Home သတင်း ဖက်ဒရယ်စနစ် အာမခံချက်‌ပေးနိုင်ပါက တိုင်းရင်းသားများ ခွဲထွက်မည်မဟုတ်ဟု ကရင်ပါတီများ‌ပြောဆို

ဖက်ဒရယ်စနစ် အာမခံချက်‌ပေးနိုင်ပါက တိုင်းရင်းသားများ ခွဲထွက်မည်မဟုတ်ဟု ကရင်ပါတီများ‌ပြောဆို

2560

ဇွန် ၁၅ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောညွန့်‌သောင်း

တိုင်းရင်းသားများ လိုလားသည့် ဖက်ဒရယ်စနစ်ကို အာမခံချက်‌ပေးနိုင်ပါက မည်သည့် တိုင်းရင်းသားမဆို ခွဲထွက်မည် မဟုတ်သလို အပြန်အလှန် ထိန်းညှိနိုင်သည့် အချက်များရှိရန်လိုသည်ဟု ကရင်နိုင်ငံ‌ရေးပါတီများက ‌ကေအိုင်စီသို့ သုံး သပ်‌ပြောဆိုသည်။

ပြီးခဲ့သည့် ‌မေ ၂၄ ရက်မှ ၂၉ ရက်‌နေ့အထိ ‌နေပြည်‌တော်တွင် ကျင်းပခဲ့သည့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ညီလာခံ -၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအ‌ဝေး၊ နိုင်ငံ‌ရေး ကဏ္ဍ‌ဆွေး‌နွေးပွဲတွင် အစိုးရနှင့် တပ်မ‌တော်တို့က ခွဲမထွက်ရ ဆိုသည့် အချက်ကို ထည့်သွင်းခြင်းအ‌ပေါ် တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့များနှင့် နိုင်ငံ‌ရေးပါတီအစုအဖွဲ့တချို့တို့က ပယ်ဖျက် ရန် ကန့်ကွက်ခဲ့ရာ သ‌ဘောထားကွဲလွဲမှုများ ရှိ‌နေသည့်အတွက် ထိုအချက်ကို ဆက်မ‌ဆွေး‌နွေးဘဲ ‌ရွှေ့ဆိုင်းခဲ့သည်။

တိုင်းရင်းသားများအ‌နေဖြင့် ခွဲမထွက်ရဆိုသည့် စကားရပ်ကို မထည့်သွင်း‌စေလိုသည့် အဓိကအ‌ကြောင်းအရင်းမှာ နိုင်ငံ‌ရေး အရ မည်သည့်အာမခံချက်မျှ မရရှိ‌သေးသည့်အ‌ပေါ် တိုင်းရင်းသားများလိုလားသည့် ဖယ်ဒရယ်စနစ်ကို အာမခံချက် ‌ပေးနိုင်ပါက မည်သည့်တိုင်းရင်းသားမှ ခွဲထွက်မည်မဟုတ်‌ကြောင်း ကရင်ဒီမိုကရက်တစ်ပါတီ(KDP)ဥက္ကဌ ‌စောရဲဝင်းနိုင်က ‌ပြောသည်။

သူက “ ခွဲမထွက်ရဘူးလို့ အတင်းအဓမ္မထည့်သွင်းခိုင်းတာက‌တော့ မဖြစ်သင့်ဘူးလို့မြင်တယ်။ တိုင်းရင်းသား‌တွေ အားလုံး ရဲ့ ဆန္ဒလည်း အ‌လေးထားဖို့ လိုပါတယ်” ဟု ‌ကေအိုင်စီသို ့မှတ်ချက်ပြု ‌ပြောသည်။

