ဖားအံမြို့နယ်အတွင်း ကော့ရင်းအထက်ကျေးရွာအုပ်စုနှင့် နောင်ကျန်ကျေးရွာအုပ်စုအကြားရှိ တောင်ကလေးတောင် (လမ်းခင်းကျောက်)ကျောက်ထုုတ်လုပ်ငန်းအပေါ် ယင်းကျောက်တောင်နှင့် အနီးဆုံး နေထိုင်ကြသည့် သီတာအေးလှိုဏ်ဂူ ကျောင်းထိုင်ဆရာတော်နှင့် တောင်ကုန်း(လယ်ကော်ခို့) ရွာသူရွာသား အချို့အား ကေအိုင်စီမှ ဇွန် ၂၁ ရက်နေ့တွင် သွားရောက်တွေ့ဆုံမေးခဲ့သည်။
တောင်ကလေးတောင် ကျောက်ထုတ်လုပ်ငန်းတွင် သဘာဝဘေးပတ်ဝန်းကျင် ထိခိုက်မှုများ ရှိသည့်အတွက် ရပ်တန့်ပေးရန် တောင်ကုန်းကျေးရွာ ဒေသခံများမှာ သက်ဆိုင်ရာ ပြည်နယ်အစိုးထံသို့ ကန့်ကွက်စာ အကြိမ်ကြိမ် တင်ပြထားသည်။ သို့သော် ကျောက်ထုတ်လုပ်ငန်းမှာ ယခုအချိန်ထိ ဆက်လက် လည်ပတ်လျှက်ရှိသည်။
တောင်ကုန်းကျေးရွာသည် ကရင်ပြည်နယ် ဖားအံမြို့နယ်၊ ကော့ရင်းအထက် ကျေးရွာအုပ်စုရှိ တောင်ကလေးကျောက်တောင် အရှေ့ဘက်ခြမ်း ကျောက်ထုတ်လုပ်ငန်းနှင့် နှစ်ဖာလုံသာ ကွာဝေးသော အိမ် ၇ဝ ကျော် အခြေစိုက်သည့် ကရင်လူမျိုးကျေးရွာဖြစ်သည်။
စောမြတ်ခိုင် (တောင်ကုန်းကျေးရွာသူကြီး-ရာအိမ်မှူး)
လုပ်ငန်းရှင်တွေဟာ အစမထမမှာက သူ့ဟာသူ ကျောက်ထုတ်လုပ်ငန်းကို လုပ်နေတာပေါ့။ လုပ်ရင်းနဲ့ မိုင်းဖောက်ခွဲမှုဟာ ပိုပြီး ပြင်းထန်လာတော့ ကျနော်တို့ ရွာသားတွေက မခံနိုင်တဲ့အတွက် ၂၀၁၆၊ မတ်လ ၂၅ ရက်နေ့မှာ စတင်ကန့်ကွက်မှု လုပ်ဆောင်ခဲ့ပါတယ်။ ကျနော်တို့ ကန့်ကွက်မှုတွေ မလုပ်မီ စကားနဲ့ပဲ လုပ်ငန်းရှင်တွေကို တစ်ကြိမ်၊ နှစ်ကြိမ်လောက် မိုင်းကို ပြင်းပြင်ထန်ထန် မဖောက်ခွဲဖို့ ပြောပါသေးတယ်။ ပြောလေ မိုင်းခွဲမှုက အသံပိုကျယ်လာလေပါပဲ။
အဲလို မိုင်းကို ပြင်းပြင်ထန်ထန် မဖောက်ခွဲဖို့ တောင်းဆိုထားပေမယ့် နားမထောင်ဘဲ ဖောက်မြဲဖောက်နေခဲ့တဲ့အတွက် ကျနော်တို့ရွာက ကလေးမွေးကင်းစ အိမ်ထောင်သည်အမျိုးသမီး (ကျေးရွာအရံသားဖွား ဆရာမ)တစ်ဦးဆိုရင် သတိမေ့မျှောတဲ့အထိ ဖြစ်ဖူးတဲ့ ဖြစ်စဉ်တစ်ခုရှိတယ်။ အဲဒီကနေစပြီး ရွာသားတွေ စုစည်းကြပြီး ပိုကန့်ကွက်မှုတွေ လုပ်တဲ့အတွက် သူတို့ကလည်း မိုင်းခွဲတာ နည်းနည်းလျှော့ပေးတယ်ပေါ့။ ဒါပေမယ့် နှစ်ရက်၊ သုံးရက်နေပြီး အရင်ကလိုပဲ မိုင်းအသံတွေ ပိုကျယ်လာတာပါပဲ။
