ဇူလိုင် ၁၃ ရက်၊ ၂၀၁၇ ခုနှစ်။ နောသမိန့်အိမ်
မိုးတဖွဲဖွဲရွာနေတဲ့ နေ့တစ်နေ့ရဲ့ နေ့လယ်ပိုင်းအချိန်မှာ “ဘုန်းကြီးလာခေါ်ခိုင်းတယ်။ ကားပေါ်တက် တိုက်ပွဲဖြစ်မယ်။ ဒီမှာ နေလို့မရဘူး”
အဲဒီအသံကြောင့်ဘဲ ကိုယ်ဝန် ၄ လ လွယ်ထားရတဲ့ နော်လားတစ်ယောက် မဲ့သဝေါဆေးခန်းမှာ ကိုယ်ဝန်အတွက် အာဟာရဖြစ်စေတဲ့ ပဲသွားထုတ်ယူနေစဉ်မှာဘဲ အိမ်ကိုပြန်ပြေးလာရပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ စစ်ဘေးရှောင်ခဲ့ရတယ်။
ဒါကတော့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်းက မြန်မာအစိုးရတပ်မတော်နဲ့ DKBA (ခွဲထွက်) အဖွဲ့တို့ အကြား ဖြစ်ပွားခဲ့တဲ့ မဲ့သဝေါဒေသ တိုက်ပွဲမစတင်မီတစ်ရက်အလို စက်တင်ဘာလ ၁ဝ ရက်နေ့မှာ မြိုင်ကြီးငူ ဆရာတော်ကြီးရဲ့ အကူအညီနဲ့စစ်ဘေးရှောင်စခန်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အခြေအနေလေးပါ။
သူမ အဲဒီလိုထွက်ပြေးလာရတုန်းကလည်း ကျန်တဲ့ကလေး ၄ ယောက်ကို အိမ်ပေါ်မှာ တစ်ယောက်မှမတွေ့တော့လို့ ဘာပစ္စည်းမှ မယူနိုင်တော့ဘဲ စိတ်ဒုက္ခကြီးစွာနဲ့ လိုက်လာခဲ့ရပါတယ်။ ညနေ ၄ နာရီကျော် အချိန်မှ ကလေးတွေနဲ့ စစ်ပြေးရှောင်စခန်းမှာ ပြန်ဆုံခဲ့ရတယ်လို့ သူမထွက်ပြေးလာရစဉ် အခြေအနေကိုပြန်လည်ပြောပြပါတယ်။
စစ်ပြေးရှောင်တယ်ဆိုတာ သူမတို့လို ဒေသခံတွေအတွက် မရိုးတော့သလို အရင်က တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပစ်ကြပြီး ဆိုရင် တောတောင်ထဲမှာ ၂ ရက် ၃ ရက်လောက် ခဏပုန်းရှောင်ပြီး အိမ်မှာပြန်လာနေလို့ရတဲ့အခြေအနေပါ။ အခု တစ်ခေါက် လည်း ကားနဲ့လာခေါ်ပြီး မြိုင်ကြီးငူမှာ ခဏဘဲ ခိုရမယ်လို့ ထင်ထားပေမယ့် တစ်လပြီး တစ်လ တစ်နှစ်ပြည့်ခါနီးအချိန်အထိ သူမအိမ်ပြန်ခွင့်မရသေးပါဘူး။
ကရင်ပြည်နယ်က နာမည်ကြီး ကျုံထော်ရေတံခွန် သွားရာလမ်းဘေးက ကွင်းပြင်ကြီးထဲမှာတောင်ထန်းနဲ့မိုးပြီး ဂုံနီအိတ်အကာအရံနဲ့ တဲကလေးတွေ အတန်းလိုက်ဆောက်ထားတာကို တွေ့မြင်ရတာဟာ ကရင်ပြည်နယ်သူ ပြည်နယ်သားတွေအတွက် ထူးဆန်းတဲ့မြင်ကွင်းမျိုးတော့ မဟုတ်တော့ပေမယ့် အဲဒီမြိုင်ကြီးငူစစ်ဘေးရှောင် စခန်းနေရာလေးကတော့ မျှော်လင့်ချက်တွေကိုယ်စီနဲ့ အိမ်အပြန်ဝေးနေဆဲဖြစ်နေသူတွေခိုလှုံရာနေရာ လေး အဖြစ်ရှိနေဆဲပါ။
