နိုဝင်ဘာ ၃ဝ ရက်၊ ၂၀၁၇ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်းရှိ အစိုးရခရိုင်နှင့်မြို့နယ်အသီးသီးရှိ တရားရေးဝန်ထမ်းများအတွက် ရည်ရွယ်ပြီး ပြည် ထောင်စု လွှတ်တော်ချုပ်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် -UNDP တို့ပူးပေါင်းစီစဉ်မှုဖြင့် ပြုလုပ်မည့် တရားဥပဒေရေးရာများ နှင့် ပတ်သက်သည့် သင်တန်းတစ်ခုကို နိုဝင်ဘာလ ၃ဝ ရက်နေ့မှစတင်ကာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဟု သိရသည်။
အဆိုပါ သင်တန်းကို နိုဝင်ဘာလ ၃ဝ ရက်မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ သံလွင်ပါရာဒိုက်ဟိုတယ်တွင်ပြု လုပ်သွား မည်ဖြစ်ပြီး သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်နှင့်ပတ်သက်၍ UNDP မှ မွန်-ကရင်ပြည်နယ် တာဝန်ခံ ဒေါ်နီနီလွင်က ယခုလိုပြောသည်။
“ တရားရေးမဏ္ဍိုင်ကြီးပိုမိုခိုင်မြဲဖို့အတွက် ရည်ရွယ်ထားပါတယ်။ အဲဒါခိုင်မြဲဖို့အတွက် တရားရေး၊ ဥပဒေရေး ရာဝန်ထမ်းတွေ၊ အဓိကအဆုံးအဖြတ်ပေးမယ့်တရားသူကြီးတွေအပါအဝင် သူတို့ရဲ့စွမ်း ဆောင်ရည်မြှင့် တင်ဖို့ ရယ်၊ အဲဒီအပြင် အမြဲတမ်းသူတို့ဆုံးဖြတ်ချက်တွေ လုပ်ဆောင်တဲ့အခါမှာ အမျိုးသမီး၊ ကျားမ ကဏ္ဍကိုထည့်သွင်းချိတ်ဆက်ပြီး စဉ်းစားတွေးတောနိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်ပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
လေးရက်ကြာပြုလုပ်မည့် သင်တန်းတွင် ပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်များမှ တရားသူကြီးများ၊ ရှေ့နေများ ဥပဒေရေးရာဝန်ထမ်းများအပါအဝင်သင်တန်းသား ၂၅ ဦးတက်ရောက်ကြမည်ဖြစ်ပြီး တရား ဥပဒေစိုးမိုးရေး အခြေခံမူများ၊ လူ့အခွင့်အရေး၊ တရားမျှတမှုဆိုင်ရာ စံချိန်စံညွှန်း၊ ကျား၊ မရေးရာဆိုင်ရာအခြေပြု သင်တန်းများအား အပြန်အလှန်ဆွေးနွေးမှုပုံစံဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
ကရင်ပြည်နယ် တရားရေးဝန်ထမ်းတစ်ဦးဖြစ်သူ ဦးကျော်စွာငြိမ်းက “သူတို့သင်မှာတွေက Rules of law ၊ တရားမျှတ မှုစံနှုန်းတွေ၊ နောက်တစ်ခါ ကျားမ မခွဲခြားပဲ တန်းတူရှိမှုတွေသူတို့သင်မှာကိုး။ ဒါတွေအားလုံးက ကျနော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတို့ ပြဌာန်းထားတဲ့ဥပဒေတို့မှာပါထားပြီးသားဖြစ်ပါတယ်။ ကျနော်အမြင်ကတော့ သူတို့နိုင်ငံတ ကာစံနှုန်းနဲ့အညီလာပြီး Polish လာလုပ်ပေးတာဖြစ်ပါတယ်။ အကျိုးလည်းရှိ မယ်ထင်ပါတယ်” ဟုပြောသည်။
ယခုပြုလုပ်သည့် သင်တန်းမှာ ပြည်ထောင်စုလွှတ်တော်ချုပ်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်-UNDP တို့ပူးပေါင်း စီစဉ်မှုဖြင့် ကရင်ပြည်နယ်တွင် ပထမဆုံးအကြိမ်ပြုလုပ်သည့် သင်တန်း ဖြစ်သည်။