မန်းမြဝင်း (စာပေယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး၊ တောကျောင်းကျေးရွာအုပ်စု)
ငြိမ်းချမ်းရေးကိစ္စနဲ့ပတ်သက်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုရင် ကရင်လူမျိုးတွေအတွက် အများကြီး အကျိုးကျေးဇူးရှိ တယ်။ ဒါပေမဲ့ ကျနော်တို့ ကရင်လူမျိုးတွေမှာ စစ်မှန်မှုမရှိတဲ့ သွေးခွဲခံရမှု၊ ရန်တိုက်ခံရမှု များစွာကြုံတွေ့ခဲ့ရတာကြောင့် များစွာ ဒုက္ခဖြစ်ခဲ့တယ်။ ငြိမ်းချမ်းရေးနဲ့ လက်နက် ဘယ်လောက်ပဲ လဲလှယ်ခဲ့ပေမဲ့ အခက်အခဲ ဒုက္ခတွေကို ကျနော်တို့ အမြဲလက်ခံခဲ့ရ တယ်။ ဒါကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုရင် ကောင်းမယ်။ တိုက်ပွဲတွေကြောင့် ကျနော်တို့ ဧရာဝတီတိုင်းမှာ ဒုက္ခဆင်းရဲတွေ ကို များစွာခံခဲ့ရတယ်။ နောက်ပြီး ဒီဧရာဝတီတိုင်းမှာ အကုန်ပြုတ်သွားတော့ အထက်ဘက်ကို ရောက်သွားတဲ့အခါမှာလည်း တိုက်ပွဲတွေကြောင့် ကျနော်တို့ ကရင်လူမျိုးတွေ ဒုက္ခသုက္ခ ကြုံတွေ့နေရတာကိုမြင်ရတော့ စိတ်ထဲမကောင်းဘူး။ ဒါကြောင့် ကျနော်ပြောချင်တာက စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက်ဆိုရင် များစွာ ပြောဆိုလုပ်ဆောင် အကောင်အထည်ဖော်သွားရအုံးမှာပဲ။ စစ်ပွဲတွေကြောင့် ကျနော်တို့လူမျိုးတွေ သေကြေပျက်စီးခဲ့ရတာ များခဲ့ပြီး။ ဒါကြောင့် ကောင်းတဲ့ဘက်ကတွေးရင် စစ်မှန်တဲ့ ငြိမ်း ချမ်းရေးဖြစ်ခဲ့ရင် ကျနော်တို့နိုင်ငံမှာ တိုးတက်ဖွံ့ဖြိုးဖို့၊ အေးချမ်းသာယာဖို့က ငြိမ်းချမ်းရေးရဖို့ကို ကျနော်တို့များစွာ လိုချင်တယ်။
လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ ကောင်းတာလေးတွေ တွေ့နေရတာပေါ့။ တစ်နေ့ကျရင် တကယ့်ငြိမ်းချမ်းရေးမဖြစ် လာဘူးဆိုရင် တစ်မျိုးပေါ့။ တကယ်လို့ ဖြစ်လာပြီးဆိုရင် ဘယ်လိုပြောင်းလဲမှုရှိလာမလဲ။ ကျနော်တို့ကတော့ အဆုံးထိတော့ မတွေးထားရဲသေးဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ် ကောင်းမယ်ဆိုရင်တော့ ကျနော်ပြောသလို အကုန်ကောင်းပါတယ်။ ဘာဖြစ်လဲဆို တော့ ကျနော်တို့ ကရင်လူမျိုးတွေနေလာခဲ့ရတာ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလိုက်တဲ့အခါ ကိုယ့်သေတွင်း ကိုယ်တူးခဲ့ရတဲ့ အခြေအနေမျိုးထိ ရှိခဲ့ဖူးတော့ ပေါ့ပေါ့တန်တန်နဲ့တော့ ယုံလို့မရဘူး။ အဆင့်ပေါင်းများစွာ သွားနေအုံးမှာပဲ။ သူတို့ လုပ်ငန်းစဉ် တွေက ရုပ်ဆိုးအကျဉ်းတန်ပြီး နှေးကွေးလွန်းလှတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ရင်းနှီးမှုရှိမယ်။ အေးအေးချမ်းချမ်း ရှိ မယ်၊ တန်းတူညီမျှမှုရှိမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်က တစ်ဆင့်ပြီးတစ်ဆင့် အဆုံးထိ ရောက်မယ်ဆိုတာကို ကျနော်တို့ တွက်လို့ရတယ်။
