အောက်တိုဘာ ၁ဝ ရက်၊ ၂၀၁၇ ခုနှစ်။ စောရှား
လက်ရှိမြန်မာ့နို်င်ငံရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပိုမိုကောင်းမွန်သည့် ချည်းကပ်မှုများဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖားအံခရိုင်၊ လေးဝါးစခန်း၌ အောက်တိုဘာ ၄ ရက်မှ ၇ ရက်နေ့အထိပြုလုပ်သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုအမြဲတမ်းကော်မတီ၏ အရေးပေါ် အစည်းအဝေးတွင် ဆုံးဖြတ်သည်ဟု အောက်တိုဘာ ၇ ရက်နေ့စွဲဖြင့် သဘောထားထုတ်ပြန်ခဲ့သည်။
ယခု လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ယခင်အချိန်ကာလနှင့် နှိုင်းယှဉ်ပါက အားနည်းမှုများ ရှိနေသည့်အပေါ် ပိုမို ကောင်းမွန်သော အထောက်အကူပြု ယန္တရားများရှိသင့်သောကြောင့် ယခုလို ဆုံးဖြတ်ခဲ့ ခြင်းဖြစ်ကြောင်း ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက အောက်တိုဘာ ၉ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
၎င်းက ̏ အရင်တုန်းက ကိစ္စတစ်ခု တိုင်ပင်မယ်ဆိုရင် Informal(အလွတ်သဘော) ပုံစံမျိုးတွေ့ဆုံနိုင်တဲ့ Space (နေရာ) တွေရှိတယ်။ ညှိနှိုင်းတိုင်ပင်၊ ပြီးမှ Formal(တရားဝင်) ကိုသွားရတယ်။ အခု အဲဒီအပိုင်းတွေ အားနည်း လာတော့ အစိုးရပိုင်းကဖြစ်ဖြစ် ကျနော်တို့အပိုင်းကပဲ ဖြစ်ဖြစ်နည်းပညာဆိိုင်ရာ ပိုမိုအထောက်အကူ ပေးနို်င် တဲ့ အနေအထားတွေ ကြိုးစား ဖော်ထုတ်သင့်တယ်။˝ဟု ပြောသည်။
ကြားကာလဟုခေါ်သော NCA ရေးထိုးသည့် အချိန်မှစ၍ နိုင်ငံရေးအဖြေအထွက်သေးသည့် ယခုအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း-EAOs နှင့် အစိုးရကြား၌ အကောင်အထည် မဖော် နို်င်သေးသည့် အပိုင်းများအား ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားကြရန် နေရာ
တစ်ခုရှိရန် လိုအပ်ကြောင်း ပဒို စောတာဒိုမူးက ဆက်ပြောသည်။
(၁၆) ကြိမ်မြောက်ကွန်ဂရက်အပြီး ပထမဆုံး ဦးဆုံးပြုလုပ်သော ကေအဲန်ယူ၏ ဗဟို အမြဲတမ်း ကော်မတီဝင်၏ အရေးပေါ် အစည်းအဝေးတွင် ဗဟိုကော်မတီဝင် ၄၇ ဦးနှင့် အထူးဖိတ်ကြားသူ ၂ ဦးတို့ တက်ရောက်ခဲ့ပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်ခြင်းနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များကို ချပြဆွေးနွေးခြင်း၊ ကြားကာလဆိုင်ရာမူဝါဒများ၊ ဖွံဖြိုးရေးဆိုင်ရာ သဘောထားများ၊ အမျိုးသားအဆင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲ များနှင့် လက်ရှိဖြစ်တည်နေသော နိုင်ငံရေးအခြေအနေများအား ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်ဟု အစည်းအဝေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ကေအဲန်ယူ၊ ဘိတ်ထားဝယ်ခရိုင်နယ်မြေအတွင်းရှိ သစ်တောကြိုးဝိုင်းများ၊ တိရိစ္ဆန်ဘေးမဲ့တော များတွင် သစ်ထုတ်လုပ်ငန်း ဝင်ရောက်လုပ်ကိုင်မှုတို့ကို ကေအဲန်ယူ၊ သစ်တောဌာန၏ မူဝါဒကိုအခြခံပြီး ထိန်းသိမ်းစောင့်ရှောက်သွားရန်လည်း အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်ဟု ဖော်ပြထားသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် ပြီးခဲ့သည့် ၂ဝ၁၂ခုနှစ် ၊ ဇန်နဝါရီလတွင် ၁၂ရက်နေ့တွင် အစိုးရနှင့် ပြည်နယ်အဆင့် မဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့က ကျင်းပသည့် (EAOs) နှင့် အစိုးရတို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ထိုးပွဲတွင် အခြားသော(EAOs) ၇ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။
ကေအဲန်ယူသည် အစိုးရနှင့် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများကို စတင်လုပ်ဆောင် လာသည့် ၂ဝ၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ ၎င်းတို့၏ ထိန်းချုပ်နယ်မြေများတွင် ဆယ်စုနှစ်ချီ ပေးအပ်ထားသော ဝန်ဆောင်မှုလုပ်ငန်း များဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ ဥပဒေစိုးမိုးရေး စသည့် ကိစ္စများ၌ အစိုးရမှလုပ်သော လုပ်ငန်းများနှင့် အချို့နေရာတွင် ပွတ်တိုက်မှုများ ရှိလာသည်ဟု ဆိုသည်။
အဆိုပါ ရင်ဆိုင်နေရသည့် ပွတ်တိုက်မှုများကို ဖြေရှင်းနိုင်ရန် ကြားကာလ မူဝါဒနှင့် လက်ရှိ ရင်ဆိုင်နေရသောဖြစ်စဉ်များကို ပြန်လည်သုံးသပ်ခြင်း၊ လမ်းညွှန်ချက်ပုံစံ ပြန်လည်ချမှတ်ခြင်း၊ တွေ့ဆုံ ဆွေးနွေးခြင်းများ လုပ်ဆောင်သွားမည်ဟု ကေအဲန်ယူ ဗဟိုအမြဲတမ်းကော်မတီ၏ အရေးပေါ်အစည်းဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟု ကေအဲန်ယူတာဝန်ရှိသူများက ပြောသည်။



