၆ ပေပတ်လည်သာရှိတဲ့ အဲဒီတဲတွေဟာ လောလောဆယ်တော့ စစ်ဘေးခိုလှုံနေရသူတွေအဖို့ အကောင်းဆုံး အိမ်ပဲပေါ့။ မိသားစုအရေအတွက်ပြည့်စုံသူရှိသလို မပြည့်စုံတဲ့မိသားစု အရေအတွက်နဲ့ သားသည် မိခင်တွေ၊ ကလေးငယ်တွေပါဝင်တဲ့ မဲ့သဝေါဒေသကစစ်ပြေးရှောင်အိမ်ထောင်စု တစ်ထောင်နီးပါးဟာ အဲဒီတဲကလေး တွေထဲမှာ ခိုလှှုံနေရတာပေါ့။
အဲဒီထဲကမှ သူတို့ရဲ့မိသားစုဝင် ဒါမှမဟုတ် သူတို့ရဲ့အမျိုးသားတွေကတော့ DKBA ( တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်) အဖွဲ့ဝင်တွေဖြစ်တဲ့အတွက် တောတောင်ထဲမှာပဲ ကျန်နေခဲ့ရသူတွေရှိသလို တိုက်ပွဲကြောင့်သေဆုံးသွား သူတွေလည်း ရှိပါတယ်။ တချို့ အမျိုးသား တွေကတော့ သူတို့ယုံကြည်အားကိုးတဲ့ မြိုင်ကြီးငူဆရာတော်ကြီးရဲ့ သာသနာပြုလုပ်ငန်းတွေဖြစ်တဲ့ ဘုရားတည်၊ ကျောင်းဆောက် လမ်းတံတားပြင်တဲ့အလုပ်တွေထဲမှာ ကုသိုလ်ပြုလုပ်အားပေးသွားရောက်လုပ် နေတယ်လို့ သိရပါတယ်။
တစ်ဖက်နဲ့တစ်ဖက် တိုက်ပွဲဖြစ်ကြပြီးဆိုရင် သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေအပြင် မိသားစုဝင်တွေဟာ ဒီလိုပြေး လွှားပုန်းရှောင်ပြီး အနာဂတ်မသေချာသေးတဲ့စစ်ဘေးရှောင်ဘဝနဲ့နေချင်ကြမှာမဟုတ်သလိုပဲ မပြည့် စုံတော့တဲ့ မိသားစုဘဝတွေ၊ စိတ်ဒဏ်ရာတွေဖြစ်စေတဲ့ စစ်ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို အမျိုးသားတွေနည်းတူ အမျိုးသမီးတွေ ဟာလည်း ထပ်တူခံစားခဲ့ကြရတာဖြစ်ပါတယ်။
အသက် ၃ဝ ကျော်အရွယ် ကလေး ၆ ယောက်မိခင် နော်လားကတော ့“ယောက်ျားက DKBA ဖြစ်လို့ ဒီမှာ လာမရဲဘူး။ တောထဲမှာကျန်ခဲ့တယ်။ ဒုတိယကလေးက ကိုရင်ဖြစ်လို့ မဲ့သဝေါမှာဘဲကျန်နေတယ်။ ကလေးအငယ်တွေကတော့ သူငယ်နာဖြစ်တာလားမသိဘူး၊ ခဏခဏ နေမကောင်းဖြစ်နေတယ်” လို့ပဲ နေမကောင်းတဲ့ကလေးကိုကြည့်ရင်း သူမက ပြောပါတယ်။
သူမ အမျိုးသားမရှိတဲ့ကြားက ကလေးငယ်တွေကလည်း ခဏခဏနေမကောင်းဖြစ်လို့ သူမအရမ်းကို စိတ်ညစ်ရတယ်။ သူမအမျိုးသားပြန်လာရင် သူမအတွက်အားရှိပြီလို့ ဖွင့်ဟပြောလာပါတယ်။ ကလေးငယ်လေးနဲ့ စခန်းမှာ အခြားဘဝတူတွေနဲ့နေရင်း ကလေးမီးဖွားချိန် အမျိုးသားကမရှိ၊ ကလေးတစ်ဖက်နဲ့ တစ်ယောက်ထဲ ရုန်းကန် နေရတာ စဉ်းစားကြည့်ရင်းနဲ့ပဲ စိတ်မကောင်းဖြစ်မိတယ်။
