Home သတင်း ကြာအင်းဆိပ်ကြီးတွင် H1N1 သံသယ လူနာ ၂ ဦး စတင်တွေ့ရှိ

ကြာအင်းဆိပ်ကြီးတွင် H1N1 သံသယ လူနာ ၂ ဦး စတင်တွေ့ရှိ

2204

သြဂုတ် ၂၃ ရက်၊ ၂ဝ၁၇ ခုနှစ်။ စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ ပြည်သူ့ဆေးရုံ၌ အဖျားရောဂါခံစားနေရသူ လူနာ ၄ ဦးထဲမှ ကျားတစ်ဦးနှင့် မတစ် ဦးတွင် ရာသီတုပ်ကွေး လက္ခဏာ A အမျိုးအစားတွေ့ရှိရပြီး H1N1 သံသယလူနာအဖြစ်ထားရှိသည်ဟုမြို့နယ် ဆရာ ဝန်ကြီး ဒေါက်တာကျော်ဇင်ထွန်းက ယနေ့ (သြဂုတ် ၂၃ ရက်)တွင် ကေအိုင်စီသို့ ပြောသည်။

၎င်းက “ လူနာ ၄ ယောက်မှာ ၂ ယောက်က ဒီနေ့ပဲ စစ်လိုက်တော့ ရာသီတုပ်ကွေး အမျိုးအစား A ထွက်တယ်။ H1N1 တော့ အတည်မပြုနိုင်သေးဘူး။ သူတို့ရဲ့ သလိပ်ချွဲတွေကိုတော့ ဒီနေ့ပဲ ရန်ကုန် အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနကို ပို့ထားတယ်။ ဟိုကနေ အဖြေရလာမှပဲ H1N1 ဟုတ်မဟုတ်ဆိုတာ အသေးစိပ် ပြောနိုင်မယ်။ A အမျိုးအစား ဖြစ်တဲ့ အတွက်ကြောင့် သံသယလူနာအနေနဲ့ ထားထားတယ်” ဟု ပြောသည်။

အဖျားရောဂါ ခံစားနေရသူ ကျန် ၂ ဦးမှာ ကျန်းမာရေးကောင်းမွန်နေပြီး ရာသီတုပ်ကွေး ဖြစ်ပွားသည့် ကာလ ဖြစ်သည့် အတွက် လက်ကိုမကြာခဏဆေးကြောရန်၊ လူစုလူဝေးရှိသည့် နေရာများတွင် မသွားလာရန်နှင့် ကျန်းမာရေးဌာနမှ ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ကြရန် ဒေါက်တာကျော်ဇင်ထွန်းက တိုက်တွန်း ပြောဆိုသည်။

အဆိုပါ H1N1 သံသယရှိ လူနာနှစ်ဦးသည် ကြာအင်းဆိပ်ကြီးမြို့ပေါ်တွင် နေထိုင်သူများဖြစ်ပြီး မိသားစုဝင်များသည် လွန်ခဲ့သည့် ၁၀ ရက်ခန့်က ရန်ကုန်မြို့သို့ ခရီးထွက်ခဲ့မှုများရှိသည်ဟု ဒေသခံများထံမှ သိရသည်။

ကရင်ပြည်နယ်အတွင်း H1N1 ဖြစ်ပွားသူ ၂ ဦးရှိပြီး တစ်ဦးသေဆုံးသွားသည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားသည်။ တစ်နိုင်ငံလုံးတွင် ၂၄၂ ဦးဖြစ်ပွားပြီး ၂၅ ဦးသေဆုံးသွားသည်ဟု သတင်းထုတ်ပြန်ချက်များအရ သိရသည်။