Home သတင်း ပြည်နယ်ရှိ လိုင်စင်မဲ့ယာဉ်များကို အဆင်‌ပြေမည့်နည်းဖြင့် ‌ဆောင်ရွက်ရန် လူမှုအသိုင်းအဝိုင်းတိုက်တွန်း

ပြည်နယ်ရှိ လိုင်စင်မဲ့ယာဉ်များကို အဆင်‌ပြေမည့်နည်းဖြင့် ‌ဆောင်ရွက်ရန် လူမှုအသိုင်းအဝိုင်းတိုက်တွန်း

1997

ဇွန် ၁၄ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်ပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ယာဉ်များကို ပြည်နယ်အစိုးရအ‌နေဖြင့် ကိုင်တွယ်‌ဆောင်ရွက်ရာတွင် ပြည်သူလူထု အားလုံးအတွက် အဆင်‌ပြေ‌စေမည့် နည်းလမ်းများဖြင့် စီစဉ်‌ဆောင်ရွက်‌ပေးရန် ကရင်အဖွဲ့အစည်းများနှင့် ပြည်သူလူထုများက တိုက်တွန်း‌ပြောဆိုလိုက်သည်။

လိုင်စင်မဲ့ယာဉ်များကို အသုံးပြု၍ ဥပ‌ဒေချိုး‌ဖောက်မှုများ မကြာခဏဖြစ်ပွားကာ တရားဥပ‌ဒေစိုးမိုး‌ရေးကို ခြိမ်း‌ခြောက်‌နေ သဖြင့် ဖားအံမြို့အတွင်း လိုင်စင်မဲ့ယာဉ်များ ‌မောင်းနှင်ခြင်းမပြုရန် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အပါအဝင် ‌ဒေသတွင်း လက်နက်ကိုင်အဖွဲ့သုံးဖွဲ့သို့ ကရင်ပြည်နယ်အစိုးရက ဇွန်လ ၅ ရက်စွဲဖြင့် အသိ‌ပေးအ‌ကြောင်းကြား စာ‌ပေးပို့ ခဲ့မှုအ‌ပေါ် ကရင်အဖွဲ့အစည်းနှင့်လူထုများက ယခုလို ပြည်နယ်အစိုးရအား ပြန်လည် တိုက်တွန်း ခြင်းဖြစ်သည်။

လိုင်စင်မဲ့ယာဉ်များအား အသုံးပြု၍ တရားဥပ‌ဒေစိုးမိုး‌ရေးနှင့် လိုင်စင်ယာဉ်‌ရောင်းချ‌နေကြသည့် လုပ်ငန်းရှင်များ အတွက် ထိခိုက်မှုရှိပြီး အခြားတဘက်တွင်
ယင်းလိုင်စင်မဲ့ယာဉ်များကို အသုံးပြု၍ ပြည်သူလူထုများအတွက် စားဝတ်‌နေ‌ရေး၊ သွားလာ‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေးနှင့် ‌ဒေသဖွံ့ဖြိုး‌ရေးအတွက်များစွာအ‌ထောက်အကူပြု‌စေသည့်အပြင် ပြည်နယ် အစိုးရ အတွက် ဘဏ္ဍာ‌ငွေလည်းရရှိ‌သော‌ကြောင့် လုပ်ငန်းရှင်များနှင့် ပြည်သူလူထုအတွက် အဆင်‌ပြေနိုင်သည့် နည်းလမ်း များကို ‌ဖော်‌ဆောင်သင့်သည်ဟု ပြည်နယ်လမ်းပန်းနှင့် ဆက်သွယ်‌ရေးဝန်ကြီး‌ဟောင်းလည်းဖြစ်၊ ဖလုံ-စ‌ဝေါ် ဒီမိုကရက် တစ်ပါတီ ဥက္ကဌလည်းဖြစ်သည့် ‌စောခင်‌မောင်မြင့်က ‌ပြောသည်။

၎င်းက “နယ်စပ်‌ဒေသမှ ‌ပေးဝင်ပြီး‌တော့မှ လူထုလက်မှာ‌ရောက်‌တော့မှ ပြန်ဖမ်းတယ်ဆိုရင် လူထု‌တွေကို အနိုင်ကျင့် ရာ ‌ရောက်တယ်။ အကြံပြုတိုက်တွန်းချင်တာက တရားဥပ‌ဒေလည်းစိုးမိုးမှုရှိ‌အောင် ပြည်နယ်အစိုးရအတွက်လည်း ဘဏ္ဍာ‌ငွေ အခွန်လည်းရရှိ‌အောင် လုပ်ငန်းရှင်အ‌နေနဲ့လည်း မထိခိုက်‌အောင် လူထုလည်း လုပ်စားကိုင်စားလို့ရ‌အောင် အားလုံးအ ဆင်‌ပြေ‌စေမယ့် နည်းလမ်း တစ်ခုခုကို ‌ဖော်‌ဆောင်သင့်ပြီးလို့မြင်တယ်”ဟု ‌ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဖားအံမြို့ရှိ ‌ကေအဲန်ယူ ဗဟိုဆက်ဆံ‌ရေးရုံး တာဝန်ခံ ‌စောရှီးရှိုကလည်း “ ဖြစ်သင့်တာက‌တော့ နယ်လိုင်စင်‌လေးဖြစ်‌စေ သို့မဟုတ် အသင့်အတင့်ရှိတဲ့ လိုင်စင်‌ဈေးနှုန်းနဲ့ အရစ်ကျစနစ်နဲ့ ပြည်နယ်အစိုးရက လုပ်‌ဆောင် ‌ပေးနိုင်ရင် အဆင်‌ပြေမယ်‌ပေါ့‌နော်။ အဲဒါဆို ပြည်သူလူထုလည်း ကားများကို တရားဝင်အသုံးပြုလို့ရပြီး‌တော့ အစိုးရဘက်မှာလည်း အားလုံးအတွက် အဆင်‌ပြေမယ်လို့ ‌မျှော်လင့်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ယာဉ်အချို့သည် အဖွဲ့အစည်းအမည်ကို အသုံးပြုကာ တရားမဝင်သည့် ကုန်ပစ္စည်း များတင်‌ဆောင်ကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကိုလည်း ချိုး‌ဖောက်မှုရှိပြီး ၎င်းယာဉ်များအား အသုံးပြုခြင်းဖြင့် တရားဥပ‌ဒေစိုးမိုး‌ရေးကို ထိခိုက်‌စေသလို လိုင်စင်ယာဉ်‌ရောင်းချသည့် လုပ်ငန်းရှင်များအတွက် နစ်နာမှုရှိ‌နေသဖြင့် ပြည်နယ်အစိုးရက ယခုလို ဖမ်းဆီးအ‌ရေးယူရန် ညွှန်ကြားခြင်းဖြစ်သည်ဟု ကရင်ပြည်နယ် သတင်းနှင့်ပြန်ကြား‌ရေးတာ ဝန်ခံလည်းဖြစ်၊ ဗမာတိုင်းရင်းသား‌ရေးရာ ဝန်ကြီးလည်းဖြစ်သည့် ဦး‌တေဇထွဋ် လှိုင်‌ထွေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