နောက် ဒီကျောက်မိုင်း ဖောက်ခွဲမှုဟာ မပြင်းထန်ကတည်းက ကျောက်တောင်နဲ့ နီးတဲ့ ကျနော်ဦးလေး အိမ်နှစ်အိမ် ပြောင်းရွှေ့ခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။ ဆက်နေရင် အန္တရာယ်ရှိတဲ့အတွက် ရွာအတွင်းဘက်ကို အိမ်ပြန်လာဆောက်ရတာပေါ့။ နောက်ဖြစ်စဉ်တစ်ခုက ၂၀၁၆ ခုနှစ်အတွင်းမှာပါပဲ။ မိုင်းဖောက်လို့ လန့်တဲ့အတွက် ချက်ပြုတ်နေတဲ့ အမျိုးသမီးတစ်ဦးဟာလည်း လဲကျခဲ့တာ ရှိခဲ့ဖူးတယ်။ သူမကတော့ ဘုရင်ဂျီရွာကနေ ကျနော်တို့ရွာကို အမျိုးနဲ့ လာနေတဲ့ သူပေါ့။ မိုင်းခွဲသံကို လန့်လို့ သူလဲကျပြီးနောက်ပိုင်း ရွာပြန်နေပြီး လာမလည်တော့တာ ခုထိပါပဲ။
လုပ်ငန်းရှင်တွေဟာ ကျနော်တို့ ကန့်ကွက်မှုတွေ စတင်လုပ်လာတာနဲ့အမျှ အရင်က ကျနော်တို့ရွာသားတွေကို တစ်ခါမှ မပြောခဲ့ဖူးတဲ့ အကူအညီပေးတဲ့ ကိစ္စတွေ ပြောလာတယ်။ ရွာလမ်း ပြင်ပေးမယ်၊ ဘာညာပေါ့။ အရင်ကဆိုရင် သူတို့ကျောက်လုပ်ငန်းနေရာမှာ ကျတဲ့ ကျောက်အပိုင်းအစတွေကိုတောင် သွားကောက်တာနဲ့ မောင်းထုတ်တာပဲ။ ကန့်ကွက်မှု စလုပ်ရော၊ ခေါ်ပေးတာတောင် လုပ်လာတယ်။
ကျနော်တို့ ရွာသားတွေ ကန့်ကွက်လို့ အခုဆိုရင် ကျောက်မိုင်းဖောက်တာ အရှိန် လျှော့ချလာပေမယ့် ကားကျောက်ထုစက်နဲ့ ကျောက်ခဲထုတဲ့ အသံက နေ့စဉ်ရက်ဆက် ဆိုသလို ရှိနေသေးတယ်။ တော်တော်ကို မခံနိုင်ဘူး။ ကျန်းမာရေး မကောင်းတဲ့ သူတွေအတွက် ပိုခံစားရ ခက်ပါတယ်။
နော်အေးအေး (ကျောက်မိုင်းကြောင့် သတိမေ့မျှော်ခဲ့ဖူးသူ တောင်ကုန်းကျေးရွာအမျိုးသမီး)
ကျောက်မိုင်းဖောက်တဲ့ အသံက တအားကျယ်တော့ ကျမ မခံစားနိုင်ခဲ့ဘူး။ အိမ်ဆိုလည်း တအိမ်လုံး တုန်ခါတယ်။ မိုင်းဖောက်တဲ့အချိန်မှာ ကျမရေသောက်ဖို့ ကိုင်ထားတဲ့ (ဂိုင်းခွက်)လက်ကိုင်ဖန်ခွက်ဆိုလည်း တုန်ခါမှုကြောင့် ကျကွဲတာလည်း ရှိခဲ့ဖူးတယ်။ ဒီလို ပြင်ထန်တဲ့ တုန်ခါမှုတွေ ကျမနေတဲ့ အိမ်မှာ မဟုတ်ပါဘူး။ ကျမအနီးအနားက အိမ်တွေဆိုလည်း အလားတူ ခံစားကြရပါတယ်။
နောက် ကျမကြုံတွေ့ရတာ တစ်ခုက ကော့ရင်းအထက်ရွာက ကျမအိမ်ကို လာလည်တဲ့ အစ်မတစ်ယောက်ဆိုရင် မိုင်းဖောက်ကွဲတာ ပြင်းထန်အသံနဲ့ တုန်ခါမှုကြောင့် ထိတ်လန့်ပြီး နေမထိုင်၊ ထိုင်မထိ ချွေးဇောကြီးတက်၊ လဲကျခဲ့ရတဲ့ အဖြစ်အပျက်လည်း ရှိခဲ့ဖူးတယ်။ ခြေလက်တွေကလည်း အေးလို့ပေါ့။ သူ လုံးဝ မခံစားနိုင်ခဲ့ဘူး။ ဒါကလည်း ဆိုလိုတာက မူးလဲပြီး မေ့သွားမလောက် ဖြစ်သွားရတဲ့ အခြေအနေပေါ့။