သူမနည်းတူ ယောက်ျားမပါဘဲ ကလေးတွေနဲ့နေပြီးစခန်းမှာ ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေ များစွာရှိနေပါ သေးတယ်။ သူတို့အမျိုးသားတွေက မိုင်းထိပြီးသေတဲ့လူလည်း ရှိတယ်။ တိုက်ပွဲထဲမှာ ကျဆုံးသွား တဲ့လူတွေရှိ တယ်။ လက် နက်ကိုင်ပြီးတောထဲမှာ နေတဲ့လူတွေလည်း ရှိနေပါတယ်။ တိုက်ပွဲတစ်ခါဖြစ်ရင် အရင် ဒုက္ခရောက် တာက အမျိုးသမီးနဲ့ ကလေးတွေဘဲဆိုတာ ဒီစခန်းထဲက ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေက သက်သေပါပဲ။
အခုလက်ရှိ မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းမှာခိုလှုံနေတဲ့ အမျိုးသမီးတော်တော်များများမှာ အသက် ၃ဝ ကျော် ရောက်တာနဲ့ အနည်းဆုံး ကလေး ၄ ယောက် ရှိနေပြီးဖြစ်လို့ အမျိုးသားမရှိတော့တဲ့ မိခင်တွေ အတွက်ကတော့ စစ်ဘေးရှောင်စခန်းထဲ က စားဖို့ သောက်ဖို့အကူညီအနည်းငယ်နဲ့ ခက်ခဲတဲ့နေရက်တွေကို ဖြတ်သန်းနေရ ဆဲဖြစ်ပါတယ်။ သူတို့ ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာ ဘယ်လိုများဖြစ်နေကြမလဲ။
စခန်းထဲမှာ ကိုယ်ဝန်ဆောင်တဲ့အမျိုးသမီးတွေအများစုက ကလေးမွေးချိန်အထိ ကောင်းမွန်စွာ အဟာရ မရလို့ သူတို့မွေး လာတဲ့ ကလေးတွေကလည်း အဟာရ ချို့ချို့ တဲ့တဲ့ နဲ့ရှိနေတာအများအပြားဘဲ တွေ့မြင်နေရတယ်။ တချို့ကလေးတွေဆိုရင် အသက်အရွယ်နဲ့ မလိုက်အောင် ဆေးလိပ်ကြီးဖွာပြီးသောက်တာကိုမြင်ရတော့ တကယ့်ကို စိတ်မကောင်းစရာပါ။
လူဦးရေ (၄ဝဝဝ) လေးထောင်စာ ထမင်းစားဖို့အတွက် ထမင်းချက်ဓမ္မာရုံထဲမှာ ပေါင်းအိုး ၄လုံးနဲ့ ရွာအလိုက် အလှည့် ကျ ချက်ရပါတယ်။ ထမင်းကျက်ရင် တဲကလေးမှာနေတဲ့ လူတွေက တစ်အိမ်စာ စားဖို့အတွက် ထမင်းဝေတဲ့နေရာမှာ လာယူပြီး တဲကလေးထဲမှာ သူတို့မိသားစုနဲ့ သူတို့စုပေါင်းပြီး ထမင်းပြန်စားရပါတယ်။ ထမင်း ဝိုင်းမှာက ငရုပ်သီး နဲ့ဆားနဲ့ ရောထောင်းထားတဲ့ ငရုပ်သီးထောင်းရယ်၊ ထမင်းဖြူရယ်၊ ပြီးတော့ တို့စရာ အနည်းငယ်ရယ်နဲ့ပေါ့။ ဒါတွေဟာ သူတို့အ သက်ဆက်ဖို့အတွက် အားပြုနေရတဲ့နေ့စဉ် ဟင်းလျာတွေပါ။
“ကျမတို့ရွာမှာနေရင် အိမ်နောက် သွားတာနဲ့ တို့စရာရှာခူးလို့ရပြီး ဒီမှာထမင်းစားတာ တို့စရာတောင် တစ်ခါ တစ်လေဘဲရှိတယ်။ အပြင်မှာသွားခူးတော့ သူများခြံထိတယ်၊ သူများအော်တယ်။ ” ဆိုပြီး ထီးကလိုသော ရွာက အသက် ၅ဝ ကျော်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“တို့ရွာမှာက အရမ်းပျော်တယ်။ ပူရင်ချောင်းထဲမှာ ရေသွားချိုးရင်း တို့စရာခူးစားလို့ရတယ်။ ချောင်းနားမှာ တို့ စရာတွေအများကြီး။ ရေကလည်းအ ရမ်းကောင်း။ အိမ်မှာ ဂျပ်ခုတ်နဲ့ ယက်လုပ်ထားတဲ့ အကျင်္ီ၊ ထဘီ အသစ် တွေရှိတယ်။ ဒါပေမဲ့ အဲဒါတွေ သူများယူလိုက်ကုန်ပြီး” လို့ သူမရဲ့အတိတ်က အခြေအနေကို အဲဒီအမျိုးသမီးက ပြောပြပါတယ်။