လိုင်စင်မဲ့ယာဉ်ဖြင့် မိသားစုအတွက် စားဝတ်‌နေ‌ရေးကို ‌ဖြေရှင်း‌နေသည့် ဖားအံမြို့ခံတစ်ဦးက“ကားဖမ်းတာက ကျ‌နော်တို့ အတွက် မထူးဆန်း‌တော့‌ပေမယ့် ကျ‌နော်တို့လိုမျိုး မရှိသူအတွက်‌တော့ အလွန်ဒုက္ခ‌ရောက်ပါတယ်။ အစိုးရက ဒီကိစ္စကို ဖမ်းဖို့ပဲ သိတယ်။ ဘယ်လို‌ဖြေရှင်း‌ပေးမလဲဆိုတာ မရှိခဲ့ဘူး။ ဖမ်းပြီး ရရှိလာတဲ့ကား‌တွေကို ဘာလုပ်လဲ‌ပေါ့။ လိုင်စင်ကားပဲ ‌မောင်းချင်တာ‌ပေါ့။ မဝယ်နိုင်ဘူး။ ‌ဒေသအတွင်း ‌မောင်းခွင့်လိုင်စင်ပဲဖြစ်ဖြစ်၊ ပြည်နယ်လိုင်စင်ပဲဖြစ်ဖြစ် ကျ‌နော်တို့ကို ချ‌ပေးပါ။ ပြည်နယ်အခွန်‌ဆောင်ပါ့မယ်။ တရားဥပ‌ဒေချိုး‌ဖောက်သူကို အ‌ရေးယူပါ။ လက်ခံပါတယ်”ဟု ‌ပြောသည်။

ပြည်နယ်အစိုးရမှ ပြီးခဲ့သည့် ဇွန်လ ၅ ရက်‌နေ့တွင် ကရင်အဖွဲ့အစည်းများသို့ ‌ပေးပို့သည့် အ‌ကြောင်းကြားစာတွင် လိုင်စင်မဲ့ယာဉ်များအား အသုံးပြု၍ ဥပ‌ဒေချိုး‌ဖောက်မှုဖြစ်စဉ်များ မကြာခဏဖြစ်ပွားလျှက်ရှိသဖြင့် တရားဥပ‌ဒေ စိုးမိုး‌ရေး လုပ်ငန်းစဉ်များကို ခြိမ်း‌ခြောက်လျှက်ရှိသည်။ ထိုယာဉ်များအား ‌ကျေးလက် ‌တောရွာများတွင်သာ ‌မောင်းရန်၊ အဖွဲ့အ စည်းယာဉ်များအ‌နေဖြင့် ဖားအံမြို့‌ပေါ်တွင်(လုံးဝ)ဖြတ်သန်းသွား လာ‌မောင်းနှင်ခြင်းမပြုရန်၊ အဆိုပါ ယာဉ်များအား ‌မောင်းနှင်ခြင်းအ‌ပေါ် ဖမ်းဆီးသွားမည်ဖြစ်ပြီး မည့်သည့် အ‌ကြောင်းပြချက်မျှ ပြန်လည်‌ပေးအပ်သွားမည်မဟုတ်‌ကြောင်း ‌ဖော်ပြပါရှိသည်။

ကရင်ပြည်နယ်တစ်ခုလုံးတွင် လိုင်စင်မဲ့ယာဉ်အသုံးပြုမှုမှာ ၉ဝ ရာခိုင်နှုန်း‌ကျော်ရှိပြီး ၎င်းလိုင်စင်မဲ့ယာဉ်များအား ပြည်နယ်အစိုးရအဆက်ဆက်တို့မှ စဉ်ဆက်မပြတ် ဖမ်းဆီးသိမ်းဆည်းမှုများရှိ‌သော်လည်း နယ်စပ်‌ဒေသမှ အဆိုပါ လိုင်စင်မဲ့ယာဉ်များအား တင်သွင်းသူများနှင့် ခွင့်ပြု‌ပေးသူများကိုမူ ပိတ်ပင် တားဆီးအ‌ရေးယူမှုများ တစ်ကြိမ်မျှ မရှိ‌သေး‌ကြောင်း ‌ဒေသခံပြည်သူလူထုများက ‌ထောက်ပြ‌ပြောဆိုကြသည်။