ကျမကိုယ်တိုင်ကတော့ ကလေးမွေးကင်းစ အချိန်လည်းဖြစ်တော့ မိုင်းခွဲသံကလည်း ကျယ်တော့ မခံနိုင်ခဲ့ဘူးပေါ့။ စိတ်ဆိုရင် တတုန်တုန် ဆောင့်တက်လာတယ်။ မူးလည်း မူးဝေနေတယ်။ လုံးဝ ခံစားလို့ မရတဲ့ အထိပါပဲ။ နောက်ဆုံး မေ့မျှောသွားတဲ့ အထိပေါ့ရှင်။
ဒီကျောက်တောင်ရဲ့ ကျောက်ထုတ်လုပ်ငန်းကို ကျမတို့ရွာကို ထိခိုက်မှုရှိတဲ့အတွက် ဒါကို လုံးဝ ရပ်စဲသွားစေချင်တယ်။ ဆက်လုပ်မယ်ဆိုရင် တမျိုးမျိုး၊ တဖုံဖုံ ကျမတို့ ဆက်လက်ပြီး ခံစားနေရဦးမှာ ဖြစ်ပါတယ်။ အခုအချိန်အထိ မိုင်းခွဲမယ်၊ မိုင်းခွဲမယ်လို့ အော်သံကြားရင် ကျမစိတ်ထဲမှာ ရင်တထိတ်ထိတ် ဖြစ်နေဆဲပါပဲ။ အသံက ကျယ်မလား၊ တိုးမလားပေါ့။
တောင်ကနေ ကျောက်တွေကို ကားနဲ့ သယ်တဲ့အခါမှာလည်း ရွာကို ဖြတ်ရတာပေါ့နော်။ နွေရာသီဆိုရင် ဖုန်မုန့်တွေ တော်တော်ထတယ်။ ရွာသားတွေ ဖုန်တွေကို ရှူလာတာ နှစ်မနည်းတော့ဘူး။ အထူးသဖြင့် ကလေးတွေဆိုရင် ကိုယ်ခံအား မကောင်းဘူး။ ၂၀၁၅-၁၆ အတွင်းမှာ ကျမတို့ ရွာမှာ တီဘီရောဂါဖြစ်တဲ့ ကလေး လေးဦး ရှိပါတယ်။ ဒီကျောက်တောင်နဲ့ ပတ်သက်ပြီး အားလုံး ခြုံကြည့်ရင် အဖက်ဖက်က ကျမတို့ ဒေသခံတွေအတွက် ခံရတဲ့ အရာတွေပဲ များနေပါတယ်။ ဒါကြောင့် လုပ်ငန်းကို လုံးဝ ပိတ်ဖို့ ကျမတို့ ဆန္ဒရှိတယ်။ ပိတ်ဖို့အတွက်လည်း ပြတ်ပြတ်သားသားကို ကန့်ကွက်ပါတယ်။
နော်မိ (ကျောက်ထုတ်လုပ်ငန်းကြောင့် လယ်မြေပျက်စီးခဲ့ရသူ တောင်ကုန်းကျေးရွာ အမျိုးသမီး)
ကျမရဲ့ လယ်မြေက တစ်ဧက ကျော်တယ်။ ကျောက်လုပ်ငန်း မရှိစဉ်အခါက နှစ်စဉ် စပါးစိုက်ပါတယ်။ စပါးတင်း ၄ဝ ကျော်အထိ ထွက်ပါတယ်။ ကျောက်လုပ်ငန်း လာလုပ်ပြီးနောက်မှ မိုင်းခွဲလို့ လယ်ကွင်းမှာ ကျလာတဲ့ ကျောက်တွေကို ကောက်ပြီး ရသလောက် စပါးစိုက်တာပေါ့။ ကျောက်တွေကောက်ပြီး ရသလောက် စိုက်တာတော့ စပါးတင်း၂ဝ ကျော်၊ ၃ဝ ကျော် ထွက်တာပေါ့။ ဒါပေမယ့် ကျောက်ကျလာတာ တဖြည်းဖြည်း များလာတော့ ပြီးခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်ကစပြီး လယ်မလုပ်တော့ဘူး။ ဒီလိုပဲ ထွန်ယက်ပြီး စပါးမျိုးစေ့ကို ကျဲတာပေါ့။
