ဇွန် ၁၄ ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး
ကမ္ဘာ့ကုလသမဂ္ဂ(UN)အဖွဲ့နှင့် နိုင်ငံတကာအစိုးရများအနေဖြင့် မြန်မာ့ ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်တွင် နို်င်ငံရေး အရ ကြားဝင်စွက်ဖက်ရန် လိုအပ်ကြောင်း ဩစတြေးလျား ကရင်အမျိုးသားအဖွဲ့အစည်း-AKOမှ ယခု ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်၍ တိုက်တွန်း ပြောဆိုလိုက်သည်။
နိုင်ငံတကာအနေဖြင့် လက်ရှိဖော်ဆောင်နေသည့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အပေါ်ယံအခြေအနေများကိုသာ မရှုမြင်ဘဲ ပကတိအခြေအနေပေါ်အခြေခံရှုမြင်၍ နိုင်ငံရေးအရ ဖိအားပေးဆောင်ရွက်သွားမှသာ စစ်မှန်သည့် ငြိမ်းချမ်းရေးကို ရရှိမည်ဟု ယူဆကြောင်း AKO၏ ပြောခွင့်ရ စောလွင်ဦးက ကေအိုင်စီသို့ ယခုလိုပြောသည်။
၎င်းက “International အသိသက်သေဆိုလည်း သူတို့လက်မခံဘူး။ UN စသည်အားဖြင့် ဒီလိုအဖွဲ့အစည်းတွေရဲ့ က မကထလည်း လက်မခံဘူး။ ပြီးတော့ သူတို့ လုပ်တာကလည်း ဒီအစိုးရနဲ့ဒီကဖွဲ့တဲ့ ငြိမ်းချမ်းရေး ကော်မတီ၊ တိုင်းရင်းသား ဆိုတာလည်း သူတို့လှည့်ချင်သလိုလှည့်တော့ တဖြည်းဖြည်းနဲ့ မအူမလည် ဖြစ်လာရော။ ဆိုတော့ ကျနော်တို့မြင်တာက နိုင်ငံတကာက နိုင်ငံရေးအရ ဝင်စွက်ဖက်တဲ့ အခန်းကဏ္ဍက မြန်မာပြည်မှာ တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်လာမယ်လို့ ကျနော်တို့ အဲ့လိုယူဆတယ်”ဟု ပြောသည်။
ထို့အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုများအပေါ် ကြိုဆိုသော်လည်း ဦးသိန်းစိန် ဦးဆောင် သည့် အစိုးရလက်ထက်မှစ၍ လက်ရှိအချိန်အထိ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တိုးတက်မှုမရှိဘဲ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအပေါ်တွင် နိုင်ငံရေး မူဘောင်များကိုပေးထားခြင်းမှာ အားနည်းချက်ဖြစ်နေပြီး ၎င်းဖွဲ့စည်းပုံ အပြင်ဘက်၌ လုပ်မှသာလျှင် စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအဖြေရမည်ဟုလည်း စောလွင်ဦးက ဆက်ပြောသည်။
အဆိုပါ ထုတ်ပြန်လိုက်သည့် AKO၏ ထုတ်ပြန်ချက်သည် ယခင် မေလ ၂၄ ရက်နေ့က ဖလာခိုဒေသနှင့် အီးတူထာ့ ပြည်တွင်းစစ်ရှောင်ဒုက္ခသည်များမှ ထုတ်ပြန်တောင်းဆိုထားသည့် ၎င်းတို့နေရပ်သို့ ဘေးကင်းလုံခြုံစွာပြန်နိုင်ရေး မြန်မာစစ်တပ်စခန်း ၁၇ ခုကို ရုတ်သိမ်းပေးရမည်ဟု ထုတ်ပြန်တောင်းဆိုချက် အပေါ်အခြေခံ၍ ထုတ်ပြန်ထားခြင်းဖြစ်ပြီး ၎င်းဒေသခံများနှင့် IDPများ၏ထုတ်ပြန်တောင်းဆိုချက်အပေါ် သဘောတူထောက်ခံကြောင်း AKOက ပြောဆိုသည်။
ငြိမ်ချမ်းရေးဖြစ်စဉ်များနှင့်အတူ ပြည်တွင်းစစ်ရှောင် IDPများအပေါ် စားနပ်ရိက္ခာများဖြတ်တောက်ခြင်းနှင့် ၎င်းတို့နေရပ်သို့ ပြန်လည်နေထိုင်ရန် ဖိအားပေးမှုများရှိလာသည့်အပေါ် IDP များအနေဖြင့် ၎င်းတို့နေရပ်သို့ ဘေးကင်းလုံခြုံစွာပြန်လည်နေ ထိုင်နိုင်ရေးအတွက် မေလ၂၄ ရက်နေ့က အီးတူထာ့ပြည်တွင်းပုန်းရှောင် ဒုက္ခသည်များမှ အချက် (၆)ချက်ပါ ထုတ်ပြန်ချက်ဖြင့် ထုတ်ပြန်တောင်းဆိုထားခြင်းဖြစ်သည်။
ထိုကဲ့သို့ စစ်ပြေးရှောင်များနှင့် ဒုက္ခသည်များရင်ဆိုင်ကြုံတွေ့နေရသည့် ပကတိအခြေများကိုသေချာရှုမြင်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်အရ ယခင်ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးများအပေါ် အ ပေါ်ယံအခြေအနေများအဖြင့်ရှုမြင်နိုင်ရန် UN အပါအဝင် နိုင်ငံတကာအစိုးရများကို ယခု ထုတ်ပြန်ချက်ဖြင့် မီးမောင်းထိုးပြ လိုက်ခြင်းဖြစ်သည်ဟု AKOက ဆိုသည်။
၎င်းအပြင် AKO ၏ ထုတ်ပြန်ချက်တွင် မြန်မာပြည်မြောက်ပိုင်းရှိ ကချင်နှင့်သျှမ်း(ရှမ်း) ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ထိုးစစ်ဆင်မှုများကြောင့် စစ်ပြေးရှောင် IDP တစ်သိန်းကျော်အတွက် လိုအပ်သည့် လူသားချင်းစာနာမှု အကူအညီများကို ကူညီထောက်ပံ့ရာတွင် အဟန့်အတားဖြစ်ပေါ်စေသည့်အပေါ် အမျိုးသားဒီမိုကရစီအဖွဲ့ ချုပ် (NLD) ဦးဆောင်သည့် အစိုးရ အနေဖြင့် စစ်တပ်၏ ထိုးစစ်များကို ရပ်စဲရန် ညွှန်ကြားပေးရန် တောင်းဆိုလိုသည်ဟု လည်းဖော်ပြပါရှိသည်။
AKO အဖွဲ့သည် ၁၉၉၆ ခုနှစ်တွင် နိုင်ငံရေးအခြေအနေအရ ဩစတြေးလျား နိုင်ငံတွင် ရွှေ့ပြောင်းနေရာချထားခံရသည့် ကရင်ပြည်သူလူထုများအတွက် ကူညီဆောင်ရွက်ပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ကော်မတီတစ်ခုကို စတင်ဖွဲ့စည်းခဲ့ပြီး နောက် ၁၉၉၈ခုနှစ်၊ ဇွန်လိုင် ၁၆ရက်နေ့တွင် Australian Karen Organisation (AKO)အဖွဲ့ အနေဖြင့် ဩစတြေးလျား အစိုးရမှ အသိအမှတ်ပြုခဲ့သည်။



