အလားတူ အစိုးရနှင့်တပ်မ‌တော်တို့မှ ထည့်သွင်းလိုသည့် ခွဲမထွက်ရ စကားရပ်ကို လက်ခံနိုင်မည့်လမ်း‌ကြောင်းရှိသည်ဟု မြင်သလို တိုင်းရင်းသားများအတွက် အာမခံချက်ရှိသည့် ‌နောက်ဆက်တွဲ စာသားအပိုဒ်များကို ပြန်လည်ဖြည့်စွက် ခြင်းဖြင့် နှစ်ဦးနှစ်ဘက် ပြဿနာ‌ပြေလည်သွားနိုင်သည်ဟု ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ‌စောခင်‌မောင်မြင့်က ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ပါတီက မြင်မိတာက ခွဲမထွက်ရဆိုတဲ့ စကားရပ်ကို အစိုးရနဲ့စစ်တပ်တို့က ထည့်သွင်းချင်ရင် တိုင်းရင်းဘက်က လက်ခံနိုင်မယ့် လမ်း‌ကြောင်းတစ်ခု‌တော့ရှိတယ်။ ခွဲမထွက်ရကို ထည့်သွင်း‌ပေး ထားပြီး‌တော့ တိုင်းရင်းသား‌ဒေသ‌တွေကို မတရားကျူး‌ကျော် ကျွန်ပြုခြင်း၊ အနိုင်ကျင့်ခြင်း၊ မတရားဝင်‌ရောက်စွက်ဖက်ခြင်း စတာ‌တွေကို ပြုလုပ်လာပါက အလို အ ‌လျှောက် တိုင်းရင်းသားဘက်က ခွဲထွက်ချင်၊ ခွဲထွက်လို့ရတယ်ဆိုတဲ့ အချက် နဲ့ ပြန်လည်ဖြည့်စွက်ထိန်းညှိလို့ ရတယ်လို့ မြင်မိပါတယ်” ဟု ၎င်းက ‌ပြောသည်။

ယင်းခွဲမထွက်ရ စကားရပ်နှင့်ပတ်သက်၍ အစိုးရနှင့်စစ်တပ်တို့သည် တိုင်းရင်းသားများအား ခွဲမထွက်ရဆိုသည့် ကတိကို ‌ပေးမှသာ တန်းတူ‌ရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်‌ပေးနိုင်မည်ဆိုကာ ဓါးပြတိုက်ပြီးပြန်‌ပေးဆွဲ‌နေသလို တူသည်ဟု ကရင်အမျိုး သားပါတီ(KNP)မှ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး မန်း‌ကျော်ငြိမ်းက ‌ကေအိုင်စီသို့‌ပြောသည်။

“ဖက်ဒရယ်ဆိုတာ အဓိပ္ပာယ်က ဆန္ဒအရ ပူး‌ပေါင်းတာဖြစ်တယ်။ ဆန္ဒမရှိရင် ဘာ‌ကြောင့် ခွဲထွက်ခွင့်မရတာလဲ။ အမှန်က ဒါကိုချုပ်ကိုင်တာက မရိုးသားတာပဲလို့မြင်တယ်။ အဲဒီအ‌ပေါ်မှာ‌တော့ ကျ‌နော်တို့က လက်မခံနိုင်ဘူး”ဟု မန်း‌ကျော်ငြိမ်းက ‌ပြောသည်။

အဆိုပါ ခွဲမထွက်ရဆိုသည့် စကားရပ်နှင့်ပတ်သက်၍ ရှမ်းတိုင်းရင်းသားများဒီမိုက‌ရေစီအဖွဲ့ချုပ်(SNLD)က ၁၉၄၇ခုနှစ် တွင် ချုပ်ဆိုခဲ့သည့်ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ပင်လုံစိတ်ဓာတ်၊ ဗိုလ်ချုပ်‌အောင်ဆန်း၏ ပြည်‌ထောင်စုမူနှင့် ဆန့် ကျင်‌နေပြီး တိုင်းရင်းသားစည်းလုံးညီညွှတ်‌ရေးကို ပျက်ပြား‌စေသည့်အတွက် လက်မခံနိုင်‌ကြောင်း ပြီးခဲ့သည့် ‌မေ ၂၅ ရက် ‌နေ့တွင် ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ‌မေ ၂၄ ရက်မှ ၂၉ ရက်အထိ ကျင်းပသည့် ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအ‌ဝေး၊ နိုင်ငံ‌ရေးကဏ္ဍတွင် အဆိုပြုချက် ၂၁ ချက် ‌ဆွေး‌နွေးခဲ့ရာ သ‌ဘောတူညီမှု ၁၂ ချက်ရရှိခဲ့‌သော်လည်း ဖက်ဒရယ်ပြည်‌ထောင်စု အတွက် အာမခံ ချက်များ မပါဝင်‌သေးသလို ခွဲမထွက်‌ရေး အဆိုပြုချက်ကို တတိယအကြိမ် အစည်းအ‌ဝေးတွင် ဆက်‌ဆွေး‌နွေးရန် ‌ရွှေ့ဆိုင်းခဲ့သည်။