သူမကတော့ ပြုံးနေရင်း ပြောပြတယ်ဆိုဒါပေမဲ့ ညှိုးငယ်နေတဲ့မျက်လုံးတစုံက သူမဘယ်လိုခံစားနေရတယ်ဆိုတာကို သွယ်ဝိုက်ပြောပြသလို သိသာလှပါတယ်။
စစ်ပြေးရှောင်တွေ အများစုဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုသာပါလာကြပြီး တစ်နှစ်စာ စားဖို့အတွက် သူတို့စိုက် ထားတဲ့တောင်ယာစပါး၊ နှစ်ရှည်လများစိုက်ပျိုးထားတဲ့သီးနှံပင်၊ သူတို့အသက် မွေးဝမ်းကျောင်းအတွက် ကျွဲ၊ နွား၊ ဝက်၊ ကြက် ဘာတစ်ခုမှ ယူဆောင်နိုင်ခြင်းမရှိပဲ လူမရှိတော့တဲ့ ရွာထဲမှာပဲ အကုန်ချန်ထားပစ်ရပါတယ်။
ရွာမှာ ကျန်တဲ့ တစ်ချို့အိမ်တွေက မီးရှှို့ဖျက်ဆီးခံရပြီး အိုးခွက်ပန်းကန် အဝတ်အစားတွေကတော့ လမ်းပေါ် မှာ ပြန့်ကျဲနေသလို ကျွဲ၊ နွားတွေကလည်း မိုင်းထိလို့ လမ်းဘေးနားမှာ ကြည့်မကောင်းစရာဘဲလို့ ရွာခဏပြန်ကြည့်တဲ့ အမျိုးသားတစ်ချို့က ပြန်ပြောပြပါတယ်။ သူတို့တွေဟာ ထမင်းစားရင် ငရုပ်သီးပါမှ စားတတ်သလို ကွမ်းသီး မဝါးရရင် မနေနိုင်တဲ့သူတွေပါ။ သူတို့်ရွာမှာ စိုက်ထားတဲ့ အသီးအနှံလေးတွေ ပြန်ယူရင်း မိုင်းနင်းမိလို့ သေဆုံးရတဲ့လူတွေလည်း ရှိပါသေးတယ်။
မြိုင်ကြီးငူစစ်ပြေးရှောင် စခန်းမှာဆိုရင် လက်ရှိအချိန်မှာ မြိုင်ကြီးငူဆရာတော်က အေးလင်းမြတ်ရှင်စခန်းနဲ့ မြတ် ပန်းဝတ်မှှုံစခန်း ၂ ခုဖွင့်လှစ်ပေးထားပြီးတော့ လတ်တလော ရရှိထားတဲ့ စာရင်းအရ အိမ်ခြေပေါင်း ၁၀၀၇ လုံး ရှိပြီး လူဦးရေးက စုစုပေါင်း ၅,၅၂၆ ယောက်က အဲဒီစစ်ပြေးရှောင်စခန်းမှာ ရှိနေပါသေးတယ်။
သူတို့အားလုံးပေါင်းပြီး တစ်ရက်ကို စုစုပေါင်း ဆန်အတင်း ၃ဝ လောက်ကုန်တဲ့အတွက် သူတို့စားဖို့ ဆန်ကိုတော့ အဖွဲ့အစည်းကြီးတွေထဲက လစဉ်ပုံမှန်လာလှူပေးတာမဟုတ်ဘဲ ပရဟိတအဖွဲ့ငယ်လေးတွေသာ သူတို့ကိုလာ ထောက်ပံ့ တယ်လို့ စခန်းတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ စောထွန်းဝင်းက ပြောပြပါတယ်။
