စက်တင်ဘာ ၄ရက်၊ ၂၀၁၇ခုနှစ်။ စောရှား
ကရင့်တော်လှန်ရေး သီချင်းအများစုကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆိုခဲ့သူ စောဆဲပွေဒို့ (၃၅နှစ်)သည် စက်တင်ဘာလ ၄ရက် (ယနေ့)နံနက် ၁နာရီအချိန်တွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်၊ သူးမွဲခီးရွာရှိ သူ၏နေအိမ်၌ ကွယ်လွန်သွားကြောင်း မိသားစုဝင်များက ပြောသည်။
ဖုတ်ဖရဆေးရုံနှင့် မဲဆောက်ဆေးရုံကြီးတို့တွင် နှစ်လကျော် တက်ရောက် ဆေးကုသမှု ခံယူခဲ့ပြီးနောက် နေအိမ်ပြန်လာပြီး တစ်ပတ်အကြာတွင် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု ၎င်း၏ မိခင်ဖြစ်သူ နော်ဆဲထီ့က ကေအိုင်စီသို့ ပြောသည်။
၎င်းက “အရက်သုံးစွဲတာ များတာကြောင့် အဆုတ်၊ အသဲ၊ ကျောက်ကပ်၊ အစာအိမ်တွေ မကောင်းတော့ဘူးလို့ ဆရာဝန်က ပြောတယ်။ လွန်ခဲ့တဲ့ နှစ်လကျော်အထိ ဆေးရုံတက်ခဲ့ရတယ်။ ကြာလာတော့ အားလည်း မရှိတော့ဘဲ အဲဒီရောဂါတွေနဲ့ပဲ ဒီ မနက် အသက်ထွက်သွားတာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ကရင်ဘာသာဖြင့် ပြောသည်။
စောဆဲပွေဒို့သည် တေးရေး၊ တေးဆိုအပြင် ဓမ္မတေးဆရာ၊ ကျောင်းဆရာအလုပ်များကိုလည်း လုပ်ကိုင်ခဲ့ပြီး ၂၀၀၈ခုနှစ်တွင် ထွက်ရှိခဲ့သော “၁၉၄၉” (ကရင်တော်လှန်ရေး စတင်သည့်ခုနှစ်)နှင့် “စေ့ထွဲစေ့” (ဘယ်၊ ညာ၊ ဘယ်) စသည့် ကရင်အမျိုးသား တော်လှန်ရေးအတွက် ရေးသားသီဆိုထားသည့် သီချင်းများမှာ နယ်စပ်နှင့် ပြည်ပရောက် ကရင်ပရိဿတ်များအကြား ရေပန်း စားခဲ့သည့် တေးသီချင်းများ ဖြစ်ခဲ့သည်။
ဆဲပွေဒို့၏ သူငယ်ချင်းဖြစ်သူ အဆိုတော် စောအချိုင်းက “နယ်စပ်တစ်လျှောက်မှာ ကရင်တော်လှန်ရေးနေ့ဖြစ်ဖြစ်၊ အာဇာနည် နေ့ဖြစ်ဖြစ် အမျိုးသားရေးသီချင်းတွေကို သူနဲ့အတူတူ တွဲဖက်သီဆိုလာခဲ့တာ။ ကျနော့်ရဲ့ Best Friend (အကောင်းဆုံး သူငယ် ချင်း)ပေါ့။ သူနဲ့ သီချင်းတွေ အတူတူ ဆက်လုပ်ဖို့ စီစဉ်ထားပေမယ့် အခုလို သူ ဆုံးသွားတဲ့အပေါ်မှာ အရမ်းဝမ်းနည်းပါတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် စောဆဲပွေဒို့သည် စတိတ်ရှိုးစင်ပေါ်တွင် သီချင်းများသီဆိုဖျော်ဖြေနေစဉ် ဟာသဉာဏ်နှော၍ စကားကို စီကာပတ်ကုံး ပြောဆိုနိုင်သည့် သူ၏ ပါရမီအရည်အချင်းကြောင့် ၎င်းအား လူချစ်လူခင် ပေါများစေသည်ဟုလည်း ၎င်း၏ပရိဿတ်များကပြော သည်။
စောဆဲပွေဒို့၏ ပရိဿတ်တစ်ဦးဖြစ်သူ စောဆာ့မယ်ကူက “အစ်ကိုကြီး ဆဲပွေဒို့ရဲ့ သီချင်းတွေကို ငယ်ငယ်ကတည်းကနေ အခု ချိန်ထိ အားပေးလာခဲ့တယ်။ “၁၉၄၉ ”သီချင်းဆို အကြိုက်ဆုံးပဲ။ အခုလို ခင်မင်ရတဲ့ အစ်ကိုကြီးတစ်ယောက် ဆုံးသွားတဲ့အ တွက် အရမ်းပဲ ဝမ်းနည်းမိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
၁၉၈၂ခုနှစ်၊ ဩဂုတ်လ ၁ရက်နေ့တွင် မွေးဖွားခဲ့သော စောဆဲပွေဒို့သည် မွေးချင်းညီအစ်ကို ၆ဦးအနက် အကြီးဆုံးဖြစ်ပြီး သူ ကွယ်လွန်သွားချိန်တွင် ဇနီးဖြစ်သူနှင့်အတူ သား ၁ဦး၊ သမီး ၁ဦး ကျန်ရစ်ခဲ့သည်။
စက်တင်ဘာ ၅ရက်နေ့၊ နံနက် ၁၁နာရီအချိန်တွင် ခရစ်ယာန်ဘာသာ အစဉ်အလာအရ နေအိမ်၌ ဝတ်ပြုဆုတောင်းကြပြီး နောက် တစ်ဆက်တည်းတွင် ၎င်း၏ရုပ်အလောင်းအား သူးမွဲခီးရွာအနီးရှိ မော်လီချိုင်းကျေးရွာသုသာန်သို့ ပို့ဆောင်သၤဂြိုလ်ကြ မည် ဖြစ်သည်။



