လယ်ကွင်းမှာ ကျလာတဲ့ ကျောက်တုံးခဲတွေက အကြီးကော၊ အသေးကော အမျိုးမျိုးပေါ့။ အကြီးဆိုရင် ပိဿာချိန် တစ်ထောင်ကျော်အထိ ရှိတဲ့ တစ်လုံးစ၊ နှစ်လုံးစ ရှိပါတယ်။ ကျောက်ခဲလေးတွေကတော့ တော်တော်များတယ်။ မိုင်းဖောက်လို့ ကျောက်စင်တာ ရွာထဲအထိ ရှိပါတယ်။ အိမ်ရှေ့မှာ ကစားတဲ့ ကလေး သုံးယောက်ကို ငါးပိဿာလောက်ရှိတဲ့ ကျောက်ခဲတစ်လုံးက သူတို့ဘေးမှာ လွှင့်လာတာ မထိလို့ တော်သေးတာပေါ့။
အရင်က မိသားစုထဲမှာ လူနည်းတယ်။ အခုက များလာတယ်လေ။ လယ်လုပ်တာလည်း အဆင်ပြေတော့တဲ့အတွက် ဝမ်းစာအတွက် အခက်အခဲတော့ ရှိတာပေါ့။ အခုက လယ်ကလည်း လုပ်မရတော့ဘူး။ လုပ်မယ်ဆိုတော့ ကျောက်ခဲ တော်တော်ကောက်ရတယ်။ နောက်ပြီး ကျမလယ်ကို လာတောင်းဝယ်တာ ရှိပါတယ်။ ကျမရောင်းရင် ကျမမိသားစုအတွက်ပဲ ရမယ်။ ရွာသားတွေအတွက်က နစ်နာမယ်။ ဆိုတော့ ကျမ အခုထိ မရောင်းပါဘူး။ ရောင်းဖို့ လာပြောတာက ကျမတူပေါ့နော်။ သူပြောတာက “အဒေါ်ရဲ့ လယ်ကို ဗမာကို ရောင်းပေးလိုက်ပါလား။ ဒီအတိုင်းထားရင် ကျောက်ကျလာဖို့ လုပ်စားလို့လည်း အဆင်မပြေဘူး။ ရောက်လိုက်တာ ကောင်းတယ်”ပေါ့။ ဒါပေမယ့် ကျမ မရောင်းဘူးလို့ ဘူးခံလိုက်တာ အခုထိပေါ့။
အဲလိုပဲ ကျောက်မိုင်းခွဲလို့ ကျမ လယ်ထဲမှာ ကျလာတဲ့ ကျောက်ခဲတွေအတွက် လျော်ကြေးပေးတာမျိုးလည်း မရှိပါဘူး။ တောင်ကလေးကျောက်တောင်ဟာ ဂူရှိပါတယ်။ အရင်ကဆိုရင် ကျမတို့ ရွာသားတွေ အဲဒီဂူပေါက်ရဲ့ ရေထဲမှာ ငါးရှာတာ ရှိခဲ့တယ်။ မိုင်းခွဲလို့ ဂူပေါက်ပိတ်ပြီး လျှံကျတဲ့ ကျောက်ခဲတွေဟာ ကျမလယ်ထဲကို အများကြီး ဝင်လာတယ်။ နောက်ပြီး ကျမလယ်မြေဘေးမှာ ရှိတဲ့ ရာဘာခြံ(ကော်ခြံ)ကို ထိလို့ ရာဘာပင် ခုနှစ်ပင်လောက် ပျက်စီးခဲ့ဖူးတယ်။ အဲဒီအတွက် လုပ်ငန်းရှင်က ရာဘာတစ်ပင်ကို ငါးသောင်းကျပ်နှုန်းနဲ့ လျော်ကြေးပေးဖူးတာ ရှိပါတယ်။ ဒါပေမယ့် ကျမကို ခြောက်ပင်ဖိုးပဲ ပေးပါတယ်။ သုံးသိန်း ပေးပါတယ်။ ဒီကျောက်လုပ်ငန်းက အခုဆိုရင် မိုင်းပေါက်ကွဲသံတွေ တိုးလာပေမယ့် ကျမတို့ဒေသခံတွေအတွက် အကျိုးခံစားမှု ဘာမှ မရှိပါဘူး။ ဒါကြောင့် ပိတ်လိုက်လို့ ရရင် အရမ်းဝမ်းသာမယ်။ တစ်ရွာလုံးအတွက်လည်း တော်တော် အဆင်ပြေသွားမှာ ဖြစ်ပါတယ်။