“ဆန်နည်းလာပြီးဆိုရင် ကျနော်တို့က ပူရပြီ။ ကျနော်လည်း စစ်ပြေးရှောင်ဘဲ အကုန်လုံးစားရဖို့ အလှူရှင်တွေထံ တစ်ခါ တစ်လေ ဆန်ကုန်ခါနီးရင် လှမ်းအသိပေးတယ်။ ဒါကုန်ရင် ဘယ်အလှူရှင် လာလှူမလဲစောင့်နေတယ်။ အလှူရှင်ရှိမှ ကျနော် တို့စစ်ပြေးရှောင်က ထမင်းစားရတာ” လို့ သူကတော့ ပြောပြရှာတယ်။
အချို့လတွေမှာတော့ ကရင်ပြည်နယ်အစိုးရကနေ တစ်လကို ဆန်အတင်း ၅ဝ လောက် လာပေးတာရှိ ပေမယ့်လည်း တချို့လတွေမှာတော့ မည်သူတစ်ဦးတစ်ယောက်မှ လာမလှူတာလဲရှိပါတယ်။ ဒီလိုဖြစ်ပျက် နေတဲ့အခြေအနေ အားလုံးအတွက် စစ်ဘေးရှောင်တွေမှာ အပြစ်မရှိ၊ စစ်ပွဲဖန်တီးသူတွေမှာသာ တာဝန်ရှိတယ်လို့ပဲ ကျမ မြင်မိပါတော့တယ်။
တိုက်ပွဲ နည်းနည်းငြိမ်ရင် အိမ်ပြန်တော့မယ်လို့ စဉ်းစားထားတဲ့ သူတို့အတွက် အိမ်ပြန်သူတွေမိုင်းထိ တာများ တော့မြိုင် ကြီးငူဆရာတော်ရဲ့ ပြန်ခွင့်အမိန့် မကျသရွေ့ အိမ်မပြန်ဘူးလို့ သူတို့ခံယူချက်တွေရှိပြန်တယ်။ ဒီအချိန်မှာ ဘာဖြစ်ချင်လဲ၊ ဘာရည်မှန်းထားလဲမေးရင် အိမ်ပြန်ပြီး ယခင်တောင်ယာစိုက် မွေးမြူရေး လုပ်တဲ့ အလုပ်ကို ပြန်လုပ်မယ်။ ရည်မှန်း ချက်ကိုသာရှိပေမယ့် ဆရာတော်မပြန်ခိုင်းသရွေ့ သူတို့ဘယ်တော့မှ မပြန်၊ ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ ဆရာတော် အလုပ်ကိုသာလုပ်မယ်လို့ တော်တော်များများက အဲလို ပြောကြပါတယ်။
ကျန်းမာရေး၊ ပညာရေးအတွက်ကတော့ အဲဒီစခန်းမှာဘဲ သူငယ်တန်းကနေ ၄ တန်းအထိ အစိုးရက ချထားပေးတဲ့ ဆရာ၊ ဆရာမတွေရှိပြီးတော့ ကျန်းမာရေးအတွက်ဘက်ကပြန်ကြည့်ရင် ဆေးပေးခန်းတစ်လုံးဖွင့်ထားပေးပေမယ့်လည်း ဆေးလုံ လောက်မှုမရှိလို့ မြိုင်ကြီးငူ တိုက်နယ်ဆေးရုံကိုသာသွားပြီး ဆေးကုသမှုတွေခံယူ နေရပါတယ်။
နှစ်ဖက်ကြားက ထောင်ထားတဲ့မြေမြုပ်မိုင်းကြောင့် သူတို့ရွာပြန်နေထိုင်လို့ မရတဲ့အကြီးမားဆုံး အခက်အခဲဖြစ်တဲ့အတွက် နှစ်ဖက်တပ်ကနေပြီး မြေမြုပ်မိုင်းအမြန်ရှင်းပေးဖို့ သူတို့မျှော်လင့်နေပါတယ်။ မြေမြုပ်မိုင်း ရှင်းနိုင်ရင်သူတို့ အိမ်ပြန်ပြီး ငြိမ်းချမ်းစွာနဲ့လုပ်ကိုင်စားသောက်နိုင်မယ်။ မြေမြုပ်မိုင်း ရှင်းလင်းရုံနဲ့ဒီပြဿနာတွေ ပြေလည်သွားမှာလား၊ မြေမြုပ်မိုင်းထောင်ရတဲ့အခြေအနေဖြစ်တဲ့တိုက်ပွဲတွေ နောက်ထပ် မဖြစ်ရအောင် စွမ်းဆောင်ပေးနိုင်မှသာလျှင် သူတို့တွေရဲ့ဘဝလုံခြုံပြီး အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်မယ်လို့ ကျမ မြင်မိပါတော့တယ်။
