သစ်ပါတီမှ ဖမ်းဆီးထားသည့် ရွာသား တဦးနှင့် လက်နက် ၂ လက်ကို ကေအဲန်ယူထံ မတ် ၁၃ ရက်နေ့တွင် ပြန်လွှဲအပ်ခဲ့သည်ဟု နှစ်ဖက် တာဝန်ရှိသူများက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံး၌ ကေအဲန်ယူ၊ ဒူးပလာယာ ခရိုင်ဥက္ကဌ ပဒိုစောရွှေမောင်းဦးဆောင်အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ၊ ထားဝယ်ခရိုင်၊ ဥက္ကဌနိုင်ဉာဏ်ထွန်းဦးဆောင်သည့် အဖွဲ့တို့ မတ် ၁၃ ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံမှုပြုလုပ် ခဲ့ပြီး အခုလိုပြန်လွှဲအပ် ခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ကေအဲန်ယူ၊ တပ်မဟာ ၆၊ ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်းက “ သူတို့ ရသွားတဲ့ သေနတ် ၂လက်ရယ်၊ လူတယောက်ကိုတော့ တို့ကိုပြန်အပ်တယ်။ ပစ်တာကလွယ်တယ်။ သေကြပြီး ဒုကိ္ခတ၊ မိမဲ့၊ ဖမဲ့ မုဆိုးမဘဝနဲ့ ပြန်ရှင်သန်ရတဲ့ အကျိုးဆက်တွေကို ကုစားရခက်တယ်။ သူ့မြေ၊ ကိုယ်မြေ ဆိုပြီး ဘယ်သူမှပိုင်တာမဟုတ်ဘူး။ ပိုင်ဆိုင်တဲ့သူက ပြည်သူပါ။အတူတကွအဆင်ပြေအောင်နေထိုင်နိုင်ဖို့ လုပ်ဆောင် ရမယ်” ဟု မတ်လ ၁၄ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ကရင်နှင့် မွန်တို့ နယ်မြေအငြင်းပွားမှုကြောင့် ၁၉၈၈ ခုနှစ်တွင် တိုက်ပွဲဖြစ်ပွားပြီး ဘုရားသုံးဆူမြို့၊ ပြာပုံကျ ဖြစ်ခဲ့ရပြီး မည်သူမျှအကျိုးမရှိခဲ့ရသလို ပြဿနာဖြစ်ပွားလျင် ငြိမ်းချမ်းသည့် နည်းဖြင့် ဖြေရှင်းရန် ကေအဲန်ယူက မူဝါဒလမ်းစဉ် ချထားသော်လည်း တဖက်လုပ်ဆောင်မှုများသည် ဆန့်ကျင်ဘက်အသွင်မျိုး
ဖြစ်နေသည်ဟု ပဒိုစောရွှေမောင်းက ဆက်ပြောသည်။
ဆက်စပ်သတင်း
KNU နှင့် မွန်ပြည်သစ်ပါတီ ပစ်ခတ်မှုပြန်လည်ဖြစ်ပွား
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲရှိ မာန်အောင်ကျေးရွာအရှေ့ဘက်တွင် သစ်ခုတ် သမား ၃၂ ဦးကို မွန်ပြည်သစ်ပါတီက ဖမ်းဆီးပြီး ကေအဲန်ယူ၊ ဝင်းရေးမြို့နယ်တာဝန်ရှိသူများထံ ပြန်လွှဲပြီး နောက်ပိုင်း နှစ်ဖက်တပ်ဖွဲ့ဝင်များ သုံးကြိမ်ထက်မနည်း ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု နှစ်ဖတ်တာဝန်ရှိသူများက အတည်ပြု ပြောသည်။
မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှက “ တိုက်ပွဲဖြစ်တာက သစ်ထုတ်လုပ်မှုကိစ္စပဲလေ။ ပဋိပက္ခဖြစ်တာ လျော့သွားအောင် နှစ်ဖက်တပ်မှူးတွေက အဲ့ဒီဒေသတွင်း လူထုတွေနဲ့ တွေ့ဆုံပြီး ရှင်းလင်းပွဲ လုပ်မယ်။ နောက်နောင်ကို အထက်လူကြီးတွေကို တင်ပြပြီး တွေ့ဆုံနိုင်အောင် တိုက်တွန်းထားကြတယ်။ သစ် တောထိန်းသိမ်းထားတဲ့ဧရိယာကို ပြန်ပြီးထိန်းသိမ်းမှာပါ။ အနေနီးတဲ့ လူမျိုးနှစ်ယောက် တွေ့ဆုံဆွေးနွေးမှု တွေနဲ့ သွားကြဖို့ တိုက်တွန်းပါတယ်” ဟု မတ် ၁၄ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
ယခင်က ရေးမြို့နယ်၊ ဒေသတဝိုက်ကို ရေး-ထားဝယ် ကားလမ်းအနောက်ဘက်ခြမ်းကို မွန်ပြည်သစ်ပါတီ နယ်မြေအဖြစ် လည်းကောင်း၊ အရှေ့ဘက်ခြမ်း ထိုင်း- မြန်မာ နယ်စပ်ထိကို ကေအဲန်ယူ နယ်မြေဟု နှစ်ဖက် သဘော တူထားရှိခဲ့သည်။
ထိုနောက်ပိုင်းတွင် မွန်ပြည်သစ်ပါတီအနေဖြင့် ရပ်တည်ရေး ခက်ခဲလာသည့်အပေါ် ကေအဲန်ယူနယ်မြေအတွင်း တောင်ပေါက် ၂၄ ရွာကို မွန်ပြည်သစ်ပါတီအား ကေအဲန်ယူက တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အချင်းချင်း ကူညီသည့် အနေဖြင့် ခိုလှုံခွင့်ပေးခဲ့သည်။ လက်ရှိ နယ်မြေအငြင်းပွားမှု ဖြစ်ပေါ် နေသည့် ရေးမြို့နယ်၊ အရှေ့ပိုင်းရှိ သစ်တောသည် အစဉ်အဆက်အရ ဒေသခံ ကရင်တိုင်းရင်းသားများနှင့် ကေအဲန်ယူ သစ်တော ဧရိယာ ဖြစ်သော်လည်း မွန်ပြည်သစ်ပါတီကသူတို့ ပိုင်ဆိုင်သည်ဟု ပြောဆိုလာသည့် အတွက် ပြဿနာဖြစ် ပွားခြင်းဖြစ်သည်ဟု ကေအဲန်ယူ တာဝန်ရှိသူများထံမှ သိရသည်။



















