ဇွန် ၁၇ ရက်၊ ၂၀၁၇ ခုနှစ်။ စောမြတ်ဦးသာ
၂၀၁၆-၂၀၁၇ ပညာသင်နှစ် မြန်မာတစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်မှုစာရင်းကို ယနေ့(ဇွန်လ ၁၇ ရက်) တွင် ထုတ်ပြန်ကြေညာခဲ့ရာ ကရင်ပြည်နယ်အနေဖြင့် ကြာအင်းဆိပ်ကြီး၊ ကြခတ်ချောင်း အ.ထ.က ကျောင်းမှ ၅ နှစ်ဆက် တိုက် အောင်ချက်အကောင်းဆုံးရရှိသည်ဟု ပြည်နယ်ပညာရေး တာဝန်ရှိသူများထံမှ သိရသည်။
ပြည်နယ်အဆင့် အောင်မြင်မှုအနေဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ် ကြခတ်ချောင်း အ.ထ.က ပထမ၊ လှိုင်းဘွဲမြို့နယ် ရွှေဂွန်း အ.ထ.က ဒုတိယနှင့် ကြာအင်းဆိပ်ကြီး အ.ထ.က တတိယ အသီးသီးရရှိသည်ဟု ပြည်နယ်ပညာရေးမှူး ဦးမြင့်စိုးက ကေ အိုင်စီသို့ ပြောသည်။
ပြည်နယ်ပညာရေးမှူး ဦးမြင့်စိုးက “ပြည်နယ်အနေနဲ့ ၆ ဘာသာဂုဏ်ထူး တစ်ယောက်ပါလာတယ်။ အရင်နှစ်က အောင်မြင်မှု သုညရာခိုင်းနှုန်း ၃ ကျောင်းရှိတယ်။ ဒီနှစ်မှာတော့ ကျောင်းတိုင်း အောင်မြင်ကြတယ်။ အားရတာတော့ မရှိသေးဘူ။ ဒီထက်မက တိုးလာဖို့ တွန်းအားပေးပြီး ဆောင်ရွက်သွားမယ်” ဟု ပြောသည်။
ကရင်ပြည်နယ်အနေဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်မှုတိုးလာရန် အထက်တန်းကျောင်းခွဲများသာအများစုရှိပြီး လုံလောက်သည့် ဆရာ၊ ဆရာမ အင်အား မဖြည့်ဆည်းနိုင်သည့်အပြင် လုပ်သက်ရင့် အလယ်တန်းပြ ဆရာများကို မွမ်းမံ သင်တန်းပေးပြီး ခန့်ထားနေရကြောင်းနှင့် ပညာသင်ယူရေး အခွင့်အလမ်းပိုရရှိရန် နိုင်ငံတော်မှ ယခုပညာ သင်နှစ် တွင် ကျောင်းများအဆင့်တိုးမြှင့် ဆောင်ရွက်ပေးနေရသည်ဟု ၎င်းက ဆက်ပြောသည်။
ကြခတ်ချောင်း အ.ထ.ကမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်မော်မော်လွင်က “ ဖြေဆိုသူ ၉၁ ဦးမှာ ၆၈ ဦးအောင်တယ်။ လေးဘာသာဂုဏ်ထူး ၁ ဦး၊ သုံးဘာသာ ၄ ဦး၊ နှစ်ဘာသာ ၁၃ ဦး၊ တစ်ဘာသာ ၂၅ ဦး၊ ၇၄.၇၃ ရာခိုင်နှုန်းရပါတယ်။ ကလေးတွေကို ဇွန်လ ကနေစပြီး နေ့ရော၊ ညပါ ကျောင်းမှာ စခန်းသွင်းပြီး သင်ပေးပါတယ်။ ၈ဝ ရာခိုင်နှုန်းရမယ်လို့ မျှော်လင့်ထားတာ အခုလိုအောင်မြင်မှု ဆက်တိုက်ရတော့ ဝမ်းသာပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၇ဝ၆,ဝ၈၈ ဦးမှ ၂၄၂,၇၃၆ ဦးအောင်မြင်ပြီး တစ်နိုင်ငံလုံး အောင်မြင်မှု ရာခိုင်နှုန်းအကောင်းဆုံးမှာ မွန်ပြည်နယ်မှ ၄၁.၁၂ ရာခိုင်နှုန်း၊ အောင်ချက် အနည်းဆုံးမှာ ရခိုင်ပြည်နယ်မှ ၁၆.၁၇ ရာခိုင်နှုန်းဖြစ်ကာ ကရင်ပြည်နယ်နေဖြင့် ဖြေဆိုသူ ၁၆,ဝ၁ဝ ဦးမှ၊ ၄,၇၁၈ ဦးအောင်မြင်မှုရရှိသည်ဟု ပညာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။