သူတို့နည်းတူပါဘဲ လွန်ခဲ့တဲ့ နှစ် ၃ဝ ကျော်က အစိုးရတပ်မတော်နဲ့ ကရင်လက်နက်ကိုင်ကြားမှာ ဖြစ်ပွား ခဲ့တဲ့တိုက်ပွဲတွေကြောင့် ကရင်လူမျိုးအများအပြားဟာ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုမှာ သွား ရောက်နေခိုလှှုံနေရပါတယ်။ အဲဒီစခန်း ၉ ခုမှာတော့ UN က ထောက်ပံ့မှုကြောင့် ဒုက္ခသည်တွေ အဆင် ပြေစွာနေထိုင်စားသောက်နိုင်သလို တချို့ဒုက္ခသည်တွေလည်း အခြား တတိယနိုင်ငံမှာ သွားရောက် ပြောင်းရွှေ့နေထိုင်တာလည်း ရှိပါတယ်။
၂၀၁၅ခုနှစ်မှာ ကရင်လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရတို့ တစ်နိုင်ငံလုံး အပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် -NCA လက်မှတ်ထိုးပြီးနောက်ပိုင်းမှာ ပွင့်လင်းလာမှုရှိလာပြီး နယ်စပ်မှာနေထိုင်တဲ့ ဒုက္ခသည်တချို့လည်းပြည်တွင်းမှာ ပြန်လာနေပြီးရှိသလို တချို့လည်း ပြန်လာဖို့ စတင်စီစဉ်နေပြီးလို့လည်း သိရပါတယ်။
အခုလို ပွင့်လင်းမြင်သာမှု ရှိလာတဲ့အချိန်မှာ မြိုင်ကြီးငူစစ်ပြေးရှောင်စခန်းက စစ်ပြေးရှောင် ၅ ထောင်ကျော်ရှိလာတယ် ဆိုတော့ ကရင်ပြည်နယ်အတွက် အေးချမ်းနေပြီးလို့ ကျမတော့ မထင်ပါဘူး။ စစ်ပြေးရှောင် ၅ထောင်ကျော်အတွက် ဘယ်သူ့မှာ တာဝန်ရှိလဲ။ သူတို့တွေ အိမ်ပြန်ချိန်ဝေးနေအုံးမှာလား။ အခုချိန်ထိသူတို့ တွေဘာကြောင့် နေရပ်ပြန်ဖို့ မစီစဉ်သေးတာလဲ မေးခွန်းထုတ်ချင်စရာပါဘဲ။
ပြီးခဲ့တဲ့နှစ်က ကိုယ်ဝန်နဲ့မြိုင်ကြီးငူမှာ စစ်ဘေးရှောင်လာရတဲ့ နော်လားတစ်ယောက် တစ်နှစ်နီးပါး အချိန်ကာ လကျော် လွန်ပြီးတဲ့နောက်မှာ အခုတော့ ၅ လသားအရွယ် သမီး တစ်ယောက်မွေးဖွားခဲ့ပြီပေါ့။ သူမ ဒီစစ်ဘေး ရှောင်စခန်းမှာ ကလေးငယ်လေးတွေနဲ့ ဘယ်အချိန်အထိနေရမလဲ။ သူ့ယောက်ျားနဲ့ကော ဘယ်တော့ပြန်ဆုံနိုင်မလဲ။ မိသားစုစုံစုံလင်လင် နဲ့ အေးချမ်းတဲ့ဘဝ ဘယ်တော့ ပိုင်ဆိုင်ခွင့်ရမလဲ။ ၅ လသားအရွယ် သူ့သမီးလေးအနာဂတ်ကရော ဘာတွေဖြစ်မလဲ။
နော်လားတစ်ယောက် အတွေးပေါင်းများစွာနဲ့ခါးသီးတဲ့နေ့ရက်တွေကို ဖြတ်သန်းနေရအုံးမှာပါလား ဆိုတဲ့အတွေးကို တွေးမိရင်း သားသည်မိခင်တွေ၊ အထူးသဖြင့် စစ်ဘေးကြောင့်ဒုက္ခမျိုးစုံကြားမှာ ခက်ခဲစွာအမျိုးသမီးရဲ့ခံစား ချက်ကိုထပ်တူခံစားမိရင်း မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းအပြန်ခရီး ကျမခြေလှမ်းတွေ လေးလံနေမိပါတော့တယ်။