အခု ငြိမ်းချမ်းရေးဖြစ်စဉ်စလာကတည်းက ကျနော်တို့ကရင်တွေ လုပ်ပိုင်ခွင့်တစ်ဆင့်အနေနဲ့ စာပေ၊ စကား၊ ယဉ်ကျေး မှု ဖော်ဆောင်လုပ်ဆောင်နိုင်တာ ငြိမ်းချမ်းရေးဖြစ်စဉ်ကြောင့် ဖြစ်တယ်။ နောက်ပိုင်း ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးရခဲ့မယ်ဆိုရင် တော့ ရပိုင်ခွင့်ဖြစ်တဲ့ ယဉ်ကျေးမှုအမွေအနှစ်၊ လွတ်မြောက်မှု စတဲ့အမျိုးမျိုးသော ရပိုင်ခွင့်တွေကိုရဖို့ ကျနော်တို့က မျှော်လင့် တာပေါ့။
နန့်ခင်သက်ဖြူ (ဒေသခံ၊ တောကျောင်းကျေးရွာ၊ ပန်းတနော်မြို့နယ်)
အခု အစိုးရနဲ့ ကျမတို့ ကရင်ခေါင်းဆောင်တွေလုပ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျမမျှော်လင့်တာက ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံကို ပြင်ပြီးမှလုပ်ရင်တော့ကောင်းမယ်လို့ ကျမ မြင်တယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ပြီးလုပ်မှ ဒီငြိမ်းချမ်းရေးဖြစ် စဉ်က ပိုပြီး စစ်မှန်လိမ့်မယ်။ အခြားတိုင်းရင်းသားနည်းတူ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက်ကိုပဲ ဆွေးနွေးမယ်ဆိုရင် တော့ ငြိမ်းချမ်းရေး ပို စစ်မှန်မယ်လို့ ကျမမြင်တယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်က ကျမတို့အတွက် အရမ်းအရေးကြီးပါတယ်။ ကျမတို့ ဒီဘက်မှာဆိုရင် ကရင်ဆိုပြီး ဖိနှိပ်ခံရတာ မျိုး ရှိတယ်။ လွတ်လပ်မှု သိပ်မရှိဘူး။ ကရင်ဆိုပြီး စာရင်းထဲမှာ သိပ်မထည့်ချင်ကြဘူး။ ဒါကြောင့် ကျမတို့ ကရင်ခေါင်းဆောင် တွေ နိုင်ငံရေးဆွေးနွေးတဲ့အခါ ကျမတို့ ဒီဧရာဝတီတိုင်းဘက်က ကရင်တွေရဲ့ အခက်အခဲကိုမြင်ပြီး ထည့်သွင်းဆွေးနွေးသွားဖို့ ကိုလည်း ကျမ တောင်းဆိုချင်တယ်။
မန်းဂီးဒယန် (အဖြူရောင်ဖောင်ဒေးရှင်း တာဝန်ခံ)
ကျနော်တို့လူ့အဖွဲ့အစည်းထဲကို ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့တိုင်းပြည်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လိုမြင်နိုင်မ လဲဆိုရင် ဟိုဘက်နယ်စပ်ဘက်မှာဆိုရင် ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်တာကို တွေ့ရတယ်။ ကျနော်တို့ မြေပြန့် ဒေသမှာဆိုရင် စစ်ပွဲမရှိဘူးဆိုပေမဲ့ ငြိမ်းချမ်းမှုရှိလားဆိုတော့လည်း မရှိပြန်ဘူး။ ငြိမ်းချမ်းမှုမရှိဘူးဆိုတာက မြေပြန့်ပြည်သူတွေ မှာ စားဝတ်နေရေးအတွက် ဖူလုံပြည့်စုံမှုမရှိတာ၊ ကလေးသူငယ်တွေ ပညာရေးတိုးတက်ဖွံ့ဖြိုးမှုမရှိတာကို တွေ့ရတယ်။ ကျနော့် အနေနဲ့ အခုသူများတွေ ငြိမ်းချမ်းရေးလုပ်နေတယ်။ ငြိမ်းချမ်းရေး လုပ်နေတယ်ဆိုပြီး မြင်တွေ့နေရတာပေါ့။ ဒါပေမဲ့ ကျနော်တို့ ကရင်ခေါင်းဆောင်ကြီး စောဘဦးကြီး ပြောထားသလိုမျိုး အခွင့်အရေးတန်းတူညီမျှမှုပေါ့နော်။ သူများတစ်ကျပ်ရရင် ကိုယ်တွေ လည်း တစ်ကျပ်ရရမယ်။ အဲ့လိုမျိုးမှ မရဘူးဆိုရင် ငြိမ်းချမ်းရေးက ဘယ်တော့မှမရှိနိုင်တော့ဘူး။ အခွင့်အရေး တန်းတူညီမျှမှု မရရင်တော့ ငြိမ်းချမ်းရေးက ခဏပဲရမယ်။ နောက်ဆိုလည်း အရင်ပုံစံအတိုင်းပဲ ပြန်ဖြစ်သွားမှာပဲ။ ဒါကြောင့် ကျနော်ပြောချင် တာက အခုတက်လာတဲ့ ကျနော်တို့ ခေါင်းဆောင်တွေအနေနဲ့ တခြားတိုင်းရင်းသားတွေနဲ့အတူ အခွင့်အရေးတန်းတူရနိုင်ဖို့ကို ကျနော်ကတော့ မျှော်လင့်တာပေါ့။