Home ထိပ်တန်းသတင်း ကရင်ပြည်နယ်အတွင်း သတင်းသမားများ ခြိမ်း‌ခြောက်၊ ခွဲခြားဆက်ဆံခံရမှုများ ကြုံ‌တွေ့‌နေ

ကရင်ပြည်နယ်အတွင်း သတင်းသမားများ ခြိမ်း‌ခြောက်၊ ခွဲခြားဆက်ဆံခံရမှုများ ကြုံ‌တွေ့‌နေ

2455

ဇွန် ၁၆ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်ပြည်နယ် အ‌ခြေစိုက် သတင်းသမားများအ‌နေဖြင့် သတင်းအချက်အလက်များ ရယူရာတွင် ခြိမ်း‌ခြောက်ခံရမှုများနှင့် ခွဲခြားဆက်ဆံ ခံရမှုများ ကြုံ‌တွေ့‌နေ‌သေးသည်ဟု ပြည်နယ်အ‌ခြေအစိုက် သတင်းမီဒီယာသမားများက ‌ကေအိုင်စီသို့ ထုတ်‌ဖော် ‌ပြောသည်။

ပြည်နယ်အတွင်း သတင်းသမားများအ‌နေဖြင့် ကျင့်ဝတ်နှင့်အညီ အပြုသ‌ဘော‌ဆောင်ကာ အစိုးရ အပါအဝင် အဖွဲ့အစည်း အသီးသီး လုပ်‌ဆောက်ချက် အ‌ကောင်းအဆိုးများကို ဘက်လိုက်မှုမရှိ အမှန်တိုင်း‌ရေးသား‌ဖော်ပြရန် တာဝန်ရှိ‌သော်လည်း လက်‌တွေ့သတင်းများ ‌ရေးသား‌ဖော်ထုတ်ရာတွင် သတင်းသမားအတွက် ခွဲခြားဆက်ခံမှုနှင့် ခြိမ်း‌ခြောက် ခံရမှုများ ရင်ဆိုင် ကြုံ‌တွေ့‌နေရသည်ဟု သူရိယအလင်း သတင်းဌာန၊ ကရင်ပြည်နယ် တာဝန်ခံ ကိုရဲမင်း‌ခေါင်က ဇွန်လ ၁၅ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ သတင်းသမား‌တွေက ကျင့်ဝတ်နဲ့အညီ‌ရေးသား‌ပေမယ့် သတင်းလွတ်လပ်ခွင့်‌တွေ ခွဲခြားခံရမှု‌တွေ ခြိမ်း‌ခြောက်ခံရမှု‌တွေ ရှိ‌နေတုန်းပါပဲ။ ဒါ‌တွေကို သတင်းသမား‌တွေအ‌ပေါ် အစစရာရာ အစိုးရက တာဝန်ယူ၊ တာဝန်ခံ ‌ပေးရ မယ်လို ‌ပြောချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
ထို့အပြင် သတင်းသမားများအ‌နေဖြင့် ပြည်နယ်အတွင်းရှိ အစိုးရ ဌာနဆိုင်ရာများသို့ သတင်းအချက်အလက် သွား‌ရောက် ရယူရာတွင် လုံးဝ ‌တွေ့ဆုံ‌မေးမြန်းခွင့် မရခြင်းများ၊ ပြန်လည် မ‌ဖြေကြားခြင်းများ ယခင်အတိုင်း ရှိ‌နေ‌သေး‌ကြောင်း ‌ရွှေမြစ် မခသတင်း‌အေဂျင်စီ၊ ဖားအံမြို့ခံ သတင်း‌ထောက် ‌မောင်‌မောင်ငြိမ်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

သူက “ကရင်ပြည်နယ်မှာ အစိုးရမီဒီယာ‌တွေကို‌တော့ အမြဲတန်း သတင်းရယူခွင့် ‌ပေးထားတာ‌တွေ့ရပါတယ်။ ပြင်ပ ‌ဒေသခံ သတင်းသမား‌တွေကျ‌တော့ အကန့်အသတ်နဲ့ပဲ ‌ပေးထားတာ‌တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ဒုသမ္မတ လာတုန်းက အစိုးရ သတင်းသမား‌တွေပဲ ဝင်ခွင့်ရပြီး‌တော့ အခြားမီဒီယာသမား‌တွေကို‌တော့ လုံခြုံ‌ရေးအရဆိုပြီး သတင်း ရယူခွင့် ပိတ်ပင်ထားတယ်” ဟု ‌ပြောသည်။

လက်ရှိ ပြည်နယ်အစိုးရ လုပ်‌ဆောင်ချက်များကို အများပြည်သူ သိရှိ‌စေရန် ပြည်နယ်အစိုးရ၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ ဆက်ဆံ‌ရေးဌာနမှ အစိုးရ မီဒီယာများတွင် ထုတ်လွှင့်‌ဖော်ပြ‌ပေးလျှက်ရှိပြီး ပြည်နယ်အစိုးရအ‌နေဖြင့် အခြားပြင်ပ မီဒီယာ များအား ခွဲခြားဆက်ဆံမှုမရှိ တ‌ပြေးညီဆက်ဆံသည်ဟု ကရင်ပြည်နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဌာနနှင့် ဗမာ တိုင်းရင်းသား‌ရေးရာဝန်ကြီး လည်းဖြစ်သူ ဦး‌တေဇထွဋ်လှိုင်‌ထွေးက ‌အေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ မီဒီယာ‌တွေကို ခွဲခြားမဆက်ဆံပါဘူး။ ဒီလိုဖြစ်ရတာက ကျ‌နော်တို့ဘက်က ပြင်ပမီဒီယာ ‌တွေနဲ့‌တော့ ချိတ် ဆက်ဖို့‌တော့ နည်းနည်း‌လေး အားနည်း‌နေ‌သေးလို့ပါ” ဟု ပြည်နယ်ဝန်ကြီး ဦး‌တေဇထွဋ်လှိုင်‌ထွေးက ‌ပြောသည်။

ကရင်ပြည်နယ်တွင် NLD အစိုးရလက်ထက် သတင်းလွတ်လပ်ခွင့် တစုံတရာ မ‌ပြောင်းလဲလာ‌သေးသည့်အပြင် ‌ဒေသခံ သတင်းသမားများ သတင်းရယူရာတွင်လည်း စိန်‌ခေါ်မှုနှင့်ခြိမ်း‌ခြောက်မှုများမှာ ယခင် ဦးသိန်းစိန်အစိုးရ လက်ထက်ထက် ပိုမိုရင်ဆိုင်ကြုံ‌တွေ့‌နေရသည်ဟု ‌ဒေသခံသတင်းသမားများက ‌ပြောဆို‌နေကြသည်။